မတ် ၂၉ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - နတ်ရေကန်ဗျူဟာအနီး AA ပူးပေါင်းတပ်နဲ့ စစ်တပ် တိုက်ပွဲပြင်းထန်

ဖတ်ရန်အချိန်: မိနစ် ၁၃

မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျူဟာစခန်းအနီးမှာ အာရက္ခတပ်တော်(အေအေ)ဦးဆောင်တဲ့မဟာမိတ်တပ်တွေနဲ့ စစ်တပ်တို့ ဒီနေ့အထိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ မြေပြင်အခြေအနေသိတဲ့ စစ်ရေးသတင်းရင်းမြစ်က ဘီဘီစီကို ပြောပါတယ်။

အေအေက နတ်ရေကန်ဗျူဟာစခန်းရဲ့ကာကင်းတွေကို တိုက်ခိုက်ပြီး ဗျူဟာစခန်းကို ပိတ်ဆို့ထားတဲ့အခြေအနေလို့ သိရပါတယ်။

ဒါကြောင့် စစ်တပ်က နတ်ရေကန်ဗျူဟာကို တပ်ကူအင်အားဖြည့်ဖို့ စခန်းတဝိုက်က ရွာတွေကို စစ်ကြောင်းထိုးတာတွေ ရှိနေတယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

"နတ်ရေကန်ကို တက်နိုင်ဖို့ ပဇီလမ်းနဲ့ ဂုတ်ကြီးလမ်းဘက်က‌နေ အင်အားဖြည့် (စစ်ကြောင်း) ထိုးနေတာပါ" လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မတ် ၂၅ ရက်ကလည်း နတ်ရေကန်ဗျူဟာရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ မန်းချောင်ဆည်နဲ့ အမှတ် ၁၄ စစ်လက်နက်ပစ္စည်းစက်ရုံ (ကပစ ၁၄) ဘက်ကို ထိုးလာတဲ့စစ်ကြောင်းကို ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)နဲ့ လူ့ဘောင်သစ်တပ်မတော် (NSA)တို့ ပူးပေါင်းတိုက်ခဲ့ပါတယ်။

အင်အား ၅၀ ပါတဲ့ စစ်တပ်ရဲ့စစ်ကြောင်းက စစ်သား ၂၀ ဦး အဲဒီတိုက်ပွဲအတွင်း သေဆုံးပြီး ၅ ဦးဒဏ်ရာရတယ်လို့ CDF-Asho အဖွဲ့က သူတို့ရဲ့ထုတ်ပြန်ချက်မှာ ပြောပါတယ်။ ဒါပေမဲ့ ဒီထိခိုက်သေဆုံးမှု အရေအတွက်ကို ဘီဘီစီအနေနဲ့သီးခြားအတည်မပြုနိုင်ပါဘူး။

ဒီရက်ပိုင်းမှာလည်း စစ်တပ်စစ်ကြောင်းဟာ ငဖဲ-စေတုတ္တရာ ကားလမ်းဘေးက ရွာတွေကို ဝင်ရောက်နေဆဲဖြစ်တယ်လို့ စစ်ရေးရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ နတ်ရေကန်ဗျူဟာဘက်ကိုလည်း စစ်တပ်က လေကြောင်းကနေ တိုက်လေယာဥ်နဲ့ ဒရုန်းအသုံးပြုတိုက်ခိုက်နေပြီး လိုင်ရွာနဲ့ ပဇီရွာတွေမှာ လေကြောင်းဒဏ်ကို အပြင်းအထန်ခံနေရတယ်လို့ သူက ပြောပါတယ်။

စစ်တပ်ဘက်ကတော့ နတ်ရေကန်ဗျူဟာဘက်က တိုက်ပွဲ အခြေအနေတွေကို သတင်းထုတ်တာမရှိသေးပါဘူး။

အာရက္ခတပ်တော်(အေအေ)က ရခိုင်ပြည်နယ်က မြို့နယ်အများစုကို သိမ်းယူအပြီး ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ပြည်နယ်ထွက်ပေါက်အဖြစ် နယ်မြေဆက်စပ်နေတဲ့မကွေးတိုင်းထဲကို အမ်း-ပဒါန်းလမ်းအတိုင်း ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

မိုင် ၁၀၀ နီးပါးရှည်လျားတဲ့ အမ်း - ပဒါန်းလမ်းကို အာရက္ခတပ်တော်(အေအေ)နဲ့ ပူးပေါင်းတပ်တွေဘက်က အလုံးစုံ ထိန်းချုပ်နိုင်ရင် မကွေးတိုင်းအတွင်းက ကာကွယ်ရေးပစ္စည်းစက်ရုံတွေကို စစ်ရေးအရ ခြိမ်းခြောက်နိုင်မှာဖြစ်တယ်လို့ စစ်ရေးသုံးသပ်သူတွေက ဆိုပါတယ်။

လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ နတ်ရေကန်ဗျူဟာကို လက်လွှတ်လိုက်ရရင် ပဒါန်းတပ်နယ်ထဲက အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ၊ အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ အမြောက်တပ်ရင်းတွေကို စစ်ရေးခြိမ်းခြောက်လာနိုင်တာကြောင့် စစ်တပ်က အပြင်းအထန်ခုခံနေတာလို့လည်း သုံးသပ်သူတွေက ပြောပါတယ်။

ထိုင်းက မြန်မာကို စက်သုံးဆီဆက်ရောင်းပေးတာ ဘာကြောင့်လဲ

အရှေ့အလယ်ပိုင်းဒေသက ပဋိပက္ခကြောင့် ထိုင်းပြည်တွင်းမှာတောင် စက်သုံးဆီချွေတာရေး စီမံချက်တွေလုပ်နေရချိန် မြန်မာကို စက်သုံးဆီလီတာ ၃ သိန်းဝန်းကျင် နေ့စဥ်ဆက်လက်ရောင်းချ ပေးနေပါတယ်။

ဒီလိုဆက်လက်ရောင်းချမှုအပေါ် မေးခွန်းထုတ်တာတွေရှိလာတဲ့အတွက် ထိုင်းအစိုးရဘက်က ရှင်း လင်းပြောကြားလာတယ်လို့ ထိုင်းသတင်းဌာနဖြစ်တဲ့ The Nation က ဖော်ပြပါတယ်။

ထိုင်းနိုင်ငံကနေ ပြည်ပကို စက်သုံးဆီတင်ပို့ရောင်းချတာရပ်တန့်ထားပေမဲ့ မြန်မာနဲ့ လာအိုကို တစ်ရက်လီတာ ၅ သန်းမကျော်တဲ့ ပမာဏနဲ့ ဆက်လက်ရောင်းချပေးနေတာပါ။

လာအိုကို လီတာ ၄ သန်းကျော်နဲ့ မြန်မာကို လီတာ ၃ သိန်းဝန်းကျင်ရောင်းချနေတာဖြစ်ပါတယ်။

ဒီလိုရောင်းပေးတာဟာ မြန်မာကနေ သဘာဝဓာတ်ငွေ့ကို ပိုက်လိုင်းကတဆင့် ဝယ်ယူတာနဲ့ ထုတ်လုပ်တာတွေ လုပ်ကိုင်နေရတာကြောင့်လို့ ထိုင်းသတင်းကဖော်ပြပါတယ်။

လာအိုနဲ့မြန်မာကို စက်သုံးဆီဆက်လက်တင်ပို့နေတာဟာ နှစ်နိုင်ငံလုံးနဲ့ စွမ်းအင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တစိတ်တပိုင်းအတွက် ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေဘက်က ဆိုထားတာပါ။

ထိုင်းကနေ စက်သုံးဆီဆက်လက်တင်ပို့ပေးနေတာဟာ နိုင်ငံရဲ့ စွမ်းအင်စီမံခန့်ခွဲမှု မဟာဗျူဟာ တစိတ်တပိုင်းဖြစ်တယ်လို့လည်း ထိုင်းအစိုးရရဲ့အရှေ့အလယ်ပိုင်းတိုက်ပွဲစောင့်ကြည့်ရေးစင်တာ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်တယ်လို့ ဆိုထားပါတယ်။

ထိုင်းပြည်တွင်းမှာ အသုံးပြုနေတဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် LNG ဈေးနှုန်းတွေ မြင့် တက်လာနေချိန်မှာ ထိုင်းကိုသဘာဝဓာတ်ငွေ့ရောင်းချပေးတဲ့ မြန်မာနဲ့လာအိုကို စက်သုံးဆီဆက် ရောင်းပေးနေတဲ့ မဟာဗျူဟာကို ထိုင်းဘက်က အသုံးပြုနေတာဖြစ်တယ်လို့ နားလည်ရပါတယ်။

ထိုင်းနိုင်ငံရဲ့ PTTEP ကုမ္ပဏီဟာ မြန်မာ့ စွမ်းအင်နဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE နဲ့ လက်တွဲ လုပ်ကိုင်နေတဲ့ အကြီးဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ပါတယ်။

MOGE ဟာ မြန်မာစစ်တပ်အတွက် အကြီးဆုံး နိုင်ငံခြားဝင်ငွေရလမ်းဖြစ်တာကြောင့် နိုင်ငံတကာ ပိတ်ဆို့မှုတွေ ခံနေရပေမဲ့ PTTEP ဘက်က ဆက်လက်လက်တွဲလုပ်ကိုင်နေတာဖြစ်ပါတယ်။

မြန်မာ့ကမ်းလွန်လုပ်ကွက်တွေဖြစ်တဲ့ ရတနာ၊ ဇောတိကနဲ့ M3 လုပ်ကွက်တွေကနေ သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်ယူတာတွေလုပ်နေတာ ဖြစ်ပါတယ်။

ဒီကရရှိတဲ့သဘာဝဓာတ်ငွေ့တွေနဲ့ ရတ်ချာဘူရီဓာတ်အားပေးစက်ရုံမှာ လျှပ်စစ်ထုတ်လုပ်ပြီး နိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေတာဖြစ်ပါတယ်။

အမေရိကန်တပ်တွေ ဝင်အလာကို အသင့်စောင့်နေတယ်လို့ အီရန်ပြော

အရှေ့အလယ်ပိုင်းဒေသကို အမေရိကန် မရိန်းတပ်သားတွေ ပိုတိုးဖြန့်ကြက်နေချိန်မှာပဲ အမေရိကန်တပ်တွေ ရောက်လာရင် တိုက်ခိုက်ဖို့ အီရန်တပ်တွေ အသင့်ပြင်ထားတယ်လို့ အီရန်ဘက်က ပြောလာပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို တိုက်ခိုက်တဲ့ ရက် ၃၀ ပြည့်မှာ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမတ် ဘာဂါ ဂါလီဘတ်ဖ်က အခုလိုပြောတယ်လို့ဆိုပြီး အီရန်သတင်းဌာနတွေက သတင်းထုတ် ရေးကြတာဖြစ်ပါတယ်။

အမေရိကန် စစ်သင်္ဘောကြီး ယူအက်စ်အက်စ် ထရီပိုလီနဲ့အတူ ဒေသတွင်းကို တပ်အင်အား ၃,၅၀၀ ဝန်းကျင်ရောက်နေပြီလို့ အမေရိကန်ဘက်က ထုတ်ပြောအပြီးမှာ သူ့ မှတ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

"အီရန်မြေကို အမေရိကန်စစ်သားတွေ ဝင်တိုက်တာနဲ့ ကျည်မိုးရွာသလို အလုံးအရင်းနဲ့ပြန်တိုက်ဖို့ စောင့်နေတယ်" လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုလိုက်ပြီလားဆိုတာ မသဲကွဲသေးပေမဲ့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ကတော့ အီရန်မှာ မြေပြင်စစ်ဆင်ရေး သီတင်းပတ်ချီ လုပ်နိုင်အောင် ပြင်ဆင်နေတယ်လို့ဆိုပြီး ဝါရှင်တန်ပို့စ် သတင်းစာက ရေးပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကတော့ အီရန်မှာ မြေပြင်တပ်ဖွဲ့ဝင်တွေ မပါဘဲ လိုချင်တဲ့ ရည်မှန်းချက်တွေ ရအောင်ယူနိုင်တယ်လို့ သောကြာနေ့မှာ ပြောပါတယ်။

အီရန်ကို အမေရိကန်နဲ့ပူးပေါင်းတိုက်နေတဲ့ အစ္စရေးကတော့ တီဟီရန်က ယာယီကွပ်ကဲရေးစင်တာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ပါတယ်။

ဒီအတောအတွင်းမှာပဲ ယီမင်က အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေကလည်း စနေနေ့တုန်းက အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး လာမယ့်ရက်တွေအတွင်း တိုက်ခိုက်တာတွေ ထပ်လုပ်ဖို့ရှိတယ်လို့ ပြောပါတယ်။

အရှေ့အလယ်ပိုင်းဒေသစစ်ဆင်ရေးတွေကို ကွပ်ကဲတဲ့ အမေရိကန်စစ်ဌာနချုပ် (CentCom) ကတော့ အီရန်က Epic Fure စစ်ဆင်ရေးအတွင်း ပစ်မှတ်ပေါင်း ၁၁,၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်ရေးအတွက် ပျံသန်းမှု ၁၁,၀၀၀ ကျော်လုပ်ခဲ့သလို အီရန်သင်္ဘော ၁၅၀ ကျော်ကိုလည်း ပျက်စီးအောင် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အီရန်အစိုးရလုံခြုံရေးယန္တရားကို ဖြိုခွင်းနိုင်မယ့် ပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်နေပြီး ခြိမ်းခြောက်မှုမြင့်တဲ့နေရာတွေကို ဦးစားပေးတိုက်ခိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

အီရန်ဘက်ကတော့ အမေရိကန်နဲ့ အစ္စရေးဟာ ကျောင်းလိုမျိုး အရပ်ဘက်အဆောက်အဦးတွေကို ဦးတည်တိုက်ခိုက်တယ်လို့ ဆိုထားပါတယ်။

ကလေး ၁၁၀ ဦးအပါအဝင် လူပေါင်း ၁၆၈ ဦးသေဆုံးခဲ့တဲ့ အီရန်တောင်ပိုင်းက စာသင်ကျောင်း တိုက်ခိုက်ခံရမှုကိုတော့ အမေရိကန်နဲ့ အစ္စရေးနှစ်နိုင်ငံလုံးက ငြင်းဆိုထားကြပါတယ်။

အေအေက ဘင်္ဂလားဒေ့ရှ် ရေလုပ်သား ၁၃ ဦးနဲ့ ငါးဖမ်းလှေအချို့ကို နတ်မြစ်ဝမှာ ဖမ်းဆီး

အာရက္ခတပ်တော်(အေအေ)က ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေ ၃ စီးနဲ့ ရေလုပ်သား ၁၃ ဦးကို မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်၊ ရခိုင်ပြည်နယ်ထဲက နတ်မြစ်ဝမှာ ဖမ်းဆီးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ‌ဖော်ပြပါတယ်။

အေအေက ရေလုပ်သားတွေနဲ့ ငါးဖမ်းလှေတွေကို ကော့ဆက်ဘဇားခရိုင်၊ တက်နက်ဖ်မြို့နဲ့ကပ်လျက်က နတ်မြစ်ဝမှာ မနေ့က မနက်ပိုင်းတုန်းက ဖမ်းသွားတာလို့လည်း ဆိုပါတယ်။

ရေလုပ်သားတွေနဲ့ ငါးဖမ်းသင်္ဘောတွေဟာ ဘင်္ဂလား‌ဒေ့ရှ် နိုင်ငံတောင် ဘက်စွန်းပိုင်း မြန်မာနဲ့ နယ်စပ်မှာရှိတဲ့ ရှာပိုရီကျွန်းကို ပြန်လာချိန် ဖြစ်ပါတယ်။

သူတို့ဟာ မြန်မာနယ်စပ်နဲ့နီးတဲ့ နစ်ခိအန်ဒီးယားရေပြင်မှာ ငါးဖမ်းပြီး တက်နက်ဖ်မြို့ဘက်ကို အပြန်ဖမ်းဆီးခံလိုက်ရတာလို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေက ရေးပါတယ်။

အခုလို ရေလုပ်သားတွေ မကြာခဏဖမ်းဆီးခံရတဲ့သတင်းကြောင့် ဘင်္ဂလားဒေ့ရှ်ရေလုပ်သားတွေ ကြားမှာ စိုးရိမ်မှုမြင့်တက်နေတယ်လို့လည်း ဆိုပါတယ်။

အာရက္ခတပ်တော်(အေအေ)က ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကို ထိန်းချုပ်ပြီးတဲ့နောက် ရခိုင်ရေပိုင်နက်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နမိတ်ထိစပ်တဲ့နတ်မြစ်ကို ထိန်းချုပ်ထားပါတယ်။

နတ်မြစ်ကို ထိန်းချုပ်ပြီးတဲ့နောက် မြန်မာရေပိုင်နက်ထဲ တရားမဝင် ငါးဖမ်းတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားတွေကို ဖမ်းဆီးတာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဆီ လွှဲပြောင်းတာတွေပြုလုပ်လာတာ ဖြစ်ပါတယ်။

အာရက္ခတပ်တော်(အေအေ)ဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်ရေလုပ်သား အနည်းဆုံး ၅၀၀ ဦးကို ဖမ်းဆီးခဲ့ပြီး ၃၀၀ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့လည်း သတင်းတွေမှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ အေအေက သူတို့ဖမ်းထားတဲ့ ရေလုပ်သား ၇၃ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)ကနေ တဆင့် ပြန်လွှဲခဲ့ပါတယ်။ ဒါပေမဲ့ ဖမ်းဆီးခံထားရဆဲ ရေလုပ်သား ၂၀၀ ဝန်းကျင်ကျန်ရှိနေသေးတယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေက ဆိုပါတယ်။

မြန်မာသိန်းချီရှိတဲ့ ချင်းမိုင်မြို့မှာ လေထု ခရမ်းရောင်အဆင့်ရောက်

ကုန်ထုတ်လုပ်ရေး စက်ရုံနဲ့ ယာဥ်အစင်းရေ များပြားတဲ့ ရန်ကုန်မြို့မှာတော့ ဒီနေ့ မနက်ပိုင်း လေထုအရည်အသွေး ဆိုးရွားတဲ့အနီရောင်အဆင့်အမှတ်(AQI) ၁၅၈ ကို ရောက်နေတယ်လို့ လေထုအရည်အသွေး စောင့်ကြည့်မှတ်တမ်းတင် သတိပေးတဲ့ IQAir ရဲ့မှတ်တမ်းမှာ ဖော်ပြနေပါတယ်။

လေထုအရည်အသွေးအမှတ် ၁၅၁ ကနေ ၂၀၀ အထိကို အနီရောင်အဆင့် သတ်မှတ်ပြီး ဒီအဆင့်မှာရှိနေတဲ့ လေထုဟာ အားလုံးအတွက် မကောင်းဘဲ ထိခိုက်လွယ်သူတွေ ပိုသတိထားရမှာ ဖြစ်ပါတယ်။

အပြင်ထွက် သွားလာတာ လျှော့ချဖို့နဲ့ မဖြစ်မနေ သွားရရင် N 95 နှာခေါင်းစည်းဝတ်ဖို့ လိုအပ်တယ်လို့ ပညာရှင်တွေက တိုက်တွန်းပါတယ်။

ရန်ကုန်မြို့ခံတချို့ကတော့ ဒီမနက်လေထုညစ်ညမ်းနေတာကို သတိမပြုမိသေးဘူးလို့ ဆိုကြပါတယ်။

ဒါပေမဲ့ လေထုအလွန်ညစ်ညမ်းတဲ့ ခရမ်းရောင်အဆင့်အထိ ရောက်နေတဲ့ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းမိုင်မြို့မှာနေထိုင်နေတဲ့ မြန်မာအသိုင်းအဝိုင်းကတော့ ချင်းမိုင်မှာ လေထုအရည်အသွေး မကောင်းတာကို သိသိသာသာခံစားနေရပြီလို့ ဘီဘီစီကို ပြောပါတယ်။

လေထုအရည်အသွေးတိုင်းတာအဖွဲ့တွေရဲ့ဆန်းစစ်ချက်အရ ချင်းမိုင်မြို့ဟာ လက်ရှိမှာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ဖြစ်နေပြီး ရန်ကုန်က နံပါတ် ၅ နေရာမှာရှိပါတယ်။

"အပြင်ထွက်ရင် အသက်ရှူခက်သလိုဖြစ်လို့ သိပ်မထွက်ဖြစ်ဘူး။ အိမ်ထဲမှာ လေသန့်စက်ဖွင့် နေရတယ်။ ဆိုင်ကယ်ရပ်ထားရင် အပေါ်မှာ အဖြူအမှုန်လေးတွေ တွေ့ရတယ်"လို့ ချင်းမိုင်မှာနေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။

ခရမ်းရောင်အဆင့်မှာ လေထုအရည်အသွေးဟာ ၂၀၁ ကနေ ၃၀၀ အတွင်းရှိပြီး လူတိုင်းဟာ လေထုမကောင်းတာရဲ့ သက်ရောက်မှုဖြစ်တဲ့ အသက်ရှူရခက်ခဲတာ၊ ခေါင်းကိုက်တာနဲ့ မောပန်းတာတွေ ခံစားရနိုင်တာပါ။

ချင်းမိုင်မြို့အထွက်ဘက်က ဆန်ဆိုင်းခရိုင်ခွဲထဲမှာတော့ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်နိုင်တဲ့ ခရမ်းရင့်ရောင်အဆင့်ကိုရောက်နေတယ်လို့ IQAir က တိုက်ရိုက်တိုင်းတာ ထုတ်ပြန်နေပါတယ်။

ဒီအဆင့်မှာဆိုရင် အိမ်တွင်းမှာသာနေထိုင်သင့်ပြီး ပြတင်း‌ပေါက်တွေပိတ်ထားဖို့၊ နှာခေါင်းစည်းတပ်ဖို့နဲ့ လေသန့်စက်တွေ ဖွင့်ထားဖို့ လိုအပ်တယ်လို့ ပညာရှင်တွေက အသိပေးထားပါတယ်။

ချင်းမိုင်ခရိုင်က သ‌ဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့လျော့ပါးရေးဌာနကတော့ လေထုညစ်ညမ်းမှုဖြစ်စေတဲ့ တောမီးလောင်တဲ့နေရာတွေကို ရဟတ်ယာဥ်အသုံးပြု မီးငြှိမ်းသတ်တာတွေ လုပ်နေတာပါ။

ချင်းမိုင်ကဆက်သွားရင် ချင်းရိုင်ခရိုင်ဘက်လည်း လေထုက အနီရောင်အဆင့်ရှိနေသလို မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နဲ့ ကပ်လျက် မယ်ဆိုင်မြို့မှာလည်း ခရမ်းရောင်အဆင့်ရှိနေပါတယ်။

မယ်ဆိုင်ရဲ့တဖက်ကမ်း တာချီလိတ်မှာလည်း လေထု အရည်အသွေးမကောင်းလို့ အသက်ရှူရ ခက်ခဲတဲ့ အခြေအနေကြုံနေရတယ်လို့ မြို့ခံရဲ့ ပြောပြချက်အရသိရပါတယ်။

မြန်မာပြည်တွင်းစစ်ထဲပါဝင်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့သံသယနဲ့ အမျိုးသားတစ်ဦးကို သြစတြေးလျရဲ ဖမ်းဆီး

မြန်မာပြည်တွင်းစစ်မှာပါဝင်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့သံသယနဲ့ အသက် ၃၀ ကျော်အရွယ်အမျိုးသားတစ်ဦးကို သြစတြေးလျ ဖက်ဒရယ် ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။

သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့က ကွင်းစ်လန်းပြည်နယ်မှာ နေထိုင်တဲ့အမျိုးသားတစ်ဦးကို မြန်မာက ပြည်တွင်းစစ်မှာ ပါဝင်တိုက်ခိုက်ဖို့ကြိုးပမ်းတယ်လို့ဆိုတဲ့သံသယ စွပ်စွဲချက်နဲ့ဖမ်းဆီးလိုက်တယ်လို့ သြစတြေးလျဘက်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

အသက် ၃၃ နှစ်အရွယ်အဲဒီအမျိုးသားကို ရော့ခ်ဟန်တန်မြို့က နေအိမ်မှာ ရဲက ဝရမ်းနဲ့အတူ ရှာဖွေရေးလုပ်ခဲ့တာဖြစ်ပါတယ်။

ကွင်းစ်လန်းပြည်နယ်၊ အကြမ်းဖက်ပူးတွဲနှိမ်နင်းရေးအဖွဲ့က (JCTT) က ဒီအမျိုးသားကို ပြည်ပကျူး ကျော်မှု စွဲချက်နဲ့ တရားစွဲထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

သြစတြေးလျရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့အဲဒီအမျိုးသားဟာ ဒီနှစ်ဇန်နဝါရီလမှာ ထိုင်းနိုင်ငံကနေတဆင့် သြစတြေးလျကို ဘရစ်ဘိန်းနိုင်ငံတကာလေဆိပ်ကနေတဆင့် ပြန်ဝင်လာအပြီးမှာစောင့်ကြည့်ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီတုန်းက သူ့ခရီးဆောင်အိတ်ထဲမှာ ညကြည့်ကိရိယာတွေနဲ့ စစ်ဘက်ပစ္စည်းတချို့ပါလာတာကြောင့် JCTT က သံသယဝင်ခဲ့တာပါ။

မြန်မာကတိုက်ပွဲမှာ ပါဝင်နေတဲ့ အဖွဲ့တစ်ခုနဲ့ ဆက်သွယ်လုပ်ဆောင်ဖို့ မြန်မာပြည်တွင်းထဲကို ဝင်ရောက်ဖို့စီစဥ်ခဲ့တယ်ဆိုပြီးလည်း အာဏာပိုင်တွေဘက်က စွပ်စွဲထားတယ်ဆိုပြီး အေဘီစီ သတင်းဌာနက ပြောပါတယ်။

ဒီအမျိုးသားဟာ ဘယ်နိုင်ငံသားဖြစ်တယ်ဆိုတာ သတင်းမှာ ဖော်ပြတာမရှိသေးပေမဲ့ သူ့နာမည်ဟာ Attilio Ivor Filip Dallavalle ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ အဲဒီအမျိုးသားကိုဖမ်းဆီးထားတယ်လို့ သတင်းမှာဖော်ပြပါတယ်။

ဒီလထဲမှာပဲ အိန္ဒိယကလည်း အမေရိကန်၊ ယူကရိန်းနဲ့ ဆလိုဗားကီးယားနိုင်ငံသား ၈ဦးကို မြန်မာက တိုက်ပွဲနဲ့ဆက်စပ်လုပ်ဆောင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။