ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သမ္မတအိပ်မက်ပြည့်ဝ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သမ္မတဖြစ်လာတဲ့သတင်းအပါအဝင် ဧပြီ ၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ပြည်တွင်း၊ ပြည်ပကို သွားရောက်မယ့် ခရီးသည်တွေထဲမှာ ပြေး ၄ ပြေးတွေ မပါဖို့ လေကြောင်းရဲက မှတ်ပုံတင်တွေ စိစစ်တော့မယ်လို့ဆို
  • ဖားကန့်က စစ်တပ်အထိုင်ချတပ်စွဲထားတဲ့ တပ်စခန်းကုန်း ၅ ခုကို ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်တွေ ဧပြီ ၂ ရက်က သိမ်းလိုက်ပါတယ်
  • ထိုင်း၊ ဘန်ကောက်မြို့မှာ အသက် ၇ နှစ်အရွယ် သမီးဖြစ်သူကို လည်ပင်းညှစ်သတ်ပြီး ထွက်ပြေးသွားတဲ့ အသက် ၃၄ နှစ်အရွယ် မြန်မာမိခင်တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိ
  • အငှားယာဉ်(Taxi)၊ သုံးဘီးနဲ့ ကုန်တင်ယာဉ်တွေကို မောင်းနှင်ခဲ့တဲ့ ခရီးအကွာအဝေးပေါ် မူတည်ပြီး စက်သုံးဆီရောင်းချပေးတော့မယ်လို့ စစ်ကော်မရှင်ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သမ္မတဖြစ်လာ

    ဒီနေ့ပြည်ထောင်စုလွှတ်တော်မှာ လျှို့ဝှက်မဲခွဲသမ္မတရွေးချယ်တင်မြှောက်ပြီးတဲ့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မဲအများဆုံးနဲ့သမ္မတဖြစ်လာပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၅၈၆ ဦးအနက် ၅၈၄ ဦးတက်ရောက်ခဲ့ပါတယ်။

    ဒုသမ္မတသုံးဦးအနက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ထောက်ခံမဲ ၄၂၉ ၊ ဦးညိုစောက ၁၂၆ နဲ့ဒေါ်နန်းနီနီအေးက ၂၉ မဲရခဲ့ပါတယ်။

    ဒါကြောင့် ဦးညိုစောက ဒုသမ္မတ ၁ ဖြစ်ပြီး ဒေါ်နန်းနီနီအေးက ဒုသမ္မတ ၂ ဖြစ်လာပါတယ်။

    မြန်မာမှာသမ္မတ ၁၀ ဦးရှိခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၁၁ ဦးမြောက်သမ္မတ ဖြစ်လာပါတယ်။

    သူ့ရဲ့တပ်ရာထူး ဗိုလ်ချုပ်မှူးကြီး အဖြစ် ဆက်ရှိနေမှာလား၊ မရှိတော့ဘူးလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

    သူ့ရဲ့ရာထူးကိုတော့နိုင်ငံပိုင်သတင်းစာတွေကယာယီသမ္မတ၊ ဗိုလ်ချုပ်မှူးကြီး လို့ ဖော်ပြနေဆဲဖြစ်ပါတယ်။

    ဒီကနေ့သမ္မတရွေးပွဲမှာပြည်ထောင်စုလွှတ်တော်နာယက၊အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကအရင်ဆုံး မဲပေးခဲ့ပါတယ်။

    သူပြီးမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေက မဲပေးခဲ့တာဖြစ်ပါတယ်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ သမ္မတရွေးပွဲ လေးကြိမ်ပြုလုပ်ပြီးခဲ့တာဖြစ်ပြီး သမ္မတဦးသိန်းစိန်၊ သမ္မတဦးထင်ကျော်၊ သမ္မတဦးဝင်းမြင့်နဲ့ လက်ရှိသမ္မတဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ဖြစ်ကြပါတယ်။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သမ္မတအဖြစ်ကျမ်းကျိန်ပြီးတဲ့နောက်မှ ဗိုလ်ချုပ်မှူးကြီးရာထူးကိုစွန့်လွှတ်ဖွယ်ရှိတယ်လို့ အကဲခတ်တချို့က သုံးသပ်ပါတယ်။

  2. လေဆိပ်မှာ ပြေး ၄ ပြေးကို လေကြောင်းရဲ စိစစ်မယ်လို့ဆို

    ပြည်တွင်း၊ ပြည်ပကို သွားရောက်မယ့် ခရီးသည်တွေထဲမှာ ပြေး ၄ ပြေးတွေ မပါဖို့ ခရီးသည်တွေရဲ့ မှတ်ပုံတင်ပါအချက်အလက်တွေကို စိစစ်ဆောင်ရွက်မှုတွေ စလုပ်ဖို့ လေဆိပ်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီကနေ ပြင်ဆင်နေတယ်လို့ ကော်မတီနဲ့နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

    “စစ်ပြေး၊ ရဲပြေး၊ တပ်ပြေး၊ ထောင်ပြေးတွေကို ကန့်သတ်လိုက်တာပေါ့။ CDM လုပ်ထားတဲ့သူတွေနဲ့ တခြားနိုင်ငံရေးနဲ့ဆက်နွှယ်တဲ့ ပြဿနာရှိသူတွေဆိုလည်း မှတ်ပုံတင်ကို သေချာစစ်လိုက်ရင် ပေါ်မှာပဲပေါ့” လို့ သူကဆိုပါတယ်။

    ပြည်တွင်း၊ ပြည်ပထွက်ခွာတဲ့ လက်မှတ်စစ်ကောင်တာတွေနဲ့ ပြည်ပဆိုက်ရောက် လေကြောင်းရဲတပ်ဖွဲ့ကောင်တာတွေမှာ မှတ်ပုံတင်စိစစ်တာတွေကို မကြာခင် စ လုပ်တော့မှာဖြစ်တယ်လို့ သူကဆိုပါတယ်။

    ဒီလိုစိစစ်မယ့် စနစ်ကြောင့် သာမန်ပြည်သူတွေ လေယာဉ်လက်မှတ်ဝယ်ယူတဲ့အခါတွေမှာလည်း “အရင်က နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)နဲ့ ဝယ်ယူလို့ရတယ်။ မှတ်ပုံတင်ပါပြပြီးဝယ်ယူရတဲ့ စနစ်ဖြစ်လာနိုင်တယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    ဒါပေမဲ့ ရန်ကုန်လေဆိပ်မှာတော့ ဒီနေ့ (ဧပြီ ၃ ရက်)မနက်ပိုင်းအထိ ဘာအပြောင်းအလဲမှမရှိသေးဘူးလို့ လေဆိပ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

    “ကောင်တာတွေက အရင်ပုံစံအတိုင်းပါပဲ”လို့ သူကဆိုပါတယ်။

  3. ဖားကန့်က စစ်တပ်စခန်းကုန်း ၅ ခုကို KIA/ PDF တပ်တွေသိမ်း

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက စစ်တပ်အထိုင်ချတပ်စွဲထားတဲ့ တပ်စခန်းကုန်း ၅ ခုကို ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်တွေက မနေ့ ဧပြီ ၂ ရက်မှာ သိမ်းနိုင်ခဲ့တယ်လို့ ဘီဘီစီရဲ့မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

    “မော်ဝမ်လေးမှာက ၃ ကုန်း၊ မော်ဝမ်ကြီးမှာက ၂ ကုန်း ၅ ကုန်းသိမ်းလိုက်တာ” လို့ သူက ဆိုပါတယ်။

    KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးမှူးနော်ဘူကတော့ “သင်္ချိုင်းကုန်းထဲမှာ စစ်ကော်မရှင်ထိုင်ထားတဲ့ ခြေကုပ်စခန်း ၃ ခုကို‌တော့ ရထားတယ်လို့သိရတယ်”လို့ ဘီဘီစီကို ဒီနေ့ ဧပြီ ၃ ရက် မနက်ပိုင်းမှာ ဖြေကြားပါတယ်။

    စစ်တပ်က စခန်းကုန်းနေရာကို လက်လွှတ်ရပြီးတဲ့နောက် မနေ့ ညနေပိုင်းကတည်းကစပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ သူကဆိုပါတယ်။

    စစ်တပ်က လက်လွှတ်ထားရတဲ့ စခန်းကုန်းနေရာတွေကို ဒီနေ့ ဧပြီ ၃ ရက် မနက်ပိုင်းအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

    ဒါ့အပြင် မြို့အတွင်းက မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ မှော်ဆီဆာ၊ ဖားပြင်၊ ယူမာကျေးရွာနဲ့ မရှိကထောင် ရပ်ကွက်တွေဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သူကဆကက်ပြောပါတယ်။

    တိုက်ပွဲကြောင့် ဖားကန့်၊ မြစ်ကြီးနားလမ်း၊ လုံးခင်းအဝင်ဂိတ်ကို စစ်တပ်က ပိတ်ဆို့ခဲ့ပြီး မနေ့ ညနေပိုင်းလောက်မှ ပြန်ဖွင့်ပေးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

    ဖေဖော်ဝါရီ နဲ့ မတ်လတွေတုန်းကလည်း ဖားကန့်မြို့မှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ခေတ္တငြိမ်သက်သွားပေမဲ့ ဧပြီ ၂ ရက်ကစတင်ပြီး KIA/ PDF တပ်တွေက ထိုးစစ်ပြန်ဖော်ပြီး စခန်းကုန်း ၅ ခုကို သိမ်းယူထားပါတယ်။

  4. ရန်ကုန်ရင်ဆိုင်နေရတဲ့အသံတိတ်လူသတ်သမား

    မြန်မာမှာ လူဦးရေနဲ့ ယာဉ်၊ စက်ရုံအသုံးပြုမှု အများဆုံးရှိတဲ့ ရန်ကုန်မြို့က လေထုအရည်အသွေးက မြို့နေလူဦးရေ ၇ သန်းကျော်အတွက် အန္တရာယ်ရှိနိုင်တဲ့အဆင့်ကို အကြိမ်ကြိမ် ရောက်ခဲ့ပါတယ်။

    လေထုအရည်အသွေးတိုင်းတာချက်ကို ထုတ်ပြန်ပေးတဲ့ IQAir ရဲ့မှတ်တမ်းအရ ၂၀၂၆ မတ်လနောက်ဆုံးသီတင်းပတ်မှာ ရန်ကုန်လေထုအရည်အသွေးဟာ အန္တရာယ်ရှိတဲ့ အနီရောင်အဆင့်ကို ၄ ရက်ဆက်တိုက် ရောက်ခဲ့ပါတယ်။

    ဒါပေမယ့် တိုင်းတာချက်တွေမှာတော့ ကွဲပြားမှုတွေရှိနေပါတယ်။ စစ်ကော်မရှင်ရဲ့ မိုးလေဝသဌာနကတော့ မတ်လအတွင်း အနီရောင်အဆင့်ကို တစ်ရက်တည်းသာ ရောက်ခဲ့ပြီး အများစုမှာ လိမ္မော်ရောင်အဆင့်ပဲ ရှိခဲ့တယ်လို့ ပြောပါတယ်။

    "မတ်လ တစ်လလုံးမှာ (လေထုအရည်အသွေးဟာ) အသင့်အတင့်ကနေ ခံနိုင်ရည်နည်းပါးအုပ်စု ကျန်းမာရေး ထိခိုက်တဲ့အဆင့်ထိပဲ ရှိပါတယ်။ မတ် ၄ ရက် တစ်ရက်တည်းပဲ အနီရောင်အဆင့် ရောက်တာပါ" လို့ မိုးဇလ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကြူကြူစိန်က ဘီဘီစီကို ပြောပါတယ်။

    အာဏာပိုင်အဖွဲ့အစည်းအနေနဲ့ ရန်ကုန်လေအရည်အသွေးကို တိုင်းတာနေတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကတော့ IQAir က အနီရောင်သတ်မှတ်တဲ့ ၄ ရက်စလုံးဟာ အစိမ်းရောင်အဆင့်သာရှိတယ်လို့ ဆိုပြန်ပါတယ်။

    ဒါပေမယ့် ဘီဘီစီက မေးမြန်းခဲ့တဲ့ မြို့ခံ ၅ ဦးကတော့ ရန်ကုန်မှာ လေထုညစ်ညမ်းမှုကြောင့် ဖြစ်တဲ့ရောဂါလက္ခဏာတွေ ခံစားနေရတယ်လို့ ပြောနေကြပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  5. သမီးကို သတ်ပြီးထွက်ပြေးတဲ့ မြန်မာမိခင် ပြန်ဖမ်းမိ

    ဧပြီ ၁ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အသက် ၇ နှစ်အရွယ် သမီးဖြစ်သူကို လည်ပင်းညှစ်သတ်ပြီး ထွက်ပြေးသွားတဲ့ အသက် ၃၄ နှစ်အရွယ် မြန်မာမိခင်တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိပြီလို့ ထိုင်းသတင်းတွေမှာဖော်ပြလာကြပါတယ်။

    အဲဒီအမျိုးသမီးကို ပတ္တရားကမ်းခြေအနီး၊ ချွန်ဘူရီပြည်နယ် ဘန်လမွန်ခရိုင် ကိုလန်ကျွန်းပေါ်က ဟိုတယ်တစ်ခုမှာ ဖမ်းမိခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူဟာ လူသတ်မှုနဲ့ စွဲချက်တင်ခံထားရတာဖြစ်ပါတယ်။

    ဧပြီ ၁ ရက်နေ့တုန်းက နေအိမ်မှာ သေဆုံးသွားတဲ့ မိန်းကလေးငယ်ရဲ့ အဘွားဖြစ်သူဟာ မြေးဖြစ်သူရဲ့ ရုပ်အလောင်းကို ထိုင်း၊ စီရီရွတ်ဆေးရုံကို သယ်ဆောင်သွားခဲ့ပြီး သေဆုံးရတဲ့အကြောင်းရင်းကိုတော့ မသိဘူးလို့ ဖြေဆိုခဲ့တဲ့အကြောင်း သိရပါတယ်။

    ဆရာဝန်ရဲ့ စစ်ချက်အရ ကလေးငယ်ဟာ လည်ပင်းညှစ်သတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ကိုက်ညီတဲ့ အခြေအနေအတိုင်း တွေ့ရပြီး ရင်ခွဲစစ်ဆေးပြီးတဲ့နောက် မိန်းကလေးငယ်ဟာ လေပြတ်မှုကြောင့် သေဆုံးတာကို စစ်ဆေးတွေ့ရှိရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

    လက်ရှိမှာတော့ မိခင်ဖြစ်သူဟာ စွဲချက်တွေကို ဝန်ခံခဲ့ပြီး ကိုယ်ရေးကိုယ်တာ ပြဿနာတွေကြောင့် အခုလိုဖြစ်ခဲ့ရတာလို့ ထွက်ဆိုချက်ပေးထားပါတယ်။

    သမီးဖြစ်သူနဲ့ အတူသေကြောင်းကြံစည်ဖို့ ကြံရွယ်ထားပေမယ့် သမီးဖြစ်သူကို ကြံစည်ပြီးတဲ့နောက်မှာတော့ ကိုယ်ကို့ကိုယ်သေကြောင်းကြံမယ့်အစီအစဉ် မရဲတော့ဘဲ တွန့်ဆုတ်သွားရာကနေ ထွက်ပြေးသွားခဲ့တာဖြစ်ကြောင်း ထွက်ဆိုထားတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

  6. တက္ကစီတွေကို စက်သုံးဆီရောင်းချမယ့်စနစ်သစ် စစ်ကော်မရှင်ထပ်ပြောင်း

    ဒီနေ့ကစပြီး အငှားယာဉ်(Taxi)၊ သုံးဘီးနဲ့ ကုန်တင်ယာဉ်တွေကို မောင်းနှင်ခဲ့တဲ့ ခရီးအကွာအဝေးပေါ် မူတည်ပြီး စက်သုံးဆီရောင်းချပေးတော့မယ်လို့ စစ်ကော်မရှင်ရဲ့ စွမ်းအင်ဝန်ကြီးဌာနကအသိပေးကြေညာပါတယ်။

    လက်ရှိမှာ စစ်ကော်မရှင်က အဲဒီယာဉ်တွေကို စက်အင်ဂျင်ပါဝါပေါ်မူတည်ပြီး တစ်ပတ်ကို ၃ ရက် ဆီကို အကန့်အသတ်နဲ့ရောင်းချပေးနေတာဖြစ်ပါတယ်။

    ဒါပေမဲ့ ဒီအခြေအနေအပေါ် အခွင့်ကောင်းယူပြီး မသမာမှုတွေ ပြုလုပ်နေတာကြောင့် အခုလိုမောင်းနှင်တဲ့ အကွာအဝေးတိုင်းသာ ဆီရောင်းပေးမယ့်စနစ်ကို လုပ်တာဖြစ်တယ်လို့ စစ်ကော်မရှင်က ပြောပါတယ်။

    တစ်ဖက်မှာလည်း အိမ်စီးကားတွေကို စစ်ကော်မရှင်က ယာဉ် နံပါတ်တွေအလိုက် စုံ၊ မ ရက်ခွဲပြီး ဆီရောင်းချနေတာပါ။

    “ပထမလာထည့်တဲ့ ရက်မှာ ဆီဆိုင်က ကီလိုကို မှတ်ထား၊ နောက်ရက်ကျ ကီလိုကိုပြန်တိုက်စစ်တာတို့ လုပ်မှာလား၊ အဲဒီလိုဆိုရင်တော့ တွေ့တဲ့ဆီဆိုင်တိုင်း ဝင်ထည့်လို့မရတော့ဘူး။ ကီလိုကိုဘယ်လိုကြည့်မလဲ ရှင်းရှင်းလင်းလင်းပြောသင့်တယ်” လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

    အလားတူ စက်သုံးဆီဈေးကလည်း နိုင်တီတူး(92) အမျိုးအစား တစ်လီတာဈေးဟာ မနေ့ ဧပြီ ၂ ရက်မှာ ကျပ် ၄,၄၅၀ ရှိရာက ဒီနေ့ ဧပြီ ၃ ရက်မှာ တစ်လီတာကို ကျပ် ၄,၆၂၅ အထိ ရှိလာတာကြောင့် ကျပ် ၂၀၀ နီးပါး ဈေးထက်တက်လာပါတယ်။

    နိုင်တီဖိုက်(95) ဆီအမျိုးအစားကတော့ တစ်လီတာ ငွေကျပ် ငွေကျပ် ၄,၇၈၀ ကျပ်ဖြစ်နေပြီး မနေ့ကဈေးထက် ကျပ် ၂၀၀ နီးပါး ဈေးလျော့နေပါတယ်။ ဒီဇယ်ဆီကတော့ စံချိန်တင် ဈေးဆက်တက်နေပြီး စျေးနှုန်းအများဆုံးဖြစ်နေပါတယ်။

    ဧပြီလ ၂ ရက်မှာ ရိုးရိုးဒီဇယ် တစ်လီတာကို ကျပ် ၅,၄၅၀ ကျပ်ရှိရာကနေ ဒီကနေ့ ဧပြီလ ၃ ရက်မှာ ကျပ် ၅,၆၈၀ အထိမြင့်တက်လာတာကြောင့် ကျပ် ၂၀၀ ကျော် ဈေးတက်နေပါတယ်။

    ဒါပေမဲ့ ကုန်ဈေးနှုန်းတည်ငြိမ်စေဖို့အတွက် ဒီဇယ်ဆီတင်သွင်းမှုအပေါ် ကောက်ခံတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို‌တော့ ဧပြီလကုန်အထိ တစ်လကင်းလွတ်ခွင့်ပေးတယ်လို့ စစ်ကော်မရှင်ရဲ့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

  7. မင်္ဂလာပါ။ ဧပြီ ၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။