ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
'အရိုးပြာ တိုက်ခန်း' လွတ်တွေမှာ မီးရှို့ရုပ်ကြွင်းသိမ်းဆည်းမှု တရုတ် တားမြစ်
- ရေးသားသူ, အယ်လာ ကစ်ပလင်း
- ဖတ်ရန်အချိန်: မိနစ် ၄
စျေးကြီးတဲ့ သင်္ချိုင်းမြေတွေကို ငွေပေးမဝယ်ဘဲ တိုက်ခန်းလွတ်တွေမှာ မိသားစုဝင်တွေရဲ့ ရုပ်ကြွင်း သိမ်းဆည်းတာတွေကို တရုတ်အစိုးရက ပိတ်ပင်ဖို့ ရှိပါတယ်။
သင်္ချိုင်းမြေလွတ် ရှားပါးတဲ့ တရုတ်ပြည်မှာ ရေပန်းစားလာတဲ့ 'အရိုးပြာ တိုက်ခန်း' တွေကို ဥပဒေသစ်က အဆုံးသတ်ဖို့ ရှိပါတယ်။
တရုတ်အိမ်ရာစျေးနှုန်း ကျဆင်းမှုကြောင့် မြေမြှုပ်ဂူသွင်း သင်္ဂြိုဟ်စရိတ်ပေးမယ့်အစား တိုက်ခန်းလွတ်တွေမှာပဲ မိသားစုဆွေမျိုးတွေရဲ့ အရိုးပြာတွေကို သိမ်းဆည်းဖို့ တတ်နိုင်ပါတယ်။
အိမ်ရာအဆောက်အအုံတွေကို "အရိုးပြာ သိမ်းဆည်းဖို့အတွက်" သုံးစွဲမှုကို ဒီဥပဒေက တားမြစ်သလို သုသာန်နဲ့ ဂေဟစနစ်နဲ့ကိုက်ညီတဲ့ မြှုပ်နှံခွင့်ရှိတဲ့နေရာတွေကလွဲပြီး တခြားနေရာတွေမှာ ရုပ်ကြွင်းမြှုပ်နှံတာတွေကိုလည်း ပိတ်ပင်ပါတယ်။
အရိုးပြာ တိုက်ခန်းဆိုတာက တိုက်ခန်းလွတ်တွေကို သေဆုံးသွားတဲ့ မိသားစုဝင်တွေအတွက် ဝတ်ပြုခန်းမပုံစံ ပြောင်းလဲထားတဲ့ အခန်းတွေ ဖြစ်ပါတယ်။ ချစ်ခင်သူတွေရဲ့ အရိုးပြာတွေကို အတွင်းမှာ ထားပြီး ဒီအခန်းကို ဘိုးဘွားဝတ်ပြုရာ ကျောင်းဆောင်အဖြစ် ပြောင်းလဲပစ်ပါတယ်။
ကန့်လန့်ကာတွေနဲ့ အလုံပိတ်ထားတဲ့ ပြတင်းပေါက်တွေကို ကြည့်ပြီး ဒီအခန်းတွေကို ခွဲခြားသိရှိနိုင်ကြောင်း တရုတ်သတင်းတွေမှာ ဖော်ပြပါတယ်။
၂၀၂၁ နဲ့ ၂၀၂၅ ကြား ၄၀ ရာခိုင်နှုန်း ကျဆင်းသွားတဲ့ တရုတ် တန်ဖိုးနည်း အိမ်ရာစျေးကွက်မှာ ကျန်ရစ်သူမိသားစုဝင်တွေက အများဆုံး ဝယ်ယူကြပါတယ်။
ဒီအချိန်မှာပဲ တရုတ်ပြည်မှာ သင်္ချိုင်းမြေလွတ်က အကန့်အသတ် ရှိလာပြီး နှစ် ၂၀ မှာ တခါ အသစ်ပြန်လဲရမယ့် ယာယီမြေငှားခွင့်နဲ့ပဲ ရနိုင်ပါတယ်။
ဘေဂျင်းက နာမည်ကြီး ချန်ပင်းသင်္ချိုင်းမှာ သင်္ချိုင်းမြေစျေးက ယွမ်တသောင်းကနေ နှစ်သိန်းလောက်ထိ ရှိပါတယ်။ ပိုသက်သာတဲ့ မြေကွက်ရဖို့က "ဂေဟစနစ်နဲ့ ကိုက်ညီတဲ့ (မြေမြှုပ်တဲ့) သင်္ချိုင်းမြေကွက်"တွေ ပဲ ရှိပါတယ်။
သင်္ချိုင်းကျောက်ပြားနဲ့ မြှုပ်တဲ့ မြေတကွက်ကို ယွမ်တသိန်းခွဲလောက်ကစပြီး သုံးသိန်းလောက်ထိ ရှိလို့ ဘေဂျင်းမှာ အတော်မြင့်တဲ့ စျေးဖြစ်ပါတယ်။
တရုတ်ပြည်မှာ နာရေးစရိတ်ကလည်း ကြီးပါတယ်။ ၂၀၂၀ မှာ တရုတ် နာရေးစရိတ်က တရုတ်နိုင်ငံသားတွေရဲ့ ပျမ်းမျှ တနှစ်စာလုပ်ခရဲ့ တဝက်နီးပါး ရှိကြောင်း SunLife ဗြိတိသျှ အာမခံ အဖွဲ့ရဲ့ စစ်တမ်းက ဖော်ပြပါတယ်။
သင်္ချိုင်းတွေရဲ့ မြေစျေးကို ဒီဥပဒေသစ်က ဘယ်လို ထိန်းချုပ်မှာလဲ ဆိုတာကိုလည်း တရုတ် လူမှုကွန်ရက်တွေမှာ ထောက်ပြနေကြပါတယ်။ "သင်္ချိုင်းမြေကွက်စျေးကို လူတွေ တတ်နိုင်ရင် ဒီတိုက်ခန်းတွေကို ဘယ်သူကသုံးမှာလဲ " ဆိုပြီး ဝေဘို လူမှုကွန်ရက်မှာ တယောက်က ရေးပါတယ်။
"ဒီတိုက်ခန်းတွေမှာ အရိုးပြာသိမ်းဖို့ပဲ သုံးတယ်ဆိုတာကို ဒီဥပဒေကို ဖော်ဆောင်သူတွေက ဘယ်လိုသိမှာလဲ၊ နောက်ပြီး ဒီလိုကိစ္စတွေကို သူတို့ ဘယ်လိုကိုင်တွယ်မှာလဲ " ဆိုပြီး နောက်တယောက်က ရေးပါတယ်။
တရုတ်နိုင်ငံမှာ မိသားစုတွေက သင်္ချိုင်းတွေကို သန့်ရှင်းပြီး ပူဇော်ပသတဲ့ 'ကျင်မင်း ပွဲတော်' နေ့မတိုင်ခင် ရက်ပိုင်းအလိုမှာပဲ ဒီလို တားမြစ်လိုက်တာပါ။
နာရေးစရိတ်ကြီးမြင့်မှုအတွက် ပူပန်နေကြလို့ နာရေးဝန်ဆောင်မှုလုပ်ငန်းအတွက် လိုအပ်ချက်အသစ်တွေကိုလည်း တရုတ်အစိုးရ စျေးကွက် ထိန်းချုပ်ရေးအဖွဲ့နဲ့ အရပ်ဘက် ရေးရာ ဝန်ကြီးဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
"လူအများစုအတွက် သင်္ဂြိုဟ်စရိတ် ဝန်ပိတာတွေ" သက်သာစေဖို့ နာရေးစျေးကွက်မှာ ပွင့်လင်းမြင်သာမှု မရှိတာနဲ့ အလိမ်အညာတွေ ရှိနေတာကို ကိုင်တွယ်မယ့် စည်းမျဉ်းသစ်တွေကို ထုတ်ပြန်မယ်လို့လည်း ဆိုပါတယ်။