ယူကရိန်း - လွတ်မြောက်လာတဲ့ အက်ဇွမ်းမြို့မှာ ရာနဲ့ချီတဲ့ သင်္ချိုင်းမြေပုံတွေတွေ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, သစ်တောထဲမှာတွေ့ရတဲ့ သင်္ချိုင်းမြေပုံတွေကြားမှာ လမ်းလျှောက်နေတဲ့ စစ်သားတယောက်

ပြီးခဲ့တဲ့ရက်ပိုင်းက ရုရှားတို့လက်အောက်ကနေပြန်သိမ်းနိုင်ခဲ့တဲ့ အက်ဇွမ်းမြို့မှာ လူသေအများအပြားကို မြှုပ်နှံထား တဲ့နေရာတခုကိုတွေ့ရတယ် လို့ ယူကရိန်းက ပြောပါတယ်။

ထိုးစစ်နဲ့အတူရောက်လာတဲ့ ယူကရိန်းတပ်တွေက မြို့ရဲ့ အပြင်ဘက် တောအုပ် တအုပ်ထဲမှာ သစ်သားလက်ဝါးကပ်တိုင်တွေစိုက်ထားတဲ့ မြေပုံတွေကို တွေ့ခဲ့ရ တာဖြစ်ပြီး၊ လက်ဝါးကပ်တိုင်အများအပြားက နံပါတ်တွေ‌ ရေးသားထားပါတယ်။

မြေပုံတွေထဲကနေ အလောင်းတွေပြန်ဖော်တာကို သောကြာနေ့မှာ စပြီးလုပ်မယ်လို့ အာဏာပိုင်တွေက ‌ပြောပါတယ်။

သေဆုံးသွားခဲ့ရသူတွေ ဘယ်လိုအဖြစ်နဲ့ ကြုံခဲ့ရလဲဆိုတာ အခုထိ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပေမယ့် အရင်က သတင်းတွေနဲ့ ဆက်စပ်ကြည့်ရင် သူတို့ထဲက တချို့ဟာ ဗုံးဒဏ်၊ ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့တဲ့အခြေအနေ စတာတွေ ကြောင့် သေဆုံးခဲ့တဲ့ ပုံရှိပါတယ်။

တချို့သင်္ချိုင်းမြေပုံတွေမှာ ယူကရိန်းစစ်သားအလောင်းတွေကို မြှုပ်ထားတာဆိုတဲ့ လက္ခဏာတွေလည်း တွေ့ရပါတယ်။

ဒေသဆိုင်ရာ ရဲမှူး ဗိုလိုဒီမီယာ တင်မိုရှကိုက အဲဒီနေရာမှာ မြှုပ်နှံထားတဲ့ လူသေ အလောင်းပေါင်း ၄၀၀ ကျော်ရှိမယ်လို့ ဘီဘီစီကို ပြောပါတယ်။

စစ်ပွဲစတဲ့ ရက်ပိုင်းအတွင်းမှာပဲ အက်ဇွမ်းကို ရုရှားတပ်တွေ ဝင်သိမ်းခဲ့ပြီး အဲဒီကနေ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက သူ့တပ်ဖွဲ့တွေကို ထောက်ပံ့ရေး ပစ္စည်းတွေပို့တဲ့ အခြေစိုက် စခန်းနေရာအဖြစ် သူတို့ သုံးခဲ့ကြတာပါ။

ညပိုင်းကပြောတဲ့ သူ့မိန့်ခွန်းထဲမှာ အဲဒီဒေသ အတွင်း "လိုအပ်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေပြီ" လို့ သမ္မတ ဗိုလော့ဒီမီယာ ဇယ်လန်းစကီးက ပြောပါတယ်။

"ဘာတွေ တကယ်ဖြစ်ပျက်နေလဲ၊ ရုရှားက သိမ်းပိုက်ခြင်းဆိုတာ ဘူချာ၊ မာရီယိုပိုးလ်၊ နောက် အခု အက်ဇွမ်း လိုဖြစ်ပျက်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ အနေနဲ့ ကမ္ဘာကို သိစေချင်ပါတယ်" ၊ ရုရှားတို့ဟာ နေရာတိုင်းမှာ လူတွေကို သေဆုံးစေခဲ့တယ်လို့ ဆိုရင်း "ဒါတွေအတွက် တာဝန်ခံရမယ်" လို့ ပြောပါတယ်။

အရင် နွေဦးတုန်းက ကိယက်ဗ်နားက ဘူချာမှာ၊ နိုင်ငံအရှေ့တောင်ပိုင်းက မာရီယိုပိုးလ် ဆိပ်ကမ်းမြို့မှာ အဲဒီလို လူသေအများအပြား မြှုပ်ထားတဲ့ သင်္ချိုင်း တွေကို ယူကရိန်း ခေါင်းဆောင်က ထည့်ပြီး ညွှန်းဆိုသွားတာပါ။

အက်ဇွမ်းမြို့ နေရာအများအပြားဟာ ပျက်ဆီးနေပြီး ဒေသတွင်း နိုင်ငံရေးသမား တယောက်က သတင်းထောက်တွေကို ပြောကြားချက်အရ မြို့ရဲ့ အခြေခံ အ‌ဆောက် အအုံ ၈၀% က အဖျက်ဆီးခံလိုက်ရကာ၊ လူသေအလောင်းတွေကို အပျက်အဆီးပုံ တွေကြားမှာ ပြန်ရှာတွေ့နေဆဲလို့ သိရပါတယ်။

ကျူးကျော်စစ်စတင်တဲ့ ဖေဖော်ဝါရီ ၂၄ ရက် နောက်ပိုင်း ရုရှားတပ်တွေက အရပ်သားတွေကို သတ်ဖြတ်တာ၊ အဓမ္မပြုကျင့်တာတွေ အပါအဝင် စစ်ရာဇဝတ်မှု ဖြစ်နိုင်တဲ့ အမှုပေါင်း ၂၁,၀၀၀ ကျော်ကို တွေ့ရှိ မှတ်တမ်းတင် ထားတယ်လို့ ယူကရိန်းက ပြောပါတယ်။

ဘူချာနဲ့ အနီးတဝိုက်ဧရိယာတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားပြီး သတ်ဖြတ် ခဲ့တယ်လို့ သတ်မှတ်နိုင်တဲ့ အထောက်အထားတွေကို စုံစမ်းစစ်ဆေးသူတွေ၊ သတင်းထောက်တွေက တွေ့ရှိခဲ့ပါတယ်။

လက်တွေ ခြေတွေကို ကြိုးတုပ်ခံရလျက်သား သတ်ဖြတ်ခံထားရတဲ့ အရပ်သား အ‌လောင်းတွေကို တွေ့ခဲ့ရတယ်လို့လည်း ယူကရိန်း တပ်ဖွဲ့ဝင်တွေက ‌ပြောခဲ့ဖူး ပါတယ်။

နိုင်ငံတကာ ရာဇဝတ်မှုများ တရားရုံးကလည်း စုံစမ်းစစ်ဆေးသူတွေ၊ မှုခင်း ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ အဖွဲ့တဖွဲ့ကို ယူကရိန်းနိုင်ငံထံ စေလွှတ် ထားပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘောရစ် ဂျွန်ဆင်တို့က ရုရှားဟာ ယူကရိန်းမှာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့ စွပ်စွဲထား ပါတယ်။

ရုရှားအစိုးရကတော့ အရပ်သားတွေကို ပစ်မှတ်မထားဘူးလို့ ထပ်ခါထပ်ခါ ငြင်းဆိုထားပြီး၊ ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက လိမ်ညာ သတင်းတွေကို ဖြန့်နေ ကြတာလို့ စွပ်စွဲထားပါတယ်။