ဖွဲ့စည်းပုံဥပဒေကိုသုံးပြီး ထရမ့်ကို သမ္မတနေရာကနေ ဖယ်ရှားဖို့ တောင်းဆိုနေ
ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရာထူးကနေဆင်းပေးရမှာ ရက်သတ္တပတ် နှစ်ပတ်တောင် မကျန်တော့ပါဘူး။ ဒါပေမဲ့ ဗုဒ္ဓဟူးနေ့က သူ့ကိုထောက်ခံသူတွေ လူအုပ်ဖွဲ့အကြမ်းဖက်ပြီး ကက်ပီတယ်ဟေးလ် လွှတ်တော်ကို ဝင်ရောက် စီးနင်းခဲ့တဲ့နောက် အောက်လွှတ်တော် တရားစီရင်ရေး ကော်မတီက ဒီမိုကရက်တစ်တွေက သူ့ကို သမ္မတရာထူးကနေ ဖယ်ရှားသင့်ကြောင်း တောင်းဆိုလိုက်ပါတယ်။
သူတို့က ဒုတိယ သမ္မတ မိုက်ခ်ပန့်စ်ဆီကို စာရေးပြီး ဒေါ်နယ်ထရမ့်ကို ရာထူးကနေ ဖယ်ရှားဖို့ တိုက်တွန်းလိုက်ပါတယ်၊ သူတို့က ထရမ့်ရဲ့လုပ်ရပ်ဟာ အစိုးရကို စနစ်တကျ ဆူပူထကြွတိုက်ခိုက်တာဖြစ်တယ်၊ "ကျွန်ုပ်တို့ရဲ့ ဒီမိုကရေစီကို ဂုဏ်ရည် ညှိုးနွမ်း သွားအောင်လုပ်တာဖြစ်တယ်"လို့ ဆိုပြီး တောင်းဆိုလိုက်တာပါ။
ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post
အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေက ၂၅ ကြိမ်မြောက် ဖြည့်စွက်ပြင်ဆင်ချက် (25th Amendment)ကို သူတို့က ထောက်ပြထားပါတယ်၊ အဲဒီ ပြဋ္ဌာန်းချက်အရ နိုင်ငံတော် အာဏာကို သမ္မတကနေ ဒုတိယ သမ္မတဆီကို ယာယီဖြစ်စေ၊ အမြဲတမ်းဖြစ်စေ လွှဲပြောင်းခွင့်ပေးထားပါတယ်။
ဒီပြဋ္ဌာန်းချက်က ဘယ်လိုပါလဲ
သမ္မတတစ်ယောက်ဟာ သူ့တာဝန်တွေကို မထမ်းဆောင်နိုင်တော့ဘူးဆိုရင် ဥပမာ ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်း မကျန်းမာတဲ့ အခြေအနေမှာ ဒုတိယ သမ္မတအနေနဲ့ သမ္မတအဖြစ် တာဝန်ထမ်းဆောင်နိုင်တယ်လို့ 25th Amendment ကခွင့်ပြုထားပါတယ်။
အဲဒီပြဋ္ဌာန်းချက်ရဲ့ အပိုဒ် ၄ ကလည်း ဒုတိယ သမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ အများဆန္ဒနဲ့ သမ္မတ ထရမ့်ဟာ သူ့တာဝန်တွေကို မထမ်းဆောင်နိုင်တော့ကြောင်း ကြေညာနိုင်ခွင့်ပေးထားပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Reuters
သူတို့ရဲ့ ကြေညာချက်ကို အောက်လွှတ်တော်နဲ့ ဆီးနိတ်အထက်လွှတ်တော်က ဥက္ကဋ္ဌတွေက လက်မှတ်ထိုးထောက်ခံပြီဆိုရင် သမ္မတဟာ နိုင်ငံကို အုပ်ချုပ်ရန် မသင့်တော်တော့ဘူး ဒါမှမဟုတ် သမ္မတရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ရုပ်သိမ်းလိုက်ပြီလို့ ကြေညာနိုင်ပါပြီ။ အဲဒီအဆင့်မှာ ဒုတိယ သမ္မတ မိုက်ခ်ပန့်စ်က အလိုအလျောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နိုင်ပါပြီ။
သမ္မတအနေနဲ့ အဲဒီအချိန်မှာ နုတ်ထွက်လွှာတင်ချင်ရင် တင်နိုင်ပါတယ်၊ တကယ်လို့ သူက အဲဒီလို မလုပ်ဘူးဆိုရင်၊ လွှတ်တော်က ဆုံးဖြတ်ဖို့ဖြစ်လာပါမယ်။ သမ္မတကို ရာထူးကနေဖယ်ဖို့ အောက်လွှတ်တော်နဲ့ ဆီးနိတ်အထက်လွှတ်တော်မှာ မဲ သုံးပုံ နှစ်ပုံ ရဖို့ လိုအပ်ပါတယ်။
အဲဒီလို ကိစ္စတွေကို မဖြေရှင်းနိုင်သေးခင် ဒုတိယ သမ္မတဟာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေနိုင်ပါပြီ။
ဓာတ်ပုံ ရင်းမြစ်, AFP
သမ္မတထရမ့် ကိုဗစ် ၁၉ ရနေပြီဆိုတဲ့ ရောဂါသတ်မှတ်ချက်ထွက်လာပြီးတဲ့နောက် နိုင်ငံကို အုပ်ချုပ်နိုင်တဲ့ ကျန်းမာရေးအနေအထားမှာ မရှိတော့မှာကို စိုးရိမ်ကြပြီး 25th Amendment ကိစ္စကို မနှစ် အောက်တိုဘာလက ဆွေးနွေးခဲ့ကြပါတယ်။
အရင်က အဲဒီပြဋ္ဌာန်းချက်ကို အသုံးပြုခဲ့ဖူးလား
သမ္မတ ဂျွန် အက်ဖ် ကနေဒီ လုပ်ကြံခံရပြီးနောက် ၄ နှစ်အကြာ ၁၉၆၇ ခုနှစ်မှာ 25th Amendment ကို ပြဋ္ဌာန်းခဲ့ပါတယ်။ သမ္မတ တစ်ဦး တကယ်လို့ တာဝန်ထမ်းဆောင်နိုင်စွမ်း မရှိတဲ့အခါမှာ သမ္မတနေရာကို ဘယ်သူက ဆက်ခံဆောင်ရွက်မလဲ ဆိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ကြိုးစားရင်း အဲဒီ ပြဋ္ဌာန်းချက် ဖြစ်ပေါ်လာတာပါ။
အဲဒီအကြောင်းပြချက်နဲ့အတူ အထူးသဖြင့် အပိုဒ်ခွဲ ၃ ကို သုံးခဲ့တဲ့ သမ္မတတချို့ရှိခဲ့ပါတယ်။ အဲဒီ အပိုဒ်ခွဲက သမ္မတအနေနဲ့ ဒုတိယ သမ္မတကို ယာယီ အာဏာလွှဲအပ်ထားတာပါ။
၂၀၀၂ ခုနှစ် နဲ့ ၂၀၀၇ ခုနှစ်မှာ သမ္မတ ဂျော့ ဘုရှ်က အူမကြီးစစ်ဆေးမှုအတွက် မေ့ဆေးပေးခံရဖို့ရှိတာမို့ သူ့ ဒုတိယ သမ္မတကို အာဏာ ယာယီလွှဲပေးခဲ့ပါတယ်။ သမ္မတ ရော်နယ် ရီဂင်လည်း ၁၉၈၅ ခုနှစ်မှာ အလားတူပဲ ကင်ဆာရောဂါ ခွဲစိတ်ကုသဖို့အတွက် ဆေးရုံတက်နေစဉ် အာဏာကို ဒုတိယ သမ္မတဆီလွှဲအပ်ပေးခဲ့ပါတယ်။
အခုအချိန်အထိတော့ 25th Amendmentကိုသုံးပြီး နေရာကနေ အပြီးတိုင်ဖယ်ရှားခံရတဲ့ သမ္မတတော့ မရှိသေးပါဘူး။
ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။