ဗြိတိန်ရဲ့ နိုင်ငံရေးဖိအားကြောင့် မဟာမိတ်တွေ သံတမန်ကို နှင်ထုတ်လို့ ရုရှားပြော
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗြိတိန်အစိုးရက နိုင်ငံရေးအရ ဖိအားပေးပြီး သူရဲ့ မဟာမိတ် နိုင်ငံတွေမှာ ရှိတဲ့ ရုရှား သံတမန်တွေကို ဒီနိုင်ငံက ထွက်သွားအောင် လုပ်တယ်လို့ ရုရှားက တုံ့ပြန်ပါတယ်။
ဗြိတိန်မှာ နေထိုင်တဲ့ ရုရှား သူလျှိုဟောင်းကို အာရုံကြော အဆိပ်နဲ့ တိုက်ခိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံပေါင်း ၂၀ ကျော်က ရုရှား သံတမန်တွေကို နိုင်ငံထဲကနေ ထွက်ခွာခိုင်းခဲ့တာ ဖြစ်ပါတယ်။
ရုရှား အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ Konstantin Kosachev က အမေရိကန်နဲ့ ဗြိတိန်တို့လုပ်နေသလို သူတို့ ဘယ်တော့မှ လုပ်မှာ မဟုတ်သလို ခုဖြစ်နေတာက ဗြိတိန်က နိုင်ငံရေးအရ ဖိအားပေးနေတယ်ဆိုတာ သေချာတယ်လို့ ပြောပါတယ်။
ရုရှားကတော့ ဗြိတိန်မှာနေတဲ့ ရုရှား သူလျှိုဟောင်း Sergei Skripalနဲ့ သမီးတို့ အဆိပ်မိတာဟာ သူ့တို့လက်ချက် မဟုတ်ဘူးလို့ ငြင်းထားပါတယ်။
အစောပိုင်းက NATO အဖွဲ့ကလည်း ရုရှားသံတမန် ၇ ဦးကို အဖွဲ့ကနေ ထုတ်ပယ် တယ်လို့ ကြေညာပါတယ်။ ဒီလို ထုတ်ပယ် လိုက်တာကြောင့် NATOအဖွဲ့မှာ ရုရှားကိုယ်စားလှယ် ၃ ပုံ ၁ ပုံ လောက် လျော့ကျသွားခဲ့ပါတယ်။
နေတိုးအတွင်းရေးမှူး Jens Stoltenberg ကတော့ ရုရှားဟာ သူ့ လုပ်ဆောင်ချက်ရဲ့ အကျိုးဆက်ကို ပေးဆပ်ခံစားရမယ်လို့ ပြောပါတယ်။
သံတမန် ၃ ယောက်က ပြန်လက်ခံအသိအမှတ်ပြုဖို့ တောင်းဆိုခဲ့ပေမယ့် ပယ်ချခဲ့ တယ်လို့ သူက ပြောပါတယ်။ ကရိုင်းမီးယား ဒေသထဲကို ရုရှတပ်တွေ ကျူးကျော် သိမ်းပိုက်ခဲ့စဉ် ၂၀၁၅ ခုနှစ် ကလည်း ရုရှကို NATO က အလားတူ အရေးယူခဲ့ ဖူးပါတယ်။
ဓာတ်ပုံ ရင်းမြစ်, EPA/ YULIA SKRIPAL/FACEBOOK
ရုရှား သူလျှိုဟောင်း Sergei Skripalနဲ့ သမီး ဓာတု အဆိပ်သင့်တုန်းက အသက် ရှင်မယ် မထင်ဘူးလို့ သူရဲ့ တူမက ပြောပါတယ်။
Salisburyမြို့မှာ ဦးလေးတို့ တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ မသိဘူးလို့ Viktoria Skripalက ဘီဘီစီကို ပြောပါတယ်။ ရုရှားနဲ့ ဗြိတိန် ဆက်ဆံရေးကို ဆိုးဝါးအောင် တခြားတဖွဲ့ဖွဲ့က လုပ်တာလို့ သံသယရှိတယ်လို့လည်း သူက ပြောပါတယ်။
အခုချိန်ထိ အသက် ၉၀ ရှိပြီဖြစ်တဲ့ မစ္စတာ Skripalရဲ့ အမေကို ဒီအကြောင်း အသိမပေးဘူးလို့လည်း ဆိုပါတယ်။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။