အသီးမှာ သရက်လို့ ဆိုလောက်တဲ့ သရက်သီးရဲ့ ထူးခြားစွမ်းအင်တွေ
ဓာတ်ပုံ ရင်းမြစ်, Getty Images
သရက်သီးလို့ဆိုလိုက်ရင် အဝါရောင်၊ အစိမ်းရောင်နဲ့ အနီရောင်သမ်းတဲ့ အသားများများ၊ ဝိုင်းဝိုင်းလုံးလုံး ဒါမှ မဟုတ် ရှည်မျောမျော ပုံစံနဲ့ အထဲမှာ အစေ့ပါတဲ့ အစိမ်းရော အမှည့်ပါ စားလို့ရတဲ့ သစ်သီး တစ်မျိုးဆိုတာ အားလုံး သိကြပါတယ်။
စျေးတွေထဲမှာ စူပါမားကက်ကြီးတွေမှာ အလွယ်တကူဝယ်နိုင်ပေမယ့် ရောင်းတာ မတွေ့ရတဲ့ သရက်သီး အမျိုးအစားပေါင်းက ရာနဲ့သာမက ထောင်နဲ့တောင် ချီပြီး ရှိနိုင်ပါတယ်။
ထူးကဲလှတဲ့ သရက်သီးတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကတော့ ဒီလိုပါ။
၁။ သရက်သီး အမျိုးပေါင်းဘယ်လောက်ရှိသလဲ
ဓာတ်ပုံ ရင်းမြစ်, Getty Images
နေရာဒေသအလိုက် သရက်သီး မျိုးကွဲပေါင်းက ထောင်နဲ့ချီ ရှိပါတယ်။ တချို့က နူးညံ့ချိုမြတယ်၊ တချို့က ချဉ်တယ်၊ တချို့ကျတော့ ပူစပ်စပ်၊ တချို့ကျပြန်တော့ နာနတ်သီး အရသာလိုလို ဖြစ်ပါတယ်။
စူပါမားကက်ကြီးတွေမှာ ရနိုင်တဲ့ အမျိုးကတော့ အရသာ ခပ်ပေါ့ပေါ့ပါ။
၂။ နိုင်ငံ သုံးနိုင်ငံရဲ့ အမှတ်အသား သစ်သီး
ဓာတ်ပုံ ရင်းမြစ်, Getty Images
ပါကစ္စတန်၊ အိန္ဒိယနဲ့ ဖိလစ်ပိုင်နိုင်ငံတို့အတွက် သရက်သီးက သူတို့ နိုင်ငံတွေရဲ့ အမှတ်အသား အသီးဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် အတွက်တော့ သရက်ပင်က နိုင်ငံ အမှတ်အသား အပင်ပါ။
၃။ သရက် ဆိုတဲ့ နာမည်ရဲ့ မူလအစ အိန္ဒိယက
ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်္ဂလိပ်လို "mango" သရက် ဆိုတဲ့ နာမည်က mankay မန်ကေ ဆိုတဲ့ တမီ ဘာသာစကား၊ ဒါမှ မဟုတ် mangga ဆိုတဲ့ ကယ်ရာလာ ဘာသာစကားကနေ ဆင်းသက်လာပုံ ရပါတယ်။
ပေါ်တူဂီကုန်သည်တွေ အိန္ဒိယ တောင်ပိုင်းမှာ အခြေချခဲ့ချိန်က manga ဆိုတဲ့ စကားလုံးကို ရွေးခဲ့ကြပါတယ်။
၁၅ ရာစုနဲ့ ၁၆ ရာစုတွေ အတွင်း ဗြိတိသျှတွေ ကုန်သွယ်ကြတဲ့အခါမှာတော့ "mango" သရက် ဆိုတဲ့ စကားလုံး မွေးဖွားလာပါတယ်။
၄။ ကမ္ဘာတ၀န်း နှစ်စဉ် သရက်သီး တန်ချိန် ၄၆ သန်း ထွက်
ဓာတ်ပုံ ရင်းမြစ်, Getty Images
သရက်မျိုး အားလုံး နီးပါးက စိုက်ရလွယ်ပြီး အလုံးလည်းကြီး အရောင်လည်း လှတဲ့ Tommy Atkins မျိုး သရက်တွေပါ။ သရက်ပင်တွေမှာ ကျတတ်တဲ့ မှိုရောဂါ အတော်များများကို ခံနိုင်ရည်ရှိတဲ့ အပြင် အလွယ်တကူ အသီးတွေ နာ မသွားတတ်ဘဲ ခူးပြီးရင်လည်း အကြာကြီး ခံပါတယ်။
ဒီဝိသေသတွေနဲ့ ပြည့်စုံတဲ့ သရက်မျိုးက ကမ္ဘာတဝန်းကို တင်ပို့ရောင်းချတဲ့ အချိန်ကျမှ အသီးတွေ မှည့်လိုက်လာတာမျိုးပါ။
ဒါပေမဲ့ မကောင်းတဲ့ အချက်က အသီးတွေမှာ အမျှင်များပြီး အရသာလည်း သိပ်မကောင်းပါဘူး။
၅။ ကမ္ဘာ့ အရပ်ရပ်မှာ သရက်သီး ထွက်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Getty Images
စူပါမားကက်တွေမှာ ကမ္ဘာ့ နေရာအသီးသီးက ထွက်တဲ့ သရက်သီးတွေတစ်နှစ်ပတ်လုံး ရပါတယ်။
နှစ်ဆန်းပိုင်းလောက်မှာ ပီရူးနိုင်ငံ၊ နောက်တော့ အာဖရိက၊ ပြီးတော့ အစ္စရေးနဲ့ အီဂျစ်က သရက်တွေ ထွက်ပါတယ်။ နှစ်လယ် ကျော်လာချိန်ရောက်တော့ ဘရာဇီးကနေ ထွက်ပါတယ်။
၆။ ကမ္ဘာမှာ ဘယ်နိုင်ငံ သရက်သီး အများဆုံးထွက်လဲ
ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်အာရှ ဒေသက အိန္ဒိယ နိုင်ငံဟာ သရက်သီး တန်ချိန် ၁၈ သန်း စိုက်ပျိုးပါတယ်။ ဒါဟာ ကမ္ဘာမှာ နှစ်စဉ်ထွက်တဲ့ သရက်သီး ပမာဏရဲ့ ၄၀ ရာခိုင်နှုန်း နီးပါးဖြစ်ပါတယ်။ ဒါပေမဲ့ ထွက်သမျှ အသီးတွေကို ပြည်တွင်းမှာပဲ စားသုံးကြတဲ့ အတွက် ကမ္ဘာ့ သရက်သီး တင်ပို့ရောင်းချမှုမှာတော့ ၁ ရာခိုင်နှုန်းတောင် မပြည့်ပါဘူး။
တရုတ်နဲ့ ထိုင်းနိုင်ငံတို့ကလည်း သရက်သီး အထွက် အများဆုံးနိုင်ငံတွေထဲမှာ ပါဝင် ပါတယ်။
၇။ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးထောင်က စပြီး သရက် စိုက်ခဲ့
ဓာတ်ပုံ ရင်းမြစ်, Getty Images
သဘာဝအတိုင်းတွေ့ရတဲ့ သရက်ရဲ့ မူရင်း နေရာက ဟိမဝန္တာ တောင်ခြေက အိန္ဒိယနဲ့ မြန်မာ နယ်စပ်မှာ ဖြစ်တယ်ဆိုတဲ့ ယူဆမှုတွေ ရှိပါတယ်။
သရက်ပင်တွေကို ပထမဆုံး စတင် စိုက်ပျိုးတယ်လို့ သိရတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးထောင်က ဖြစ်ပြီး အိန္ဒိယ တောင်ပိုင်း၊ မြန်မာ နိုင်ငံနဲ့ ဘင်္ဂလားပင်လယ်အော် အတွင်းက ကပ္ပလီ ကျွန်းစုတွေ မှာ စိုက်ခဲ့တာ ဖြစ်ပါတယ်။
၈။ ကမ္ဘာအနှံ့ သရက်တွေ ဆက်ခြေဆန့်
ဓာတ်ပုံ ရင်းမြစ်, Getty Images
အာရှ ဒေသမှာ စတင်စိုက်ပျိုးခဲ့တဲ့ သရက်ဟာ အခုတော့ ကမ္ဘာ တဝန်းလုံးကို ရောက်နေပြီ ဖြစ်ပါတယ်။
အာဖရိကမှာ ၁၀ ရာစုနှစ် လောက်က စတင် စိုက်ပျိုးတယ်လို့ ဆိုကြပါတယ်။ ၁၄ ရာစု ရောက်တော့ မြောက်အာဖရိက က စူးစမ်းလေ့လာသူ ခရီးသည်ကြီး Ibn Battuta က မိုဂါဒစ်ရှူး မှာ ပေါက်နေတဲ့ သရက်ပင်တွေ သူတွေ့ရတဲ့ အကြောင်း ရေးသားခဲ့ပါတယ်။
၁၅ ရာစုရောက်တော့ ဟင်းခတ်အမွှေးအကြိုင် ကုန်သွယ်မှုရဲ့ ဆွဲဆောင်အားကြောင့် အရှေ့တောင်အာရှ နိုင်ငံတွေကို ကိုလိုနီ ပြုဖို့ ဥရောပ နိုင်ငံ အတော်များများကို တွန်းအားပေးသလို ဖြစ်စေခဲ့ ပါတယ်။
အဲဒီ နိုင်ငံတွေထဲမှာ ပါတဲ့ ပေါ်တူဂီနဲ့ စပိန် နိုင်ငံတို့ က သရက်သီးရဲ့ အသုံးဝင်ပုံ အမျိုးမျိုးကို သဘောကျ နှစ်ခြိုက်လာကြပြီး အမေရိက တိုက်က ကိုလိုနီ နိုင်ငံတွေကို ယူဆောင် သွားကြပါတယ်။
အခုတော့ သရက်သီးတွေဟာ ကာရစ်ဘီယံဒေသ၊ ဘရာဇီးနိုင်ငံတို့အပြင် ရာသီဥတု ပိုနွေးတဲ့ ပီရူးလို တောင်အမေရိကတိုက်က နိုင်ငံတွေအထိ ပြန့်နှံ့ ရောက်ရှိနေပါပြီ။
စပိန်နိုင်ငံကတော့ ဥရောပတိုက်မှာ သရက် စိုက်ပျိုးတဲ့ တစ်ခုတည်းသော နိုင်ငံ ဖြစ်ပါတယ်။ သစ်ပင်ထူထပ်တဲ့ မာလာဂါဒေသမှာ စိုက်ပျိုးပါတယ်။
၉။ ကမ္ဘာ့သက်တမ်း အရင့်ဆုံး သရက်ပင်
ဓာတ်ပုံ ရင်းမြစ်, Getty Images
နှစ်ပေါင်း ၃၀၀ လောက် ရှိမယ်လို့ ယူဆရတဲ့ ကမ္ဘာ့ သက်တမ်း အရင့်ဆုံး သရက်ပင်ကြီးက အိန္ဒိယ နိုင်ငံ အလယ်ပိုင်းက အရှေ့ခန်ဒက်ရှ် ဒေသမှာ ရှိပါတယ်။
အဲဒီသရက် ပင်အိုကြီးက အခုအချိန်အထိ အသီးတွေ သီးနေတာကလည်း အံ့သြစရာဖြစ်ပါတယ်
၁၀။ သရက်မျိုးနွယ်ဝင် အပင်တွေ
ဓာတ်ပုံ ရင်းမြစ်, Getty Images
သရက်သီးဟာ အခွံပါးပါး အသားများများနဲ့ အလယ်မှာ အစေ့ပါတဲ့ အသီးဖြစ်ပါတယ်။
သံလွင်သီး၊ စွန်ပလွံသီးနဲ့ ချယ်ရီသီးတွေဟာလည်း အလယ်မှာ အဆံပါတဲ့ သစ်စေ့ ပါတဲ့ အသီးမျိုးတွေဖြစ်ပါတယ်။
သီဟိုဠ်သရက်နဲ့ ပစ္စတာချီယို သစ်စေ့ထွက်တဲ့ အပင်တို့ဟာလည်း သရက်ပင်ရဲ့ မျိုးနွယ်တွေ ဖြစ်ပါတယ်။
၁၁။ ဗုဒ္ဓဘာသာဝင်တွေအတွက် ထွဋ်မြတ်တဲ့ သရက်ပင်
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗုဒ္ဓဘုရားရှင်နဲ့ နောက်ပါရဟန်းတွေ ကိုယ်တိုင် သရက်ပင်တွေရဲ့ အရိပ်အာဝါသ ကောင်းတဲ့ ဆိတ်ငြိမ် အေးချမ်းတဲ့ သရက် ဥယျာဉ် ထဲမှာ တရားကျင့်ကြံပြီး နားနေခဲ့ကြတယ်လို့ ဆိုကြ ပါတယ်။
ဒါကြောင့် သရက်ပင်ဟာ မြင့်မြတ်တယ်လို့ ဗုဒ္ဓဘာသာဝင်တွေက သတ်မှတ်ထားကြပါတယ်။
၁၂။ သရက်သီးရဲ့ ကောင်းကျိုးများ
ဓာတ်ပုံ ရင်းမြစ်, Getty Images
သရက်သီး တစ်ပန်းကန်မှာ ဗီတာမင် စီဓာတ် ၆၀ မီလီဂရမ် ပါဝင်ပါတယ်။ ဗြိတိန်နိုင်ငံမှာတော့ အမျိုးစား ကျန်းမာရေး ဝန်ဆောင်မှု ဌာန NHS က အသက် ၁၉ ကနေ ၆၄ နှစ် အရွယ် လူကြီး တစ်ယောက်အနေနဲ့ နေ့စဉ် ဗီတာမင် စီ ၄၀ မီလီဂရမ် လိုအပ်တယ်လို့ အကြံပြုထားပြီး အမေရိကန်ကတော့ တစ်နေ့ကို ၆၀ မီလီဂရမ် လို့တယ်လို့ ဆိုထားပါတယ်။
ကျန်းမာရေးအတွက် ကောင်းကျိုးတွေက ဒါတင် မကပါဘူး၊ တခြားဗီတာမင်တွေနဲ့ သတ္တုဓာတ် တွေလည်း အများကြီး ပါပါသေးတယ်၊
ဗီတာမင် A ဓာတ်၊ ပိုတက်စီယမ်နဲ့ ဖောလစ်အက်စစ်အပြင် အမျှင်ဓာတ်လည်း ပါဝင်ပါတယ်။
ဒါကြောင့် သရက်သီးကို စားလို့ စိုးရိမ်စရာ မလိုဘဲ စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။
၁၃။ ကမ္ဘာ့အကြီးဆုံးဆုရ သရက်သီးကြီး
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂင်းနစ် ကမ္ဘာ့ စံချိန် မှတ်တမ်းအရ ကမ္ဘာ့ အလေးဆုံးနဲ့ အကြီးဆုံး သရက်သီးကြီးဟာ အလေးချိန် ၃.၄၃၅ ကီလိုဂရမ် ရှိပြီး အရှည် ၃၈.၄၈ စင်တီမီတာ၊ လုံးပတ်က ၄၉.၅၃ စင်တီမီတာနဲ့ အနံ ၁၇.၇၈ စင်တီမီတာ ရှိပါတယ်။
အဲဒီ ဧရာမ သရက်သီးကြီးဟာ ဖိလစ်ပိုင်နိုင်ငံက ဆာဂျီယိုနဲ့ မာရီယာ ဆိုကော်ရို ဘိုဒီယိုဂန် Maria Socorro Bodiongan တို့ရဲ့ အိမ်ရှေ့ခြံထဲမှာ ၂၀၀၉ ခုနှစ်က သီးခဲ့တာ ဖြစ်ပါတယ်။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။