ကလေးမှာ နောက်ထပ် ရဲနှစ်ဦး အရေးယူခံရ

ကလေးမြို့က ရဲတချို့ တရားမဝင် လုပ်ငန်းတွေနဲ့ ဆက်နွယ်နေလို့ စစ်ဆေး အရေးယူနေချိန်မှာပဲ နောက်ထပ် ရဲ ၂ ဦးဟာ ကားပိုင်ရှင် တစ်ဦးကို ခြိမ်းခြောက် ငွေညှစ်နေတဲ့ အမှုနဲ့ ဖမ်းဆီး အရေးယူခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဲ ၂ ဦးဟာ ကား ၂ စီးပိုင်တဲ့ ယာဉ်ပိုင်ရှင် တစ်ယောက်ကို ခြိမ်းခြောက် ငွေတောင်းနေတုန်း တာဝန်သိ လူငယ်တွေက ရဲတပ်ဖွဲ့ကို ဖုန်းဆက် အကြောင်းကြားခဲ့လို့ အဲဒီ ရဲ ၂ ယောက် အဖမ်းခံလိုက်ရတာလို့ ဖမ်းဆီးမိဖို့အရေး အကူအညီပေးခဲ့တဲ့ အထက်ချင်းတွင်းဒေသ လူငယ်ကွန်ယက် အဖွဲ့ဝင် ကိုကျော်သက်ဝင်းက ပြောပါတယ်။
ကလေးမြို့မရဲစခန်းကလည်း ရဲ ၂ ဦးကို ဖမ်းဆီး စစ်ဆေးနေတဲ့အကြောင်း ဘီဘီစီကို အတည်ပြု ပြောပါတယ်။
ကလေးမြို့ ပတ်ဝန်းကျင်မှာ လိုင်စင်မဲ့ကားတွေ အသုံးပြုပြီး လက်နက်မှောင်ခိုမှု မူးယစ်ဆေးရောင်းဝယ်မှုတွေ လုပ်တဲ့ သူတွေထဲမှာ နယ်မြေခံရဲအရာရှိတွေ ပါနေတယ်ဆိုပြီး နေပြည်တော်ရဲချုပ်က စေလွှတ်တဲ့ အထူးရဲတပ်ဖွဲ့တွေ စစ်ဆေးမှုတွေ လုပ်နေတဲ့အချိန်မှာ နောက်ထပ် ရဲ ၂ ဦး အရေးယူခံရတာလည်း ဖြစ်ပါတယ်။
လတ်တလော ကလေးမြို့မှာ လိုင်စင်မဲ့ကား ၂၅ စီးကို သိမ်းဆည်းထားပြီး ရဲအရာရှိ ၁၀ ဦးထက်မနည်းကို အထူးခုံရုံးဖွဲ့ပြီး စစ်ဆေးနေ တယ်လို့ သိရပါတယ်။




