မန္တလေး မြို့သာစက်မှုဥယျာဉ်မှာ ဆေးခြောက်စိုက်တဲ့ ကုမ္ပဏီကို ရဲကဖမ်း
ဓာတ်ပုံ ရင်းမြစ်, CCDAC Myanmar
မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မန္တလေးမြို့သာစက်မှုဥယျာဉ်မြို့တော်ဝင်း၊ အမှတ်(၂)လုပ်ကွက်အတွင်းက ဧက၂၀လောက်ရှိတဲ့ ဆေးခြောက်စိုက်ခင်း စိုက်တဲ့သူတွေကို ဧပြီလ ၂၂ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ခရိုင်ရဲတပ်ဖွဲမူး ရဲမှူးကြီးမျိုးအောင်က ဘီဘီစီ ကိုပြောပါတယ် ။
ဆေးခြောက်စိုက်ခင်း စိုက်တဲ့ အမေရိကန် နိုင်ငံသားနဲ့ မြန်မာနိုင်ငံသားနှစ်ဦး စုစုပေါင်း သုံးဦးကို ဖမ်းဆီးလိုက်တာဖြစ်ပြီး အသေးစိတ် အချက်အလက်နဲ့ ပတ်သက်ပြီးလတ်တလော သတင်းမထုတ်ပြန်သေးဘူးလို့လည်း ရဲမှူးကြီးမျိုးအောင်က ပြောပါတယ် ။
ဆေးခြောက်အပင်ပေါင်း ၃ သိန်းကျော် ခန့်၊ စိုက်ပျိုးထားတာ စစ်ဆေးတွေ့ရှိရကြောင်းနဲ့ ပျိုးပင် ၅၂၀ဝ ၊ ဆေးခြောက်အစေ့ (မျိုးစေ့) ၃၈၀ ကီလိုဂရမ်၊ ဆေးခြောက်အဆီ ၁,၈၀၄ ဂရမ်၊ ဆေးခြောက် ၂၇၀.၅ ကီလိုဂရမ်အပါဝင် ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပြီး ရှိန်းလတ်(၃၇)နှစ်၊ မရွှန်းလဲ့မြတ်နိုး(၂၃)နှစ်၊ အမေရိကန်နိုင်ငံသားတွေဖြစ်ကြတဲ့ Mr. John Fredric Todoroki (၆၃)နှစ်နှင့် Mr. Alexander Skemp Todoroki (၄၉)နှစ်(စုံစမ်းဆဲ)တို့ကို မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ မူးယစ်ယစ်ဗဟိုက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ ရင်းမြစ်, CCDAC Myanmar
ဒီစိုက်ခင်းဟာမန္တလေးတိုင်းတိုင်းအစိုးရ ခွင့်ပြုချက်နဲ့ စမ်းသပ်လုပ်ကိုင်နေတာ လို့ ပြောဆိုမှု တွေ ရှိပေမဲ့ ကုမ္မဏီ ဘက် ကိုဆက်သွယ်အတည်ပြုလို့တော့ မရသေးပါဘူး။
ဆေးခြောက်စိုက်ခင်းနဲ့ ပတ်သက်ပြီးအမေရိကန်နိုင်ငံသားတစ်ဦး ကိုဖမ်းဖို့ကျန်သေးတယ်လို့လည်းမန္တလေးတိုင်းရဲတပ်ဖွဲ့က နေတစ်ဆင့်သိရပါတယ် ။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။