တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးပါ ၆ ဦးကို စတင် တရားစွဲ
ဓာတ်ပုံ ရင်းမြစ်, Aung Ye Htwe Facebook
ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူး အပါအဝင် ၆ ဦးကို စက်တင်ဘာလ ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှာ စတင် တရားစွဲဆိုပါတယ်။
ဦးဟန်ထူးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅၊ ကျန် ၅ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ နဲ့ တရားစွဲဆိုထားတာ ဖြစ်တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သတင်း ထုတ်ပြန်ပါတယ်။
ဦးဟန်ထူးပါ ၆ ဦးဟာ ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့တဲ့ အမှုနဲ့ ပတ်သတ်ပြီး တရားခံတွေအပေါ် စွဲဆိုထားတဲ့ ပြစ်မှုကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ (က) အရ ရုပ်သိမ်းခွင့်ပြုကြောင်း အမိန့်ချမှတ်ခဲ့လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားစွဲဆိုခဲ့တာပါ။
အမှုဖွင့်ခံရသူတွေထဲက ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ဟောင်း ဦးဟန်ထူးဟာ လက်ရှိ အာဏာရ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းအစိုးရ အဖွဲ့ဝင်လည်း ဖြစ်ခဲ့ပါတယ်။
အောင်ရဲထွေးကို ရိုက်နှက်သတ်ဖြတ်ခဲ့သူလို့ စွပ်စွဲခံရတဲ့ ကျော်ဇော ခေါ် ကျော်ဇောဟန်၊ သန်းထွဋ်အောင် ခေါ် သားကြီးနဲ့ ပြည့်ဖြိုးအောင် ခေါ် အောင်လေးတို့ သုံးယောက်စလုံးကို ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးက ဇူလိုင် ၂၅ ရက်က အမှုပိတ်သိမ်းပြီး လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်တိုင်း ဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင် တရားသူကြီး ဦးအောင်ကြည်နဲ့ ရွှေပေါက္ကံ နယ်မြေစခန်းမှူး (ယခင်သုဝဏ္ဏနယ်မြေ စခန်မှူး) ရဲအုပ်ချစ်ကိုကို တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စက်တင်ဘာ ၁၃ ရက်က သုဝဏ္ဏနယ်မြေ ရဲစခန်းမှာ တိုင်ကြားချက် ဖွင့်ပြီး အခုလို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။