ဗြိတိသျှဘုရင်မကြီးနဲ့ တနှစ်တည်း မွေးတဲ့ မြန်မာပညာရှင်
အမေရိကန်နိုင်ငံ ချီကာဂိုမြို့နားမှာ အနားယူနေတဲ့ ဒေါက်တာမောင်ရှိန်ဟာ တချိန်က လမ်းစဉ်ပါတီအစိုးရရဲ့ ထိပ်တန်း ရာထူးတွေ ရခဲ့သူ ဖြစ်ပါတယ်။ ဒေါက်တာရှိန်ဟာ ၁၉၂၆ ခုနှစ်ဖွားဖြစ်လို့ နတ်ရွာစံသွားတဲ့ ဗြိတိသျှဘုရင်မကြီး အဲလစ်ဇဘက်နဲ့ တနှစ်တည်း မွေးခဲ့သူ ဖြစ်ပါတယ်။
သူနဲ့ ခေတ်ပြိုင် မြန်မာပညာရှင်အများစု သက်ရှိထင်ရှား မရှိကြတော့ပါဘူး။ ဒီထဲက သူနဲ့ တနှစ်တည်းမွေးတဲ့ သံအမတ်ကြီး ဦးသက်ထွန်းနဲ့ သူ့ထက် တနှစ်ငယ်တဲ့ ဘောဂဗေဒပညာရှင် မောင်စူးစမ်းတို့ကို လူသိများပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr Maung Shein
ကိန်းဘရစ် ပါရဂူ ဒေါက်တာရှိန်
ဒေါက်တာမောင်ရှိန်ဟာ ၁၉၆ဝ က ကိန်းဘရစ်တက္ကသိုလ်က ဘောဂဗေဒပါရဂူဘွဲ့ ဆွတ်ခူးခဲ့ပါတယ်။ သူ့အရင်နဲ့ သူနဲ့ခေတ်ပြိုင် ဘောဂဗေဒပါရဂူဘွဲ့ရတဲ့ မြန်မာပြည်ဖွားအများစုဟာ နိုင်ငံက စောစောထွက်သွားလေ့ရှိကြပေမယ့် သူကတော့ အစိုးရထိပ်ပိုင်း ရာထူးမှာ ထမ်းဆောင်ပြီး ၁၉၈၈ အပြီးမှ နိုင်ငံက ထွက်ခဲ့ပါတယ်။
ဒေါက်တာလှမြင့်၊ ဒေါက်တာထွန်းဝေ၊ ဒေါက်တာထွန်းသင် စတဲ့ ငယ်ကတည်းက ထူးချွန်တဲ့ သူ့ဆရာတွေနဲ့ မတူဘဲ ဒေါက်တာမောင်ရှိန်ဟာ အသက် ၂၁ နှစ် ကျမှ ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်ခဲ့သူ ဖြစ်ပါတယ်။ ၂၆ နှစ်မှာ ဘွဲ့ရပြီး လန်ဒန်မှာ ၈ နှစ်ပညာသင်ကာ နောက်ထပ် ဘွဲ့နှစ်ဘွဲ့ ရယူခဲ့ပါတယ်။
၁၉၆ဝ ကနေ ၁၉၇၂ ထိပဲ ရန်ကုန်တက္ကသိုလ်နဲ့ စီးပွားရေးတက္ကသိုလ်တွေမှာ စာပြခဲ့ပေမယ့် ဒေါက်တာရှိန်ကို ဆရာကောင်းတယောက်အဖြစ် တက္ကသိုလ်လောကက လေးစားကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr Maung Shein
ညောင်လေးပင် ကွန်မြူနစ်
ဒေါက်တာရှိန်ဖြစ်လာမယ့် မောင်ရှိန်ဟာ မြန်မာနိုင်ငံအောက်ပိုင်း ပဲခူးတိုင်းထဲက ညောင်လေးပင်မြို့လေးမှာ လူလတ်တန်းစား မိသားစုမှာ မွေးဖွားခဲ့ပါတယ်။ စည်းကမ်းကြီးတဲ့ မိဘအုပ်ထိန်းမှုနဲ့ ကြီးပြင်းခဲ့တဲ့ မောင်ရှိန်ဟာ ငယ်ငယ်ကတည်းက ပညာလိုလားစိတ်နဲ့ ဝီရိယထက်သန်မှုကို မိဘတွေဆီက ရခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bo Bo BBC Burmese
အစ်ကိုနဲ့ အစ်မဖြစ်သူကလည်း သူ့ကို ဂရုတစိုက် စောင့်ရှောက်ခဲ့လို့ အိမ်က မချမ်းသာပေမယ့် သူ့ပညာရေးလမ်း ဖြောင့်ဖြူးခဲ့ပါတယ်။ သူငယ်စဉ် ဘုန်းကြီးကျောင်းသားဘဝက ညောင်လေးပင်တောရဆရာတော်နဲ့အတူ ရန်ကုန်တက္ကသိုလ် သမဂ္ဂထမင်းဆိုင်က ဆွမ်းစားပင့်တာကို လိုက်ခဲ့ရလို့ အဲဒီကတည်းက တက္ကသိုလ်သွား စာသင်ချင်စိတ် ရှိခဲ့တယ်လို့ ဒေါက်တာရှိန်က ကျွန်တော့်ဘဝ ကျွန်တော့်အကြောင်း တစ်သက်တာအတွေ့အကြုံ စာအုပ်မှာ ပြန်ပြောင်းရေးခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ပညာသင်ပျက်ခဲ့ပေမယ့် သခင်ဇင်ဆီမှာ ကွန်မြူနစ်သင်တန်းနဲ့ စစ်သင်တန်းတွေ တက်ခဲ့ပါတယ်။ ဖက်ဆစ်ပြန်တိုက်ဖို့အတွက် မဟာမိတ်တွေ ချပေးမယ့် လက်နက်တွေ ရဖို့ ပဲခူးရိုးမထဲထိ သွားစောင့်ခဲ့ပါတယ်။
စစ်ပြီးခေတ်မှာ သခင်ဇင်တို့ ကွန်မြူနစ်တွေရဲ့ အစွန်းရောက် လမ်းကြောင်း မကြိုက်ဘဲ ဗိုလ်ချုပ်အောင်ဆန်းကို သဘောကျလို့ နိုင်ငံရေးထဲ မပါတော့ဘဲ ပညာရေးကိုပဲ အားစိုက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr Maung Shein
နှုတ်ခမ်းမွေးနဲ့ ရှားလော့ဟုမ်း
ဒေါက်တာမောင်ရှိန်ဟာ စစ်နဲ့တော်လှန်ရေးကို ဖြတ်သန်းခဲ့တဲ့ စစ်ပြီးစ ကျောင်းသားမျိုးဆက်က ဖြစ်ပါတယ်။ သူနဲ့ ရွယ်တူအများစု လက်ဝဲနိုင်ငံရေးကို တိမ်းညွတ်ကြပေမယ့် ကွန်မြူနစ်နဲ့ သဘောကွဲခဲ့တဲ့ သူကတော့ သမဂ္ဂမဝင်ဘဲ သဟာယနဲ့ စာဖတ်အသင်း၊ ဘောဂဗေဒအသင်း စတာတွေမှာသာ လှုပ်ရှားခဲ့ပါတယ်။ နောက် ကျောင်းမှာ ဘောလုံးကန်ကောင်းပြီး နှုတ်ခမ်းမွေးထားတတ်လို့ နှုတ်ခမ်းမွေးမောင်ရှိန်ဆိုပြီး လူသိများပါတယ်။ သူနဲ့ ဘောလုံးကန်ဘက်တွေထဲမှာ မဆလခေတ် ကျန်းမာရေးဝန်ကြီးဖြစ်တဲ့ ဗိုလ်မှူးထွန်းဝေ ပါပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Wikipaedia
ဒေါက်တာရှိန်တို့ ကျောင်းသားဘဝဟာ စစ်အတွင်း အနောက်တိုင်းမှာ ပါရဂူဘွဲ့တွေယူပြီး ပြန်လာကြတဲ့ ဘောဂဗေဒဆရာတွေ ခေတ်ဖြစ်ပါတယ်။ မြန်မာပြည်မှာ အရင်က မရှိခဲ့တဲ့ မြန်မာဘောဂဗေဒပါရဂူတွေထဲမှာ နာမည်ကျော် ဒေါက်တာလှမြင့်ပါပြီး သူ ပါမောက္ခဘဝနဲ့ ဒေါက်တာ မောင်ရှိန်၊ မောင်စူးစမ်း စတဲ့ နာမည်ကျော်တွေကို ပို့ချခဲ့ပါတယ်။ နောက် အမေရိကန်ပြန် ဒေါက်တာထွန်းဝေနဲ့ ဒေါက်တာထွန်းသင်တို့အပြင် ဗဟိုဘဏ်ဥက္ကဋ္ဌ ဖြစ်လာမယ့် ဦးအေးလှိုင်နဲ့ စောဝီလျံပေါတို့လည်း ပါပါတယ်။ ဒေါက်တာလောင်း မောင်ရှိန်ဟာ ဆရာ စာမသင်ခင်မှာ စာကြိုဖတ်တတ်သူဖြစ်လို့ ဒေါက်တာလှမြင့် အတန်းထဲမှာ မေးတဲ့ မေးခွန်းတွေကို ဒိုင်ခံဖြေနိုင်လို့ ဆရာသဘောကျတဲ့ ကျောင်းသားဖြစ်လာပါတယ်။ အင်္ဂလိပ်စာ အရေးအသားကောင်းအောင် ဘယ်လိုဝတ္ထုတွေ ကြိုက်လဲလို့ ဦးလှမြင့်က မောင်ရှိန်ကို မေးပါတယ်။ ရှားလော့ဟုမ်းကြိုက်တယ်လို့ ဖြေတဲ့အတွက် သူ့ဆီလာယူဆိုပြီး ဦးလှမြင့်က အားပေးပါတယ်။ ဆရာအိမ်သွားရမှာရှိန်လို့ မောင်ရှိန် မသွားခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Dr Maung Shein
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဘိလပ်မှာ ၈ နှစ်
၁၉၅၂ မှာ ဘောဂဗေဒဂုဏ်ထူးဘွဲ့ကို အမှတ်အများဆုံးနဲ့ အောင်ပြီးနောက် ကိုရှိန် လန်ဒန်တက္ကသိုလ်မှာ စာဆက်သင်ဖို့ ဖန်လာပါတယ်။ သူနဲ့ အတူ ဘောဂဗေဒ ဂုဏ်ထူးတန်း အောင်သူတွေထဲမှာ သမတ ဒေါက်တာဘဦးသမက် ဖြစ်လာမယ့် ဝတ်လုံဦးသန်းအောင်နဲ့ NLD က ဦးညွန့်ဝေတို့ပါပါတယ်။
အဲဒီနောက် ကိုရှိန်နဲ့ ပဂ္ဂီမြတို့ နှစ်ယောက် လန်ဒန် ဘောဂဗေဒနဲ့ နိုင်ငံရေးသိပ္ပံကျောင်းမှာ ပညာသင်ခွင့်ရခဲ့ပါတယ်။ သူနဲ့ ခေတ်ပြိုင် ပညာတော်သင်တွေထဲမှာ ကိုညီညီနဲ့ ကိုဘသန်းဟက်ဆိုတဲ့ ဘူမိဗေဒ ကျောင်းသားတွေ ပါသလို မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ဖြစ်လာမယ့် ရူပဗေဒ ပညာသင် ကိုကျော်မြင့်လည်း ပါပါတယ်။ မဆလခေတ်မှာ စီမံဘဏ္ဍာဒုဝန်ကြီးဖြစ်မယ့် ကိုချစ်မောင်ကတော့ အောက်စဖို့ဒ်မှာ မဟာဘွဲ့အတွက် ဆည်းပူးနေပါတယ်။
ဒီလိုလူတော်တွေနဲ့ ခေတ်ပြိုင်ဖြစ်ပေမယ့် တေပေတဲ့ ကျောင်းသားတွေလည်း ရှိပါတယ်။ ဒီထဲက တယောက်နဲ့ အပေါင်းအသင်းမှားပြီး ကိုရှိန် ရည်းစားသနာရလာပါတယ်။ လန်ဒန်ဟိုတယ်တခုက အမျိုးသမီးဝန်ထမ်းတယောက်နဲ့ အပတ်စဉ်တွဲပြီး ချစ်တင်းနှောနေလို့ ကိုရှိန် စာကျက်ပျက်ပြီး ဒုတိယနှစ်မှာ ဘောဂဗေဒ သိပ္ပံဘွဲ့ ပထမပိုင်း စာမေးပွဲကျပါတယ်။ သူ့ဘဝမှာ တခုတည်းသော စာမေးပွဲကျခြင်းဖြစ်လို့ ကိုရှိန် အလွန်ရှက်ပြီး နောင်တလည်းရပါတယ်။
အဲဒီအချိန်မှာ လန်ဒန်ရောက်လာတဲ့ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာထင်အောင်က သူ့ကို စိတ်မပျက်ဖို့ အားပေးပြီး စာကြိုးစားခိုင်းပါတယ်။ တတိယနှစ်အကုန်မှာတော့ ဒီစာမေးပွဲအောင်ပြီး ဆက်ကြိုးစားဖို့ ဒေါက်တာထင်အောင်က အားပေးပါတယ်။ စတုတ္ထနှစ်မှာတော့ ဘွဲ့ကို ဒုတိယအဆင့်အထက်ပိုင်း ဂုဏ်ထူးနဲ့ အောင်ခဲ့ပါတယ်။ ဒီလို ဂုဏ်ထူးတန်းကို မြန်မာထဲက ဒီလောက်အဆင့်နဲ့ အောင်တာ မရှိဖူးလို့ ရန်ကုန်တက္ကသိုလ်က ပညာရည်ချွန်ဆု ၂၅ ပေါင် ချီးမြှင့်ပါတယ်။ နောက် ဒေါက်တာထင်အောင်က သူတက်ခဲ့တဲ့ ကိန်းဘရစ်တက္ကသိုလ် ဘုရင်မကောလိပ်မှာ ပါရဂူဘွဲ့အတွက် တက်နိုင်ဖို့ ကိုရှိန်ကို ထောက်ခံပေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒေါက်တာထင်အောင်ဟာ သူ လန်ဒန်မှာ စာလာသင်ဖို့ကစပြီး ပါရဂူဘွဲ့အတွက် ဆည်းပူးနိုင်ဖို့အထိ တောက်လျှောက် သားအရင်းလို အားပေးကြည့်ရှုခဲ့တယ်လို့လည်း ဒေါက်တာရှိန်က အမှတ်တရ ရေးသားခဲ့ပါတယ်။ နောက် ဒေါက်တာထင်အောင် မိတ်ဆက်ပေးခဲ့တဲ့ ပထဝီဝင် မဟာဝိဇ္ဇာကျောင်းသူ ဘက်တီခေါ် မခင်မလေးနဲ့ ဒေါက်တာရှိန် လန်ဒန်မှာ ဖူးစာမျှခဲ့ပါတယ်။ မခင်မလေးဟာ ရုက္ခဗေဒပါမောက္ခ ဒေါက်တာကိုကိုလေးရဲ့ နှမ ဖြစ်ပြီး အိန္ဒိယမြန်မာနွယ်ဖွား မန္တလေးသူ ဖြစ်ပါတယ်။
ပါရဂူဘွဲ့အတွက် ကိုရှိန်ပြုစုခဲ့တဲ့ ကျမ်းက ဗြိတိသျှအောက် မြန်မာပြည် စီးပွားရေး ဖွံ့ဖြိုးမှုမှာ သယ်ယူပို့ဆောင်ရေးနဲ့ ပြည်ပကုန်သွယ်ရေးတို့ ကဏ္ဍ ၁၈၈၅ -၁၉၁၄ ဖြစ်ပါတယ်။ အချက်အလက် ရှာဖွေဖို့ လန်ဒန်က အိန္ဒိယရုံးစာကြည့်တိုက်ကို တပတ် ငါးရက် နေ့စဉ် ရထားနဲ့ သွားရပါတယ်။ ၁၉၆ဝ သူ ၃၄ နှစ်အရွယ်မှာ ပါရဂူဘွဲ့ရပြီး မြန်မာပြည် ပြန်လာခဲ့ပါတယ်။ သူ့ကျမ်းကို ရန်ကုန်တက္ကသိုလ်က ပုံနှိပ်ပေးပြီး ကိန်းဘရစ်ကို ပို့ပေးခဲ့လို့ ဗြိတိန်ထုတ် ဘောဂဗေဒဂျာနယ်မှာ စာအုပ်ညွှန်းထည့်ပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr Maung Shein
တက္ကသိုလ်ဆရာ၊ ဘောလုံးနဲ့ သမဝါယမ
၁၉၆ဝ ကနေ ၁၉၇၂ အတွင်း ရန်ကုန်တက္ကသိုလ်နဲ့ စီးပွားရေးတက္ကသိုလ်တွေမှာ ဒေါက်တာရှိန် ကထိကနဲ့ ပါမောက္ခတာဝန်တွေ ထမ်းဆောင်ခဲ့ပြီး ဇနီးက ပထဝီဝင် ဌာနမှာ အမှုထမ်းပါတယ်။ သင်ကြားရေးတာဝန်အပြင် ပုဂံဆောင် အဆောင်မှူးလည်း လုပ်ပါတယ်။ ဒေါက်တာရှိန် တက္ကသိုလ် ဘောလုံးမန်နေဂျာ လုပ်တဲ့ခေတ်မှာ အောင်ဆန်းဒိုင်းနိုင်လို့ အမာစိန်အငြိမ့်နဲ့ အောင်ပွဲခံခဲ့သလို အရှေ့ပါကစ္စတန် (ဘင်္ဂလားဒေ့ရှ်)က ဖိတ်လို့ ဒါကာထိလည်း သွားကစားခဲ့ရပါတယ်။ ဝင်းဦးကို အတုခိုးတယ် ပြောခံရမှာစိုးလို့ နှုတ်ခမ်းမွေးကိုတော့ ဒေါက်တာရှိန် ပယ်ခဲ့ပါတယ်။
ဘောဂဗေဒပညာရှင်အဖြစ် အီးကဖေး၊ ဂတ်နဲ့ အန့်က်တတ် စတဲ့ ကုလသမဂ္ဂအစည်းအဝေးတွေကိုလည်း ဘန်ကောက်၊ ကာဘူးလ်၊ ဂျီနီဗာ စတဲ့ ပြည်ပနေရာတွေ သွားပြီး မြန်မာအဖွဲ့ဝင်တွေနဲ့အတူ တက်ခဲ့ရပါတယ်။ အဲဒီမှာ ၁၉၄၈ တုန်းက ရန်ကုန်တက္ကသိုလ်က တောခိုသွားတဲ့ ကိုတင်ရွှေခေါ် ရဲဘော်ချမ်းအေး (မောင်စူးစမ်း)လည်း ဘဏ္ဍာရေး ဝန်ကြီးဌာနအကြံပေးအဖြစ် သူနဲ့အတူ ပါခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၆၄ မှာ စီးပွားရေးတက္ကသိုလ်သစ်ရဲ့ ဘောဂဗေဒ ပါမောက္ခသစ် ဖြစ်လာတဲ့ ဒေါက်တာမောင်ရှိန်ဟာ စီမံကိန်းနဲ့ ဖွံ့ဖြိုးရေးဘောဂဗေဒကို သင်ကြားပေးခဲ့ပါတယ်။ ဒေါက်တာဆွန်ဒရမ်၊ ဒေါက်တာဖင်လေစတဲ့ စီးပွားရေးပညာရှင်တွေ မြန်မာပြည်က ထွက်သွားကြချိန်မှာ ဒေါက်တာမောင်ရှိန်ကတော့ ဆိုရှယ်လစ်ဘောဂဗေဒအားပြုတဲ့ သမဝါယမဘာသာရပ်ကို တိုးချဲ့ သင်ကြားပေးခဲ့ရပါတယ်။ မြန်မာနိုင်ငံသုတေသန အသင်းမှာလည်း တွဲဖက်အယ်ဒီတာ၊ အထွေထွေအလုပ်အမှုဆောင် ကော်မတီဝင် စတဲ့ တာဝန်တွေ ယူခဲ့ပါတယ်။ ၁၉၇၂ မှာတော့ သူ့ကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှာ မြန်မာပြည်ကိုယ်စားလှယ်အဖြစ် သုံးနှစ်ထမ်းဆောင်ခွင့် ရခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr Maung Shein
မင်းခယောက်ျား ၁၂ နှစ်
၁၉၆၂ အာဏာသိမ်းပွဲနောက်ပိုင်း တက်လာတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရက ဆိုရှယ်လစ်နိုင်ငံထူထောင်ပြီး အရှေ့အုပ်စုပုံစံ ရွေးချယ်တင်မြှောက်ပွဲတွေလုပ်ကာ ပြည်သူ့လွှတ်တော်နဲ့ နိုင်ငံတော်ကောင်စီဖွဲ့စည်းပြီး အုပ်ချုပ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားပြန် ပါရဂူတွေကို လမ်းစဉ်ပါတီက စေလွှတ် အရွေးခံ စေရာမှာတော့ ဝါရှင်တန်မှာ IMF တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာရှိန်ကို ပြန်ခေါ်ပြီး ပုလဲမြို့နယ် ကိုယ်စားလှယ်အဖြစ် ၁၉၇၆ မှာ ရွေးချယ်ခဲ့ပါတယ်။ ဂျာမနီကို သံအမတ်အဖြစ် စေလွှတ်ခံရတဲ့ စီမံဘဏ္ဍာ ဒုဝန်ကြီး ဦးချစ်မောင်နေရာမှာလည်း သူ့ကို ထမ်းဆောင်စေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr Maung Shein
ဒီလို နိုင်ငံရေးတာဝန်တွေ ယူရတာကို သူ့ဇနီးဖြစ်သူ ဒေါ်ခင်မလေးက စိတ်ပူပါတယ်။ စစ်ဗိုလ်ဝန်ကြီးတွေ မျက်နှာကြည့်နေရတဲ့ ကမ်းနားသစ်ပင် ပညာရှင်အရာရှိဘဝကို တွေးပူပြီး ဇနီးသည် မျက်ရည်ကျတယ်လို့ ဆိုပါတယ်။ တကယ် တာဝန်ယူရတော့လည်း စိတ်ပူစရာတွေ ဖြစ်လာပါတယ်။ ဆိုရှယ်လစ်တပါတီနိုင်ငံထုံးစံ ၁၅ ပြားတန် တံဆိပ်ခေါင်းကပ်ပြီး ပစ်စာပို့ တိုင်ကြားမှု ကြောင့် ဒေါက်တာမောင်ရှိန်ရဲ့ ကွယ်လွန်သွားတဲ့ အမေဟာ တရုတ်လူမျိုးဟုတ်မဟုတ် ထောက်လှမ်းရေးက စစ်ဆေးပါတယ်။ အဲဒီခေတ် နိုင်ငံခြားမုန်းတီးရေးစိတ်ကြောင့် တရုတ်နဲ့ တောင်အာရှ နွယ်တွေကို နေရာမပေး ခွဲခြားတဲ့ခေတ်မှာ ဒီလိုပစ်စာမျိုးက အင်မတန်အန္တရာယ်များပြီး အလုပ်ပြုတ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ၁၉၈၂ နိုင်ငံသားဥပဒေ ထွက်ပြီးစအချိန်မှာ ဒီလိုလူမျိုးရေး အကြောင်းပြပြီး ဖယ်ရှားခံရတဲ့ ဗိုလ်မှူးကြီး ကြည်မောင်၊ ဗိုလ်မှူးကြီးဝင်းနဲ့ ဗိုလ်မှူးကြီး ခင်မောင်တည် စတဲ့ ဝန်ကြီး ဒုဝန်ကြီးတွေ ရှိခဲ့ကြောင်း ဦးဝင်းထိန်ရဲ့ သံသရာတစ်ကွေ့ စာအုပ်မှာ ပါရှိပါတယ်။ ကံကောင်းထောက်မစွာနဲ့ အဲဒီအချိန်က ပြည်ထဲရေးဒုဝန်ကြီးက ဒေါက်တာမောင်ရှိန်နဲ့ ညောင်လေးပင်မှာ ကျောင်းနေဘက် ဦးအုန်းကျော် ဖြစ်နေလို့ ပစ်စာအမှုတွဲကို ခေါ်ပြတာနဲ့ ပြီးသွားခဲ့ပါတယ်။
ဒေါက်တာမောင်ရှိန်နဲ့ သူ့ဆရာ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးအေးလှိုင်တို့ဟာ မြန်မာပြည် ကြွေးမြီလျှော့ပေါ့ရေးအတွက် နိုင်ငံကို အဆင်းရဲဆုံး နိုင်ငံစာရင်း မဝင်စေရေး လိုလားခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ နောက်ပိုင်း တာဝန်ယူသူတွေ လက်ထက် ၁၉၈၇ မှာ စာရင်းဝင်သွားပြီး မကြာခင်မှာပဲ လူထုအုံကြွမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒေါက်တာမောင်ရှိန်ရဲ့ ၁၉၈၈ အထိ အစိုးရတာဝန်ယူခဲ့မှုတွေထဲမှာ ပြည်သူ့လုပ်ငန်းစစ်ဆေးရေး အဖွဲ့ဝင်အဖြစ်နဲ့ ကိုဖုန်းမော်အရေးအခင်း စစ်ဆေးရေး ကော်မရှင်မှာ ပါခဲ့ရတာ ဖြစ်ပါတယ်။ သူတို့တာဝန်ရှိတဲ့အတိုင်း မျက်နှာမလိုက်ဘဲ မှန်မှန်ကန်ကန် စစ်ချက်ထွက်နိုင်အောင် ဆောင်ရွက်ခဲ့တယ် ဆိုပေမယ့် ပြည်ထဲရေးဝန်ကြီး ဦးမင်းဂေါင်ကို ဖယ်ရုံနဲ့ လူထုက မကျေနပ်တော့ပါဘူး။ ၂၆ နှစ်လုံး မျိုသိပ်ခဲ့ရတဲ့ နိုင်ငံရေးတင်းမာမှုက သိပ်ကြီးလာပြီး ဦးနေဝင်းအစိုးရရဲ့ တုံ့နှေးမှု၊ ရက်စက်စွာ ဆင့်ကဲဖြိုခွဲမှုတွေကြောင့် နိုင်ငံရေးအကျပ်အတည်းဆိုက်ပြီး တပ်က အာဏာပြန်သိမ်း ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြည်ပရွှေ့ပြောင်း ပညာရှင်
အငြိမ်းစားဘဝရောက်ခဲ့ပေမယ့် သားသမီးနှစ်ယောက် ပြည်ပမှာ ပညာဆက်သင်နိုင်ရေး အတွက် ဒေါက်တာရှိန်တယောက် ပြည်ပမှာ အလုပ်ရှာခဲ့ရပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ပထဝီဝင်ပါမောက္ခလုပ်နေတဲ့ ဇနီးလည်း ရာထူးကနားပြီး သူနဲ့ လိုက်ခဲ့ပါတယ်။ ဒီလိုထွက်နိုင်ဖို့ စစ်အစိုးရသစ်ရဲ့ ဘဏ္ဍာရေးဝန်ကြီး ဗိုလ်မှူးချုပ်အေဘယ်လ်က ကူတယ်လို့ ဆိုပါတယ်။ သူနဲ့ခေတ်ပြိုင် မဆလက နားလာတဲ့ ဝန်ကြီး၊ ဒုဝန်ကြီးဟောင်း ပါရဂူတချို့လည်း ပြည်တွင်းပြည်ပ အလုပ်သစ်တွေကို ပြောင်းလဲ လုပ်ကိုင်ကြတာတွေ ရှိခဲ့ပါတယ်။ ဒေါက်တာရှိန်ကတော့ အရင် IMF မှာ လုပ်ခဲ့တဲ့ အဆက်အသွယ်နဲ့ပဲ ပစိဖိတ်ကျွန်းနိုင်ငံတွေမှာ ဘဏ်လုပ်ငန်းအကြံပေးလုပ်ခဲ့ပါတယ်။
ဒီလို ဝန်ကြီးအဆင့်ကနေ အကြံပေးအဖြစ် နိုင်ငံခြားမှာ ဝမ်းကျောင်းခဲ့ရာမှာ အရင် သူဝန်ကြီးဘဝမှာ မြန်မာပြည်ကို လာခဲ့ဖူးတဲ့ IMF ဝန်ထမ်းတချို့က သူ့ကို မခန့်လေးစားပြောတာ ကြုံရသလို သူ့ကို ကူညီတဲ့ မိတ်ဆွေဟောင်းတွေနဲ့လည်း တွေ့ရပါတယ်။ သူ့အကြံပေးချက်ကို လေးစားလိုက်နာတဲ့ နိုင်ငံအစိုးရတွေ ရှိသလို သူစိမ်းဆန်တဲ့ နိုင်ငံမျိုးနဲ့လည်း ကြုံခဲ့ရပါတယ်။ အဲဒီနောက် စင်္ကာပူသမ္မတဖြစ်လာမယ့် မစ္စတာနသန်ရဲ့အကူအညီနဲ့ စင်္ကာပူက နန်ယန်းနည်းပညာတက္ကသိုလ်မှာ ဧည့်ပါမောက္ခ သွားလုပ်ပေမယ့် သူ့အင်္ဂလိပ်စာကို စစ်ဆေးခိုင်းတဲ့အတွက် တနှစ်မပြည့်မီမှာပဲ အလုပ်ထွက်ပြီး မြန်မာပြည် ပြန်လာခဲ့ပါတယ်။ အဲဒီနောက် ဆရာဝန် သားနဲ့သမီးရှိရာ အမေရိကန်မှာ သူတို့ဇနီးမောင်နှံလိုက်ပြီး အနားယူကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒေါက်တာမောင်ရှိန်ဟာ ကိန်းဘရစ်ပါရဂူဘွဲ့ရ ဖြစ်ပေမယ့် စစ်ဗိုလ်ဝန်ကြီးတွေအောက်မှာ အလုပ်လုပ်ရပြီး NLD ဦးလွင်ဖြစ်လာမယ့် ဝန်ကြီးကို ဆရာလို သဘောထားပါတယ်။ သူ့ဆရာအရင်း ဒေါက်တာထင်အောင် ကွယ်လွန်ချိန်မှာလည်း ဒုဝန်ကြီးဘဝနဲ့ ဂါရဝပြုခဲ့ပါတယ်။
အာဏာရပါတီရဲ့တာဝန်တွေ ထမ်းဆောင်ရာမှာတော့ အာဏာနိုင်ငံရေး အားပြိုင်မှုတွေ ခံစားရတယ်လို့လည်း ဆိုပါတယ်။ ငထင်ငယ်လို သူ့ဆန်စားလို့ ရဲခဲ့ရပေမယ့် ဝမ်းပန်းပါးပြီး စိတ်ပျက်ရတယ်လို့လည်း ရင်ဖွင့်ပါတယ်။ တချိန်က ဆိုရှယ်လစ်ဘောဂဗေဒကို သင်ကြားခဲ့ပေမယ့်လည်း ဈေးကွက်စီးပွားရေးခေတ် မြန်မာပြည်မှာ ပြည်ပဘဏ်တွေ ဖွင့်ခွင့်ပေးပြီး လုပ်ကိုင်ခွင့်တွေပေးဖို့၊ ဈေးကွက်ကို ပိုပြီးဖွင့်ပေးဖို့ ဆောင်းပါး စာတမ်းတွေ ရေးပြီး နှိုးဆော်ခဲ့ပါတယ်။ နောက်ဆုံး သူ့သမီးဖြစ်သူနဲ့အတူ မိသားစု အမေရိကန်ဝင်ခွင့်ရဖို့ ကြိုးစားရာမှာ အခက်ကြုံခဲ့ရသလို အောင်မြင်ပြီး ဟိုနိုလူလူလေဆိပ်ရောက်ချိန်မှာတော့ မြေပြင်ပေါ် ဒူးထောက် ဆုတောင်းခဲ့တယ်လို့ ဆိုပါတယ်။ ညောင်လေးပင်မှာ ဘဝစခဲ့ပြီး ဝါရှင်တန် IMF မှာ လုပ်ခဲ့တဲ့ ပညာရှင်တယောက်ရဲ့ ဘဝအတက်အကျမြင်ကွင်းတခု ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr Maung Shein








