ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီထယ်ဝန်လူပိသေဆုံးမှု မတိုင်ခင် ရဲတွေဆီ ခေါ်တဲ့ ဖုန်းတွေ
အောက်တိုဘာလ ၂၉ ရက် ညနေပိုင်းလောက်မှာ အီထယ်ဝန်ရပ်ကွက်က ဖြစ်ရပ်ဆိုးအကြောင်း အမျိုးသမီးတစ်ဦးက ရဲကို ပထမဆုံး အရေးပေါ် ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။
ဆိုးလ်မြို့က ညဘက် လူစည်ကားလေ့ရှိတဲ့တဲ့ အဲဒီရပ်ကွက်က လမ်းကျဉ်းလေးတွေမှာ ဝရုန်းသုန်းကား ဖြစ်ခဲ့ပုံကို အဲဒီအမျိုးသမီးက ပြောပြနေချိန်မှာပဲ သူက "အခုချိန် ပြန်တွေးရင်း အတော်လေးကို ကျောချမ်းမိတယ်" လို့ ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ အရေးပေါ် ရဲဖုန်းနံပတ် ၁၁၂ ကို ဖုန်းခေါ်ခဲ့သူပေါင်း ၁၁ ယောက်ရှိခဲ့ပြီး လူသေဆုံးတဲ့ တိုးဝှေ့ပိမိမှုတွေ မဖြစ်ခင်မှာတင် လူအုပ်ကြီးကို ထိန်းပေးဖို့ လှမ်းအကြောင်းကြားခဲ့ကြပါတယ်။
အခုဖြစ်ပျက်သွားတဲ့ ကိစ္စမှာ ရဲတွေရဲ့ တာဝန်မကင်းဘူး ဆိုတာကို ထုတ်ဖော်ဝန်ခံဖို့ တောင်းဆိုမှုတွေ ပိုများလာတဲ့အတွက် တောင်ကိုရီးယားရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတစ်ခု စလုပ်ခဲ့ပါတယ်။
ဒီလို အရေးပေါ် ဖုန်းဆက်ပြီး လှမ်းအကူအညီတောင်းတာကို ရဲတွေက ဝတ္တရားအတိုင်း ဆောင်ရွက်ခဲ့ကြသလား၊ လုပ်နည်းလုပ်ထုံး အတိုင်း လုပ်ခဲ့ကြသလား ဆိုတာကို စုံစမ်းစစ်ဆေးဖို့ ဆိုးလ်မြို့ ရဲတပ်ဖွဲ့နဲ့ ရဲဌာနတွေကိုရော၊ မီးသတ်ဌာနနဲ့ အရေးပေါ် ဖုန်းဌာနတို့ကိုပါ စုံစမ်းရေးအရာရှိတွေက ဗုဒ္ဓဟူးနေ့က ဝင်စီးနင်းရှာဖွေခဲ့ကြပါတယ်။
ဒါ့အပြင် လူတွေ ဖုန်းဆက်တုန်းက ပြောခဲ့တဲ့ စကားသံတွေကိုလည်း စာသားအဖြစ် စုံစမ်းရေးအရာရှိတွေက ထုတ်ပြန်ခဲ့ပါတယ်။ အရင်ကဆို ဒါမျိုး လုပ်လေ့ မရှိခဲ့ဖူးပါဘူး။
စိုးရိမ်တကြီးနဲ့ လှမ်းသတိပေး အကြောင်းကြားတဲ့ ဖုန်းခေါ်ဆိုမှုမျိုးတွေကနေ ထိတ်လန့်တကြား အော်ဟစ်အကူအညီ တောင်းလာတဲ့အထိ အခြေအနေ တဖြည်းဖြည်း ဆိုးရွားသွားခဲ့ပုံကို အဲဒီ စာသားတွေမှာ တွေ့နိုင်ပါတယ်။
လူအုပ်ကြီးက တဖြည်းဖြည်းများလာ
လူတွေ တိုးဝှေ့ ပိမှုတွေ မဖြစ်ခင် နာရီပိုင်းအလို ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃၄ မိနစ်မှာ ပထမဆုံး အရေးပေါ်ဖုန်း စခေါ်ခဲ့သူက အီထယ်ဝန်ရပ်ကွက်က စျေးဆိုင်ပိုင်ရှင် မစ်စ် ပါ့ခ်ပါ။ အီထယ်ဝန် မြေအောက်ရထား ဘူတာရုံမှာ လူတွေ အစုလိုက်အပြုံလိုက် ရောက်လာကြပုံ၊ အဲဒီနောက် ဟမ်မေလ်တန်ဟိုတယ်နဲ့ စျေးရုံကြီးနားကလမ်းကျဉ်းလေးထဲ လူတွေ ဝင်လာကြချိန်မှာ အဲဒီနေရာကနေ ထွက်ဖို့ ပြင်နေကြတဲ့ လူတွေနဲ့ရော၊ ကလပ်တွေထဲဝင်ဖို့ တန်းစီစောင့်နေကြတဲ့ လူတွေနဲ့ပါ ရောထွေးသွားပြီး လူအုပ်ကြီးက ပိုများလာပုံကို သူက ပြန်ပြောပြပါတယ်။
“အခုချိန်မှာ ဘယ်သူမှ မထိန်းနိုင်တော့ဘူး။ ရဲလာပြီး ထိန်းမှ ရတော့မယ်။ လူတွေကို အရင်ပေးထွက်ပြီးမှ နောက်လူတွေကို ပေးဝင်သင့်တယ်။ လမ်းကျဉ်းထဲကလူတွေ ထွက်လို့မရသေးခင် အပြင်ကလူတွေ ဆက်တိုက် ဝင်လာနေကြတယ်”လို့ သူက ရဲကို လှမ်းအကြောင်းကြားခဲ့ပါတယ်။
အဲဒီနေ့က မစ်စ် ပါ့ခ်က သူ့ခင်ပွန်း၊ သမီးတို့နဲ့ လမ်းထွက်လျှောက်တုန်း လူအုပ်ကြီးကြောင့် လူစုကွဲသွားခဲ့အပြီးမှာ ရဲကို အခုလို ဖုန်းဆက် အကြောင်းကြားခဲ့တာ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က CBS ကိုရီးယားရေဒီယိုဌာနနဲ့ အင်တာဗျူးမှာ ပြောပြပါတယ်။ အဲဒီနောက် အချင်းချင်းပြန်တွေ့ပြီး အိမ်ကို အမြန်ပြန်ခဲ့ကြတယ်လို့ ဆိုပါတယ်။
သီတင်းပတ်ကုန်ရက်ပိုင်း အဲဒီရပ်ကွက်မှာ တွေ့နေကျ လူအုပ်ထက် အများကြီး ပိုများတဲ့ လူအုပ်ကြီးထဲ သူတို့ ပိတ်မိခဲ့ပုံကို မစ်စ် ပါ့ခ်က ပြန်ပြောပြခဲ့ပါတယ်။ အစောကတည်းက ရဲကို သူလှမ်းသတိပေး အကြောင်းကြားခဲ့တဲ့ကြားက အခုလို ဖြစ်ရပ်ဆိုးကြီး ဖြစ်ခဲ့တာကို အကြီးအကျယ် စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။
“တက္ကဆီနဲ့ အိမ်ကိုပြန်ရင်း လမ်းမှာ ကျွန်မ စဉ်းစားမိတာက တကယ်လို့များ ရဲတွေ ရောက်လာတဲ့အထိ ကျွန်မတို့ စောင့်ပေးရင်း တခြားလူတွေပါ လူတန်းရှည်ကြီးတစ်ခုနဲ့ တားဆီး ပိတ်ထားပြီး အဲဒီမှာ အန္တရာယ်ရှိတယ်ဆိုတာ လူငယ်တွေကို သတိပေး တားဆီးခဲ့မယ်ဆိုရင် အခြေအနေက တစ်မျိုး ဖြစ်ခဲ့လိမ့်မယ် ဆိုတာပါ။ အခုတော့ ကျွန်မ နောင်တရမိပါတယ်လို့ သူက ပြောပါတယ်။”
“တကယ်လို့သာ နောက်ထပ် လူတွေ ထပ်ရောက်လာမယ်ဆိုတာ ရဲက သိခဲ့ရင် လမ်းတွေကို ပိတ်လိုက်တာမျိုး ဒါမှမဟုတ် ဘူတာရုံမှာ လူအဝင်အထွက် ထိန်းချုပ်တာမျိုးတွေ လုပ်ခဲ့မယ်ဆိုရင် ပိုကောင်းကောင်း ထိန်းနိုင်မယ့်ပုံ ရှိပါတယ်။ဒါပေမဲ့ ဒီလို အဆုံးအဖြတ်မျိုး ချနိုင်ဖို့ ရဲတစ်ယောက်တစ်လေမှ အဲဒီနေရာမှာ ရှိမနေခဲ့ပါဘူး။”
မစ်စ် ပါ့ခ်က ရဲကို ဖုန်းဆက်အကြောင်းကြားအပြီးမှာ ရဲဆီကနေ သူတို့ချက်ချင်း တုံ့ပြန် ဆောင်ရွက်ပါ့မယ်ဆိုတဲ့ အတည်ပြုချက် ပြန်မကြားခဲ့ရပါဘူး။ ခါတိုင်းဆိုရင် ဒါမျိုး ပြန်ပြောနေကျပါ။ တောင်ကိုရီးယား ရဲတပ်ဖွဲ့ဟာ သူတို့ကိုယ်သူတို့ အမြဲ မြန်မြန်ဆန်ဆန် တုံ့ပြန်ဆောင်ရွက်လေ့ရှိပြီး နောက်ပိုင်းမှာလည်း ဂရုတစိုက်နဲ့ အကြောင်းပြန်လေ့ရှိတယ် ဆိုပြီး ဂုဏ်ယူလေ့ ရှိတာမို့ ခုလို အကြောင်းမပြန်တာက ထူးဆန်းနေပါတယ်။
ယွန်ဟပ်သတင်းဌာနက ရထားတဲ့ ရဲမှတ်တမ်းတွေထဲမှာတော့ အဲဒီ အရေးပေါ်ဖုန်းခေါ်ဆိုမှုတွေအတွက် ရဲတွေ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ဝင် ဘယ်လောက် စေလွှတ်ခဲ့သလဲ။ ဘာတွေ ဆောင်ရွက်ခဲ့သလဲ ဆိုတာကိုတော့ အသေအချာ မသိရပါဘူး။
တိုးဝှေ့ ပြိုလဲကျ
နောက် နှစ်နာရီလောက်အကြာ ည ၈ နာရီ ၉ မိနစ်ကစပြီး ရဲကို အရေးပေါ်ဖုန်းခေါ်သံတွေ နောက်ထပ် လက်ခံရခဲ့ပါတယ်။
အဲဒီအချိန်လောက် ရောက်တဲ့အခါမှာတော့ အခြေအနေက အတော်လေးကို ဆိုးနေပြီဆိုတာ သိသာနေပါပြီ။ ရဲကို ဖုန်းဆက် အကြောင်းကြားသူတွေက လူတွေ တိုးဝှေ့ ပိမိပုံတွေ၊ ထိခိုက်ဒဏ်ရာရကုန်တဲ့ အကြောင်းတွေကို ဖုန်းထဲကနေ ပြောပြခဲ့ကြပါတယ်။
“လမ်းဆုံ ထွက်ပေါက် ၃ ခုစလုံးမှာ လမ်းတွေပိတ်ကုန်တဲ့အတွက် ထိန်းမနိုင် သိမ်းမရဖြစ်ကုန်ပြီး လူတွေ အချင်းချင်း တိုးဝှေ့ ပိမိကုန်ကြပြီ” လို့ အရေးပေါ်ဖုန်းကို လှမ်းအကြောင်းကြားတဲ့ တတိယမြောက်လူက ပြောပါတယ်။
ည ၈ နာရီ ၅၃ မိနစ် ရောက်တဲ့အခါမှာ စတုတ္ထမြောက် ဖုန်းခေါ်တဲ့ လူက ဘရွန်းဇ် ညကလပ်နားက အခြေအနေဆိုးအကြောင်း ပြောပြခဲ့ပါတယ်။
“ကျွန်တော် လူကြားထဲ ညပ်ပြီး ပိသေတော့မယ့်ပုံပဲ။ လူအတော်များများ ပိကုန်ပြီ။ ဝရုန်းသုန်းကား ဖြစ်နေပြီ” လို့ အဲဒီလူက ပြတ်တောင်းပြတ်တောင်း ဖြစ်နေတဲ့ ဖုန်းလိုင်းပေါ်ကနေ ပြောပြခဲ့ပါတယ်။
“ကျေးဇူးပြုပြီး လာကူပါ” လို့ သူတို့က ဖုန်းပေါ်ကနေ အကြိမ်ကြိမ် တောင်းပန် အကူအညီတောင်းခဲ့ကြပါတယ်။
အခင်းဖြစ်တဲ့နေရာကို ရဲတွေ လွှတ်ပေးပါ့မယ်လို့ ဖုန်းကိုင်တဲ့ ရဲအရာရှိက အာမခံခဲ့ပါတယ်။ ဒါပေမဲ့ ရဲတွေ စေလွှတ်တာကို ရဲမှတ်တမ်းထဲမှာ မတွေ့ရပါဘူး။
တကယ်တမ်းမှာ ရဲကို အကြောင်းကြား အကူအညီတောင်းတဲ့ ဖုန်းခေါ်မှု စုစုပေါင်း ၁၁ ခုမှာ ၄ ခုကိုပဲ တုံ့ပြန်ပြီး ရဲတွေ စေလွှတ်ခဲ့ပါတယ်။
ည ၉ နာရီ ၇ မိနစ် နောက်ပိုင်း ခေါ်တဲ့ ဖုန်းခေါ်မှုတွေကိုတော့ ရဲတွေ လွှတ်တာမျိုး မရှိခဲ့ပါဘူး။ အဲဒီအချိန်နောက်ပိုင်းကစပြီး လူအုပ်ကြီး တိုးဝှေ့ ပိမိကုန်တာပါ။
အဲဒီညက အီထယ်ဝန်က အခင်းဖြစ်ခဲ့ရာနေရာမှာ ရဲတပ်ဖွဲ့ဝင် ၁၃၇ ယောက် ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမဲ့ အဲဒီနေရာကို ရောက်လာတဲ့ လူအရေအတွက် ထောင်ပေါင်းများစွာ ရှိတာမို့ အင်အားချင်း မမျှတာက သိသာလှပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နေတဲ့ ဗီဒီယိုတစ်ခုထဲမှာ လူအုပ်ကြီးထဲ ရဲအရာရှိတစ်ဦးတည်းက လူတွေကို နှင်ထုတ်ဖို့ အသည်းအသန် အော်ဟစ် ကြိုးစားနေတာ တွေ့ရပါတယ်။
အရေးပေါ် ဖုန်းဆက်အကြောင်းကြားမှုတွေအပေါ် တုံ့ပြန်ဆောင်ရွက်မှုတွေက မလုံလောက်ခဲ့ပါဘူးလို့ ရဲချုပ်က ဝန်ချတောင်းပန်ထားပါတယ်။
နောက်ဆုံးအချိန်
စနေနေ့ညက အဲဒီဖုန်းခေါ်ဆိုမှုတွေ ဆက်တိုက်ရောက်လာခဲ့ပြီး ပိုတိုလာ၊ အရေးတကြီး ပိုဖြစ်လာခဲ့ပါတယ်။
တကယ့် မတော်တဆ ဖြစ်ရပ်ဆိုးကြီး အခုချက်ချင်း ဖြစ်တော့မယ် ထင်တယ်။ ထိန်းလို့မရတော့ဘူး လို့ ခြောက်ယောက်မြောက် ဖုန်းခေါ်သူက အော်ပြောခဲ့ပါတယ်။
ည ၉ နာရီ ၁၀ မိနစ်မှာ ဝင်လာတဲ့ ရှစ်ယောက်မြောက်ဖုန်းကတော့ ဟမ်မေလ်တန်ဟိုတယ်ကနေ မီတာ ၁၀၀ အကွာမှာရှိတဲ့ မနမ် အီ ကွမ်ဂျန်းစားသောက်ဆိုင်ရှေ့ကနေ ခေါ်တာဖြစ်ပြီး လူအုပ်ကြီး ဘယ်လောက်အထိ ကြီးသလဲ ဆိုတာကို ဖုန်းထဲကနေ ပုံဖော် ပြောပြခဲ့ပါတယ်။
အဲဒီနောက် မိနစ် ၄၀ လောက် ဖုန်းမလာဘဲ တိတ်သွားခဲ့ပါတယ်။ အရေးပေါ်ဖုန်းကို နောက်ဆုံး ခေါ်လာသူတွေက ဟမ်မေလ်တန်ဟိုတယ်ဘေး လမ်းကြား အခင်းဖြစ်တဲ့နေရာကနေ ကသောကမျောနဲ့ ခပ်မြန်မြန် လှမ်းခေါ်ကြတာပါ။
၁၀ ယောက်မြောက် ဖုန်းခေါ်ခဲ့သူဟာ အထိတ်တလန့်နဲ့ ဗလုံးဗထွေးပြောနေပုံ ရပါတယ်။
“ဟုတ်ကဲ့…ဟိုဟာ…ဒီမှာလေ….လုပ်ကြပါဦး…ဒီလမ်းကြားထဲ အမြန်လာခဲ့ပါ။ လူတွေက အတင်းတွန်းနေကြတယ်။ ကျွန်တော်လည်း လူအုပ်ကြားထဲ ညပ်တော့မယ်။ လာထိန်းကြပါဦး” လို့ ဖုန်းထဲမှာ ပြောခဲ့ပါတယ်။
နောက်ဆုံး ဖုန်းခေါ်မှုကတော့ ည ၁၀ နာရီ ၁၁ မိနစ်မှာပါ။ အဲဒီဖုန်းကတော့ အားလုံးထဲမှာ အတိုဆုံးပါပဲ။ ပြောပြီးပြီးချင်း ပြတ်သွားပါတယ်။ ရဲက ဖုန်းကိုင်လိုက်လိုက်ချင်းမှာပဲ အဲဒီလူက “ဒီမှာ လူတွေအချင်းချင်း ပိမိကုန်ကြတော့မယ် ထင်တယ်”လို့ အရေးတကြီးအသံနဲ့ ပြောပါတယ်။
ရဲအရာရှိက အဲဒီလူ ဘယ်မှာ ရှိနေတာလဲဆိုတာကို အတိအကျ ပြောဖို့ အကြိမ်ကြိမ် ပြန်မေးခဲ့ပါတယ်။ ဒါပေမဲ့ ပြန်ဖြေတဲ့အသံကို သဲသဲကွဲကွဲ မကြားရပါဘူး။ အဲဒီတုန်းက အဲဒီလူနဲ့ ရဲ အပြန်အလှန် ပြောခဲ့ပုံက
ရဲအရာရှိ-ခင်ဗျား ရောက်နေတဲ့နေရာကို ကျွန်တော်တို့ လိုက်ရှာပြီး လာခဲ့ပါ့မယ်။ ခင်ဗျားတို့ အခု ယွန်ဆန်း ဘူတာရုံနားမှာလား။ အီထယ်ဝန် ဘူတာရုံနားမှာလား။
ဖုန်းခေါ်သူ-အား(အော်သံ)…..အား (အော်သံ)။ အီထယ်ဝန်အနောက်က လမ်းမှာပါ။
ရဲအရာရှိ-ဟုတ်ပြီ၊ အဲဒီကို ရဲတွေ ရောက်လာပါလိမ့်မယ်။
ဖုန်းက ရုတ်တရက် ပြတ်သွားပါတယ်။ ၄ မိနစ်အကြာမှာတော့ လူတွေ သေဆုံးခဲ့ရတဲ့ အဖြစ်ဆိုးကြီး စတင်ခဲ့ပါတော့တယ်။