အိန္ဒိယမြောက်ပိုင်းမှာ အအေးလှိုင်းဒဏ်ကြောင့် မြူတွေဖုံး၊ ရေကန်တွေ ရေခဲနေ

ဓာတ်ပုံ ရင်းမြစ်, Hindustan Times via Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယနိုင်ငံမြောက်ပိုင်းတလျှောက် မြူတွေ ထူထူထပ်ထပ်ဖုံးနေပြီး အေးခဲတဲ့လေတွေကြောင့် အအေးဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရ
    • ရေးသားသူ, နီကီတာ ယာဒက်ဗ်
  • ဖတ်ရန်အချိန်: မိနစ် ၂

အိန္ဒိယနိုင်ငံမြောက်ပိုင်းက ပြည်နယ်အတော်များများမှာ အပူချိန် သုညဒီဂရီအောက်နား ရောက်လာနေပြီး နေရာအတော်များများမှာ ဆိုးဝါးတဲ့ အအေးလှိုင်းဒဏ်ကို တစ်နေ့တခြား တိုးခံစားလာနေရပါတယ်။

ကြာသပတေးနေ့ဟာ အခုဆောင်းရာသီအတွက် ဒေလီမြို့တော်ရဲ့ အအေးဆုံးမနက်ခင်းအဖြစ် လောလောဆယ် စံချိန်တင်ခဲ့ပြီး ၂.၉ စင်တီဂရိတ်အထိ ကျဆင်းသွားခဲ့ပါတယ်။

အိမ်နီးချင်း ဟာရီယာနာ ပြည်နယ်က နေရာတချို့မှာ အပူချိန်က ၁ စင်တီဂရိတ်အောက် ကျသွားတယ်လို့ သိရပြီး ကားတွေ၊ စက်ဘီးတွေပေါ်မှာ ရေခဲတွေ ဖုံးနေတဲ့ပုံတွေက ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များနေပါတယ်။

ရာသီဥတု အေးခဲမှုက လေးရက်ကြာ ရှိနေပြီ ဖြစ်ပြီး သောကြာနေ့အထိ ဆက်အေးခဲနေဦးမယ်လို့ မျှော်လင့်ရကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်းက လွင်ပြင်ဒေသတွေမှာ အနိမ့်ဆုံးအပူချိန် ၄ စင်တီဂရိတ်အောက် ရှိနေတဲ့အတွက် အအေးလှိုင်းအဖြစ် သတ်မှတ်ထားပါတယ်။

အေးခဲတဲ့ ရာသီဥတုအခြေအနေကြောင့် လေယာဉ်ခရီးစဉ်တွေ နှောင့်နှေးခဲ့ရပြီး ရထားခရီးစဉ်တစ်ချို့လည်း ဆိုင်းငံ့ခဲ့ရပါတယ်။ ကြာသပတေးနေ့ လင်းအားကြီးအချိန်မှာ မြူတွေဖုံးပြီး မြင်နိုင်စွမ်း နည်းပါးနေတဲ့အတွက် လေယာဉ်ခရီးစဉ်တွေ နှောင့်နှေးနိုင်ကြောင်း လေယာဉ်ခရီးသည်တွေကို ဒေလီမြို့ လေဆိပ်က သတိပေးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ လွင်ပြင်ဒေသတွေမှာရှိတဲ့ အိမ်အများစုဟာ ပြင်းထန်တဲ့ ဆောင်းရာသီအတွက် ဒီဇိုင်းဆွဲ ဆောက်ထားတာ မဟုတ်ဘဲ အပူပေးစနစ်တွေလည်း မရှိကြပါဘူး။

အဲဒီဒေသတဝန်းက မြို့ကြီးအတော်များများဟာ လေထုအရည်အသွေးကြောင့် အန္တရာယ်ရှိနိုင်တဲ့ စာရင်းထဲ ဆက်ထည့်သွင်းခံထားရချိန်မှာပဲ ဒီအအေးလှိုင်းဒဏ် ကျရောက်ခဲ့တာ ဖြစ်ပါတယ်။

ဆောင်းတွင်းကာလမှာ အပူချိန်လျော့ကျမှုကြောင့် ညစ်ညမ်းလေထုတွေ မြေပြင်နား ပိတ်မိနေပြီး မြင်နိုင်စွမ်း နည်းပါးလာမှု၊ ညစ်ညမ်းလေထုပမာဏာ ပိုဆိုးဝါးလာမှုတွေကို ဖြစ်စေပါတယ်။ အဲဒီအတွက် အထူးသဖြင့် ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေလို ခံနိုင်ရည်စွမ်း နည်းသူတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hindustan Times via Getty Images

ဓာတ်ပုံ ပုံစာ, ထူထပ်တဲ့ မြူတွေကြောင့် ရထားအတော်များများ နှောင့်နှေးခဲ့

ဓာတ်ပုံ ရင်းမြစ်, Hindustan Times via Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယနိုင်ငံဘက်အခြမ်း ဆရင်နာဂါမြို့က ဒယ်လ်ရေကန်ကြီး တစ်စိတ်တပိုင်း ရေခဲနေပုံ

ဓာတ်ပုံ ရင်းမြစ်, Hindustan Times via Getty Images

ဓာတ်ပုံ ပုံစာ, ကက်ရှ်မီးယားပြည်နယ်က နေရာတချို့မှာ ရေပိုက်တွေ ခဲသွား

ဓာတ်ပုံ ရင်းမြစ်, Hindustan Times via Getty Images

ဓာတ်ပုံ ပုံစာ, အေးခဲတဲ့ ညနေခင်းတွေမှာ ဒေလီမြို့က အိမ်ရာမဲ့တွေ မီးလှုံပြီး အနွေးဓာတ်ရအောင် လုပ်နေကြပုံ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ပန်ဂျပ်ပြည်နယ် အမ်ရစ်ဆာမြို့က ရွှေကျောင်းဆောင်ကြီးကို မြူတွေ ထူထူထပ်ထပ် ဖုံးနေပုံ

ဓာတ်ပုံ ရင်းမြစ်, NurPhoto via Getty Images

ဓာတ်ပုံ ပုံစာ, ကက်ရှ်မီးယားပြည်နယ်မှာ အပူချိန် သုညစင်တီဂရိတ်အောက် ကျဆင်းသွားတဲ့အတွက် ရေတံခွန်တချို့ ရေခဲသွား

Follow BBC News India on Instagram, YouTube, X and Facebook.