ဟော်မုဇ်ရေလက်ကြားကို အီရန်ပြန်ပိတ်၊ အမေရိကန်နဲ့သဘောတူညီချက်ရဖို့ 'ဝေး'နေဆဲလို့ဆို

    • ရေးသားသူ, ကတ်သရင်း အမ်းစတောင်း
  • ဖတ်ရန်အချိန်: မိနစ် ၄

ဟော်မုဇ် ရေလက်ကြားမှာ ကုန်သွယ်ရေယာဥ်တွေ ဖြတ်သန်းခွင့်ကို ပိတ်လိုက်ပြီဖြစ်ပြီး ရေလက်ကြားအနီးနားကို ကပ်လာတဲ့သင်္ဘောမှန်သမျှ ပစ်မှတ်ထားခံရလိမ့်မယ်လို့ အီရန်က ပြောလာပါတယ်။​

ရေလက်ကြားထဲနဲ့ ရေလက်ကြားပိုင်နက်မှာ ရေနံတင်သင်္ဘောကြီး တစ်စင်းအပြင် သင်္ဘောအချို့ကို တီဟီရန်ဘက်က ပစ်မှတ်ထားခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာအပြီးမှာ ရေလက်ကြားကို ပြန်ပိတ်မှု ဖြစ်လာတာပါ။

အီရန်တော်လှန်ရေးအစောင့်တပ်(IRGC)ကတော့ အခုဖြစ်ရပ်အတွက် အီရန်ဆိပ်ကမ်းအချို့ကို ဆက်လက်ပိတ်ဆို့ထားတဲ့ အမေရိကန်ကြောင့်လို့ အပြစ်ဖို့ပါတယ်။​ ကမ္ဘာ့ရေကြောင်းကုန်စည် ပို့ဆောင်မှုမှာ အခရာကျတဲ့ဟော်မုဇ်ရေလက်ကြားကို ယာယီပြန်ဖွင့်မယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ကြေညာပြီး နောက်တစ်ရက်မှာပဲ IRGC က ပြောလာတာဖြစ်ပါတယ်။​

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အီရန်အနေနဲ့ ရေလက်ကြားကို အခြေတည်ပြီး အမေရိကန်ကို ''အကျပ်ကိုင်'' လို့ မရဘူးလို့ ပြောပါတယ်။​ တဖက်မှာလည်း အီရန်ဟာ အဲဒီရေလက်ကြားကို ၂ လနီးပါးလောက်ကြာအောင် ပိတ်ဆို့ထားခဲ့တာကြောင့် ကမ္ဘာတလွှားမှာ စွမ်းအင် စျေးနှုန်းတွေ ထိုးတက်ခဲ့ပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်(IRGC)ရဲ့ရေတပ်က စနေနေ့တုန်းက ထုတ်တဲ့ သူတို့ရဲ့ထုတ်ပြန်ချက်မှာတော့ ''ပါရှန်းပင်လယ်ကွေ့ ဒါမှမဟုတ် အိုမန်ပင်လယ်ပြင်မှာ ရှိနေတဲ့ သင်္ဘောမှန်သမျှ ချထားတဲ့ကျောက်ဆူးကို ဆွဲမတင်ရ'' ဆိုပြီး ထုတ်ပြန်ပါတယ်။

နောက်ပြီး IRGC ရဲ့စီမံမှုကြောင့် သောကြာနေ့ ညပိုင်းကတည်းဆိုရင် ရေယာဥ်အချို့ ရေလက်ကြားကနေ ဖြတ်သန်းသွားနိုင်တယ်လို့လည်းပြောပါတယ်။​ ဒါပေမဲ့ အီရန်ဆိပ်ကမ်းတွေကို အမေရိကန်ဘက်က ပိတ်ဆို့ထားတာ မရပ်သရွေ့ ရေလက်ကြားကို ပိတ်မယ်လို့ IRGC က ဆိုပါတယ်။​

''ဟော်မုဇ် ရေလက်ကြားကို ချည်းကပ်လာတာကို ရန်သူနဲ့ ပူးပေါင်းတာလို့ မှတ်ယူမှာဖြစ်ပြီး ကျူးလွန်တဲ့ရေယာဥ်မှန်သမျှကို ပစ်မှတ်ထားမယ်'' လို့ IRGC က ပြောပါတယ်။

ထရမ့်ကတော့ အမေရိကန်နဲ့ အီရန်ကြား ငြိမ်းချမ်းရေးသဘောတူညီချက် တစ်ခု မရမချင်း အီရန်ဆိပ်ကမ်းတွေကို ရေကြောင်းကနေ ပိတ်ဆို့မှုဆက်ရှိမယ်လို့ သောကြာနေ့က ပြောပါတယ်။​ လက်ရှိမှာ အမေရိကန်နဲ့ အီရန်တို့ပြုလုပ်ထားတဲ့ သီတင်း ၂ ပတ်အကြာ အပစ်ရပ် သဘောတူညီချက်ဟာ ဧပြီလ ၂၂ ရက်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။​

ဧပြီ ၁၃ ရက်မှာ အီရန်ဆိပ်ကမ်းတွေကို အဝင်အထွက်လုပ်တာကို ပိတ်ဆို့မှု စတင်ကတည်းက ဆိုရင် သင်္ဘော ၂၃ စင်းကို ပြန်လှည့်ခိုင်းခဲ့တယ်လို့ အမေရိကန်ဘက်က ပြောပါတယ်။

အီရန်ရဲ့ ထိပ်တန်းအမျိုးသားလုံခြုံရေးကောင်စီ(SCNC)ကတော့ ဒါဟာ အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်တာဖြစ်ပြီး အပစ်ရပ်သဘောတူညီချက်ကာလအတွင်း ရေလက်ကြားကို ပြန်ဖွင့်တာကို ရပ်ဆိုင်းထားရလိမ့်မယ်လို့ ဆိုပါတယ်။

စစ်ပွဲအဆုံးသတ်ရေးညှိနှိုင်းတာတွေနဲ့ပတ်သက်ပြီး SNSC က အမေရိကန်ဘက်က အဆိုပြုချက်အသစ်တွေ ပြောပြလာပြီး အဲဒီအဆိုပြုချက်တွေကို တီဟီရန်ဘက်က ''လက်ရှိမှာပြန်လည် သုံးသပ်နေသလို ပြန်လည်အကြောင်းကြားတာ မလုပ်သေးဘူး'' လို့ ဆိုပါတယ်။ အခုလအစောပိုင်းမှာ ပါကစ္စတန်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ အီရန် - အမေရိကန် ငြိမ်းချမ်းရေးဆွေးနွေးပွဲကတော့ သဘောတူညီချက်တစ်စုံတရာမရဘဲ ပြီးဆုံးခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ညှိနှိုင်းမှုအပိုင်းနဲ့ပတ်သက်ပြီး ''ကျွန်တော်တို့ စကားကောင်းကောင်းပြောနေကြပါတယ်။​ တော်တော်လည်း အလုပ်ဖြစ်နေပါတယ်'' လို့ ဆိုပါတယ်။​

'ရေလက်ကြားကို ထိန်းချုပ်ထားတာက ကျွန်တော်တို့ပါ' - အီရန်ရဲ့ ညှိနှိုင်းသူ

အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကာ ကာလီဘတ်ကတော့ အမေရိကန်နဲ့ပြုလုပ်တဲ့ စစ်ပွဲရပ်တန့်ရေး ဆွေးနွေးမှုတွေဟာ တိုးတက်မှုရှိတယ်လို့ ပြောပေမဲ့ နှစ်ဖက်စလုံးဟာ နောက်ဆုံးသဘောတူညီချက်ကို အတည်ပြုနိုင်ဖို့ 'အလှမ်းဝေးနေဆဲ' လို့ပြောပါတယ်။​

သူက အမေရိကန်နဲ့ ဆွေးနွေးမှုတွေမှာ အီရန်ဘက်က ညှိနှိုင်းသူအဖြစ် ပါဝင်နေသူဖြစ်ပါတယ်။

''ရေလက်ကြားမှာ သင်္ဘောတွေ သွားနေ လာနေတာမျိုး မြင်ရတယ်ဆိုရင် ရေလက်ကြားကို ကျွန်တော်တို့ ထိန်းချုပ်ထားလို့ပါ။ အခုဆို (အမေရိကန်က) ဝိုင်းထားတာ ၂ ရက်၊ ၃ ရက်ရှိပြီ။ ဒီတော့ ဝိုင်းထားတယ်ဆိုတဲ့သဘောက ဘာလဲ။ အားလုံး ဝင်ချင်ဝင်၊ ထွက်ချင်ထွက်ပဲ။ ဒါပေမဲ့ အီရန်က အဲဒီအထိ မသွားဘူးလေ။ ဒါ အဆင်ခြင်မဲ့တဲ့လုပ်ရပ်ပါ။ လူထုကို ပြောချင်တာက ရေလက်ကြားကို အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံက ထိန်းချုပ်ထားတာပါ။ မိုင်းတွေကို ရှင်းမယ်လုပ်တုန်းက မိုင်းရှင်းမယ့်သူတွေကို လွှတ်လိုက်တာ မှတ်မိကြဦးမှာပါ။ ကျွန်တော်တို့ မြဲမြဲရပ်တည်ပြီး ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်။​ ဒါဟာ အပစ်ရပ်ကို ချိုးဖောက်တာလို့ ကျွန်တော်တို့ ထင်တယ်။ ဆက်လုပ်မယ်ဆိုရင် ကျွန်တော်တို့ဘက်က တိုက်မယ်လို့ သူတို့ကို ပြောခဲ့တယ်။ ထိတွေ့မှုအဆင့်မှာပဲ သူတို့ ပြန်ဆုတ်သွားတယ် ''

ရေလက်ကြားကို အီရန်ထိန်းချုပ်ထားတယ်ဆိုတာ ခိုင်မာအောင် ပြသဖို့ လွှတ်တော်ဥက္ကဋ္ဌက ပြောသွားခဲ့တာဖြစ်ပါတယ်။​

အမေရိကန်နဲ့ ညှိနှိုင်းတာတွေနဲ့ ပတ်သက်ပြီး တချို့ အချက်တစ်ချက် နှစ်ချက်လောက် သဘောတူနိုင်ပြီလို့ ပြောပေမဲ့ ဘယ်အချက်တွေလဲဆိုတာ သူက တိတိကျကျမပြောပါဘူး။

စနေနေ့တုန်းကတော့ ရေယာဥ်အချို့ အီရန်ရဲ့တိုက်ခိုက်မှုခံရတယ်ဆိုတဲ့သတင်းတွေ တက်လာပါတယ်။​

ဟော်မုဇ် ရေလက်ကြားထဲမှာ အီရန်သင်္ဘောနှစ်စင်းကတော့ ရေနံတင်သင်္ဘောကြီးတစ်စင်းကို ပစ်ခတ်ခဲ့တယ်လို့ ဗြိတိန်အဏ္ဏဝါရေကြောင်းကုန်သွယ်ရေးအဖွဲ့(UKTMO) က ပြောပါတယ်။​

နောက်ပြီး ကုန်သတ္တာတင် သင်္ဘောတစ်စင်းလည်း အိုမန်ကမ်းလွန်အရှေ့မြောက်ပိုင်းမှာ ''အမျိုးအမည်မသိလက်နက်'' ထိမှန်ခဲ့တာကြောင့် ကုန်သတ္တာအချို့ ပျက်စီးခဲ့တယ်လို့ UKTMO က ပြောပါတယ်။

နောက်ထပ် ကုန်သင်္ဘောနှစ်စင်းကလည်း ရေလက်ကြားကို ဖြတ်ဖို့ လုပ်ချိန်မှာ သူတို့ ပစ်ခတ်ခံရတယ်လို့ ပြောတယ်ဆိုပြီး ရိုက်တာသတင်းဌာနက သတင်းရင်းမြစ်တွေကို ကိုးကားလို့ သတင်းဖော်ပြပါတယ်။

''အိန္ဒိယအလံလွှင့်ထားတဲ့ သင်္ဘော နှစ်စင်း ဟော်မုဇ် ရေလက်ကြားမှာ ဒီနေ့ ပစ်ခတ်ခံရမှုအတွက် အလွန်အမင်းစိုးရိမ်ကြောင်း သတင်းစကားပြောဖို့'' အီရန်သံအမတ်ကို ဆင့်ခေါ်ထားတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။​

ပင်လယ်ရေကြောင်း သင်္ဘောခုတ်မောင်းမှုကို စောင့်ကြည့်တဲ့ အဏ္ဏဝါရေကြောင်းသွားလာမှု(Marine Traffic)ရဲ့အချက်အလက်အရ ရေယာဥ်အချို့ဟာ ရေလက်ကြား ခဏဖွင့်ချိန်မှာ အဲဒီကနေ ထွက်ခွာနိုင်ခဲ့ကြတာ တွေ့ရပါတယ်။​ အချို့ကတော့ IRGC က ထွက်ခွာခွင့်မပြုလို့ ခုတ်မောင်းလမ်းကြောင်း ပြောင်းခဲ့ရပါတယ်။

ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် ၂၀ ရာခိုင်နှုန်းဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်ပြီး သယ်ယူပို့ဆောင်နေတာဖြစ်ပါတယ်။​ ဒါပေမဲ့ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ပေါင်းတိုက်လို့ ဖြစ်တဲ့ပဋိပက္ခကြောင့် အဲဒီရေလမ်းကြောင်းကို အသုံးပြုဖြတ်သန်းတဲ့သင်္ဘောအရေအတွက် သိသိသာသာ ကျဆင်းခဲ့ပါတယ်။

အီရန်ထိန်းချုပ်ထားတဲ့ ဟော်မုဇ် ရေလက်ကြားဟာ အာရေးဗျပင်လယ်နဲ့ ရေနံထုတ်တဲ့နိုင်ငံအများစုကြား ပင်လယ်ရေကြောင်းကနေ သွားလာနိုင်ဖို့ တစ်ခုတည်းသော လမ်းကြောင်းလည်းဖြစ်ပါတယ်။ ပင်လယ်ကွေ့က ပဋိပက္ခကြောင့် ရေနံစိမ်း တစ်စည် တန်ဖိုးဟာလည်း ဒေါ် လာ ၁၀၀ ကျော်အထိ ထိုးတက်ခဲ့ပါတယ်။

အီရန်ကတော့ ရေနံတင်သင်္ဘောတွေနဲ့ တခြားသင်္ဘောတွေကို တိုက်ခိုက်မယ်လို့ အစောပိုင်းတုန်းက ခြိမ်းခြောက်ထားသလို ရေမြှုပ်မိုင်းတွေ ချထားတယ်လို့လည်း သတိပေးထားဖူးပါတယ်။