တောင်သူတွေ ရင်မောနေရတဲ့စက်သုံးဆီဂယက်

ဖတ်ရန်အချိန်: မိနစ် ၁၄

အီရန်စစ်ပွဲဂယက် စက်သုံးဆီအကျပ်အတည်းကြောင့် မြန်မာတောင်သူတွေဟာ သူတို့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းအတွက် စက်သုံးဆီ ရနိုင်ရေးကို နည်းလမ်းစုံနဲ့ ရုန်းကန်နေကြရပါတယ်။

နွေစပါးစိုက်တဲ့ ဒီကာလမှာ နွေစပါးခင်းကို ရေသွင်းဖို့နဲ့ ရိတ်သိမ်းဖို့အရေး စက်သုံးဆီရဖို့ တန်းစီဝယ်နေကြရသလို စိုက်ဧကအတွက် လုံလောက်တဲ့ပမာဏရဖို့ မလွယ်ကူဖြစ်နေကြပါတယ်။

အီရန်စစ်ပွဲ တစ်လကျော်ကြာလာချိန်မှာ မြန်မာပြည်တွင်းစက်သုံးဆီစျေးက တရားဝင်စျေးမှာတင် စစ်ပွဲမတိုင်ခင်ကာလစျေးနှုန်းထက် ၂ ဆတက်လာပြီး ပြင်ပပေါက်စျေးက ၃ ဆနဲ့ ၄ ဆကြားအထိ မြင့်တက်နေပါတယ်။

ဒီအခက်အခဲတွေကို မခံနိုင်တော့တဲ့တောင်သူတချို့ကတော့ လုပ်လက်စ စိုက်ခင်းတွေကို ရပ်လိုက်ရတာတွေလည်း ရှိလာပါတယ်။ အီရန်စစ်ပွဲက မြန်မာတောင်သူတွေအပေါ် ဘယ်လို သက်ရောက်မှုကြီးလာလဲ။

ဆီတန်းစီ လယ်လုပ်ရသူနဲ့ ရပ်လိုက်ရတော့မယ့်လယ်တွေ

စက်သုံးဆီကျပ်တည်းမှုရဲ့ဂယက်ဟာ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာလုံလောက်မှုအပေါ် ထိခိုက်လာမယ့်အရေး စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

ဓနုဖြူမြို့နယ်က နွေစပါးစိုက်တောင်သူ ကိုတင်ဇော်ဦးက ရင့်မှည့်နေပြီဖြစ်တဲ့ သူ့ရဲ့စပါးတွေကို ရိတ်သိမ်းဖို့လိုအပ်တဲ့ စက်သုံးဆီရဖို့ ရွာနဲ့ မိုင် ၂၀ လောက်ဝေးတဲ့ ဆီဆိုင်ကို သွားပြီး ၅ နာရီခန့် တန်းစီစောင့်ပေမယ့် မရတဲ့ရက်တွေလည်းရှိတယ်လို့ ပြောပါတယ်။

အရင်က စပါးရိတ်စက်ငှားတဲ့အခါ စက်နဲ့ဆီဖိုးအပါ တစ်ဧကကို ကျပ် ၁ သိန်း ၂ သောင်းနဲ့ ရိတ်ခပေးရင် တောင်သူနဲ့ စက်ပိုင်ရှင် နှစ်ဦးလုံး အဆင်ပြေပေမဲ့ အခုတော့ စက်သီးသန့်ပဲ ငှားတော့တဲ့အတွက် တောင်သူက ဆီ ရှာထည့်ရတဲ့အခြေအနေ ဖြစ်လာပါတယ်။

လယ်သမားဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ထောက်ခံစာရှိရင် ဆီ ၁ ဂါလံ ဝယ်ခွင့်ရပေမယ့် ဆိုင်မှာ ဆီကုန်သွားတဲ့နေ့တွေဆို တောင်သူတွေအားလုံး လောင်စာဆီရဖို့ ခက်ခဲပါတယ်။

ပြင်ပဈေးကွက်မှာ ဝယ်မယ်ဆိုရင် အရင် တစ်ပေပါ ၆ သိန်းကျတဲ့ဆီစျေးက အခု ၄ ဆလောက် တက်ပြီး ၂၄ သိန်းဖြစ်သွားလို့ စပါးမရိတ်နိုင်တော့မှာကို သူ စိုးရိမ်နေပါတယ်။

ကိုတင်ဇော်ဦးမှာ နွေစပါး ၁၅ ဧကရှိပြီး လက်ရှိမှာ လယ်ရဲ့ ၂၀ ရာခိုင်နှုန်းသာ ရိတ်သိမ်းနိုင်ပါသေးတယ်။

သူနေထိုင်တဲ့ဓနုဖြူမြို့နယ်အပါအဝင် ဧရာဝတီတိုင်းမှာတော့ နွေစပါးတွေ ရေသွင်းတာ၊ စောစိုက်ထားတဲ့တချို့တောင်သူတွေက ရိတ်သိမ်းတာတွေ လုပ်နေကြပါပြီ။

မိုးစပါးစိုက်ပြီးနောက် ရေလျော့သွားတဲ့လယ်တွေမှာ နိုဝင်ဘာလောက်ကစပြီး နွေစပါးစိုက်ထားတဲ့လယ်တွေက အခုချိန်မှာ ရိတ်သိမ်းနေကြပြီဖြစ်ပါတယ်။ ဇန်နဝါရီမှ စိုက်တဲ့နွေစပါးတွေကတော့ ပြီးခဲ့တဲ့ မတ်နဲ့ ဧပြီမှာ ရေသွင်းရတဲ့ကာလဖြစ်ပါတယ်။

နွေစပါးပွင့်ဖို့၊ သီးဖို့အတွက် "အောင်ရေ" သွင်းဖို့ အရေးကြီးတဲ့အချိန်ဖြစ်တယ်လို့ ပုသိမ်၊ ဓနုဖြူ၊ မြောင်းမြမြို့နယ်တွေက တောင်သူတချို့က ပြောပါတယ်။

"အောင်ရေ မရရင် စပါးမပွင့်၊ မသီးနိုင်ဘဲ အထွက်နှုန်း လျော့မယ်။ ဆီမရတာ ပိုဆိုးလာရင် လုံးဝ လက်လွှတ်ရမယ့် အခြေအနေဖြစ်သွားနိုင်တယ်" လို့ ပုသိမ်မြို့နယ်က တောင်သူတစ်ဦးက ပြောပါတယ်။

နွေစပါးနဲ့ မိုးစပါးမှာ လုပ်ငန်းစဉ်တွေ ဆင်တူပေမဲ့ နွေစပါးကတော့ စိုက်ခင်းရေပြည့်အောင် မကြာခဏ ရေသွင်းရတာ ဖြစ်ပါတယ်။

မတ်/ဧပြီလတွေမှာ ဧရာဝတီတိုင်းမှာ ရေသွင်းခြင်းနဲ့ ရိတ်သိမ်းခြင်း လုပ်နေကြပြီဖြစ်သလို စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာတော့ နွေစပါးပျိုးပင်တွေ ကြဲထားပြီးတဲ့အဆင့်မှာ ရှိနေပါတယ်။

စစ်ကြောင်းထိုးမှုတွေ၊ လေကြောင်းဗုံးကြဲမှုတွေနဲ့ ဒေသတွင်းလမ်းကြောင်းတွေ ဖြတ်တောက်ခံထားရတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းဒေသမှာတော့ တန်းစီဝယ်နိုင်ရင်တောင် စက်သုံးဆီဆိုင်က ရှားပါးတယ်လို့ ဒေသခံအချို့က ရင်ဖွင့်ပါတယ်။

ဒီပဲယင်းဒေသဟာ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ထဲက သဖန်းဆိပ်ဆည်ရေကို အသုံးပြုပြီး စိုက်ပျိုးရေး လုပ်ကိုင်နေတဲ့ဒေသ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ကစပြီး ကျွန်းလှ၊ ကန့်ဘလူ၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်းနဲ့ တန့်ဆည်ဒေသတွေထဲက နေရာတချို့မှာ သဖန်းဆိပ်ဆည်ရေ မရတော့ပါဘူး။

ဒါကြောင့်အဲဒီဒေသတွေမှာ နွေစပါးစိုက်ပျိုးမှု လျော့ကျနေပါတယ်။ အဲဒီလို လယ်စိုက်ဧကလျော့ကျနေချိန်မှာ စက်သုံးဆီဈေးနှုန်းက တစ်လီတာကို ၁၅,၀၀၀ ကျပ်အထိ ဖြစ်လာတာကြောင့် လယ်ဆက်မလုပ်နိုင်တော့တဲ့ တောင်သူတွေ ရှိလာပါတယ်။

"ပျိုးခင်းထဲ ရေမတင်နိုင်တော့လို့ ပျိုးအရှုံးခံပြီး ပျိုးလှပ်ထားလိုက်ရပြီ" လို့ ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာက တောင်သူ ဦးကျော်ဦးက ပြောပါတယ်။

စပါးစိုက်တောင်သူတွေအပြင် ပွင့်ဖြူဒေသက နှမ်းစိုက်သူတွေ၊ ပြင်ဦးလွင်ဒေသက မုန်ညင်းနဲ့ ဂျင်းစိုက်တောင်သူတွေမှာလည်း တူညီတဲ့အခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။

ပွင့်ဖြူမြို့နယ်မှာဆိုရင် နှမ်းစိုက်ဖို့ ထွန်စက်မောင်းခဟာ ဆီအပါဆိုရင် တစ်နာရီကို ကျပ် ၈၀,၀၀၀ ကနေ ၁၂၀,၀၀၀ အထိ တက်လာပြီး ရွာထဲမှာ ထွန်စက် ၅ လုံးရှိရင်တောင် စက်သုံးဆီမရှိလို့ တစ်လုံးသာ အလုပ်လုပ်နိုင်တဲ့အခြေအနေ ဖြစ်နေပါတယ်။

"ဒီတော့ စက်ပိုင်ရှင်တွေကလည်း ကိုယ်ပိုင်စိုက်ခင်းတွေကိုပဲ ထွန်တော့တယ်။ တခြားစိုက်ခင်းတွေကို အငှားမလိုက်ကြတော့ဘူး" လို့ တောင်သူတစ်ဦးက ပြောပါတယ်။

ပြင်ဦးလွင်ဒေသမှာတော့ စိုက်ပျိုးပြီးသား ဟင်းရွက်တွေ သန်မာကောင်းမွန်နေပေမဲ့ မြို့ပေါ်ကို တင်ပို့ဖို့ စက်သုံးဆီ မရှိတာကြောင့် စိုက်ခင်းထဲမှာပဲ ထားရတဲ့အခြေအနေလို့ ဆိုပါတယ်။

"မုန်ညင်းတွေကို ခူးချင်တဲ့သူ ခူးဆိုပြီး ထားလိုက်ရပါတယ်။ ခူးလိုက်ရင်လည်း အလုပ်သမားခပဲ ကုန်ပြီး မြို့ကို မပို့နိုင်ဘူး" လို့ ပြင်ဦးလွင်ဒေသက စိုက်ခင်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် မရောင်းနိုင်တော့တဲ့ စိုက်ပျိုးကုန်တွေအတွက် ရင်းနှီးမြှုပ်နှံထားတဲ့ သွင်းအားစုနဲ့ စိုက်ပျိုးစရိတ်တွေက အမြတ်ကိုမျှော်မရတဲ့အပြင် အကြွေးအဖြစ်ပြောင်းသွားတယ်လို့ ရင်ဖွင့်ပါတယ်။

အကြွေးနွံထဲ ပိုနစ်ကြတော့မလား

တောင်သူတွေရဲ့ဘဝဟာ မိုးများရင်လည်း အကြွေး၊ မိုးခေါင်ရင်လည်း အကြွေးဆိုပြီး "တောင်သူနဲ့အကြွေး" ဒွန်တွဲလာတာကနေ အခုဆိုရင် စက်သုံးဆီကြောင့် အကြွေးထပ်တိုးလာပြီလို့ ဘီဘီစီနဲ့မေးမြန်းခဲ့တဲ့ မတူညီတဲ့မြို့နယ်တွေက တောင်သူ ၇ ဦးက ပြောပါတယ်။

ရှမ်းတောင်၊ ညောင်ရွှေမြို့နယ် နမ့်ပန်ရွာဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ စပါးစိုက်ခင်းတွေ ရေနစ်မြုပ်လို့ တောင်သူတွေအရှုံးပေါ်ခဲ့တဲ့ကျေးရွာတွေထဲက တစ်ရွာပါ။ ဒီနှစ် နွေစပါးစိုက်ချိန်မှာလည်း စက်သုံးဆီဈေးတွေ တက်နေတာကြောင့် စပါးခင်းထိခိုက်ပြီး အကြွေးထပ်တင်မှာကို နမ့်ပန်ရွာက တောင်သူဦးအောင်သိန်း စိုးရိမ်နေပါတယ်။

"ဆီဈေးမကျရင် မလွယ်ဘူး။ ရေနစ်မြုပ်ခဲ့လို့ စပါးပေါ်ရင်ပေးမယ့် စပါး ၇ ဧကအတွက် သိန်းရာချီအကြွေးတွေလည်း မဆပ်နိုင်သေးပါဘူး။ အကြွေးထပ် နစ်ဦးမလား မသိပါဘူး" လို့ ဦးအောင်သိန်းက ရင်ဖွင့်ပါတယ်။

စပါးစိုက်မယ်ဆိုရင် ပျိုးခ၊ ထွန်ရက်ခ အပါအဝင် တစ်ဧကကို ကျပ် ၁၃ သိန်းကနေ ၁၅ သိန်း ကုန်ကျခဲ့ပြီး လက်ရှိ ၃ ဆလောက် တက်လာတဲ့ဆီဈေးနဲ့ဆိုရင် ကျပ် သိန်း ၂၀ လောက်ထိ စရိတ်တက်လာမယ်လို့လည်း တောင်သူတွေက ခန့်မှန်းထားပါတယ်။

ဧရာဝတီတိုင်းထဲက တောင်သူတွေဆိုရင်လည်း ပြီးခဲ့တဲ့နှစ်က စပါးတွေအထွက်နှုန်းကျသလို စပါးဈေးလည်း ကျတာကြောင့် အရင်းအနှီးအတွက် ငွေသိပ်မကျန်ခဲ့ကြဘူးလို့ ပြောပါတယ်။

ဓနုဖြူက တောင်သူ ဦးတင်ဇော်ဦးကလည်း "ဒီနှစ်သာ အရှုံးပြရင်တော့ လာမယ့် မိုးစပါးကို မစိုက်နိုင်တဲ့သူ များလာလိမ့်မယ်။ အခုတောင် မနှစ်က အကြွေးကလည်း မကျေ၊ ဒီနှစ်လည်းထပ်နစ်ဆိုတော့ ကျွန်တော်တို့ဘက်မှာ တချို့လယ်တွေဆို မစိုက်ဘဲ ထားတာတွေ ရှိနေပြီ"လို့ ပြောပါတယ်။

တချို့တောင်သူတွေဆိုရင် အကြွေးဆပ်ဖို့ လယ်ရောင်းကြပေမယ့် အရှုံးပေါ်နေတဲ့လုပ်ငန်းဖြစ်သလို ငွေလက်ဝယ်ရှိသူလည်း နည်းတာကြောင့် လယ်လည်းဝယ်မယ့်သူမရှိ ဖြစ်နေတာပါ။

မြန်မာနိုင်ငံမှာ လယ်ဧက ၁၆ သန်းနီးပါး၊ ယာဧက ၁၀ သန်းနီးပါး အပါအဝင် စိုက်ပျိုးမြေဧကပေါင်း ၃၁ သန်းရှိသလို အဲဒီအထဲမှာ မိုးစပါး စိုက်ပျိုးတာက ၁၅ သန်း၊ နွေစပါးက ၃ သန်း စိုက်ပျိုးကြတယ်လို့ စစ်ကော်မရှင်က ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ မြို့ပြတွေကလွဲပြီး မြို့နယ်တချို့မှာ တိုက်ပွဲတွေကြောင့် တောင်သူတွေ စစ်ဘေးရှောင်နေကြရတာ၊ လယ်ယာမြေတွေနားမှာ စစ်တပ်က တပ်စွဲထားတာတွေကြောင့် မစိုက်နိုင်တဲ့ တောင်သူတွေလည်း ရှိနေတာပါ။

၂၀၂၅၊ မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ငလျင်ကြီးကြောင့် မြေကြောတွေ ရွေ့၊ မြေသားတွေကွဲအက်ကုန်တာကြောင့် မြေဆီလွှာပျက်စီးပြီး၊ စိုက်ပျိုးမြေဟက်တာ သန်းနဲ့ချီ ထိခိုက်နိုင်တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ထုတ်ပြန်ပါတယ်။ အခုဆိုရင် စက်သုံးဆီကြောင့် ရပ်လိုက်ရမယ့် စိုက်ဧကတွေလည်း ထပ်တိုးလာနိုင်တယ်လို့ တောင်သူတွေက ခန့်မှန်းထားကြပါတယ်။

ကွင်းဆက်အလိုက် ကုန်ဈေးနှုန်းတွေတက်လာ

စက်သုံးဆီဈေးနှုန်းမြင့်တက်တာ၊ ဝယ်ယူဖို့ မလွယ်ကူတာတွေဟာ စပါးအပါအဝင် စိုက်ပျိုးရေး ကွင်းဆက်မှာရှိတဲ့လုပ်ငန်းစဉ်တွေ အားလုံးကို သက်ရောက်နေပါတယ်။ တချို့တောင်သူတွေကလည်း မနှစ်က ရရှိထားတဲ့စပါးတွေ ရောင်းပြီး စက်သုံးဆီ ဆီဝယ်ဖို့ စဉ်းစားကြပါတယ်။

တဖက်ကိုကြည့်ရင်လည်း ဆန်စက်တွေမှာ ဆန်ကြိတ်ဖို့ စက်သုံးဆီ ချွေတာနေရတာကြောင့် စပါးအိတ်တွေ ပုံနေပြန်ပါတယ်။ ဆန်ကြိတ်ခတွေကလည်း အရင်က ၁ တင်းကို ၁,၃၀၀ ကျပ်ကနေ အခု ၂,၀၀၀ ကျပ်အထိ ဈေးတက်သွားပါတယ်။

"ဆီတွေက ရှိတာနဲ့ သုံးနေရတာ၊ အရင်လို မကြိတ်နိုင်ဘဲ အကန့်အသတ်နဲ့ပဲ လုပ်ရတော့ ထုတ်လုပ်မှုကျတာပေါ့၊ ကြိတ်ရမယ့် စပါးတွေပုံနေတုန်း လာရောင်းတော့ ဝယ်လိုအားလျော့ပြီး ဈေးတွေကျတာပေါ့"လို့ မြောင်းမြမြို့နယ်က ဆန်စက်ပိုင်ရှင်တစ်ယောက်က ပြောပါတယ်။

စပါးဝယ်လိုအား လျော့လာလို့ တောင်သူတွေရောင်းတဲ့ စပါးဈေးဟာ တင်း ၁၀၀ ကို မြို့နယ်အလိုက် ကျပ် ၁၄ သိန်းကနေ ၁၆ သိန်းအထိရှိတာကနေ ကျပ် ၁၃ သိန်းကနေ ၁၅ သိန်းဝန်းကျင်ကို ဈေးကျသွားပါတယ်။

ဒါ့ကြောင့် သိန်း ၂၀ ကျော်ရှိနေတဲ့ ဆီ ၁ ပေပါ ရဖို့အတွက် ကိုယ့်ရှိတဲ့ စပါး တင်း ၁၀၀ ရောင်းရင်တောင် ဆီ ၁ ပေပါ ဝယ်လို့မရဖြစ်နေပြီလို့ တောင်သူအချို့က တွက်ပြပါတယ်။

တခါ ကြိတ်ပြီးသား ဆန်တွေကို မြို့တွေကို ပို့တဲ့အခါမှာလည်း ဆီပြတ်နေလို့ ကုန်ကားမရတဲ့ပြဿနာထပ်ဖြစ်လာပြန်ပါတယ်။ လောင်စာဆီ ပြဿနာမတက်ခင်က ဆန်တစ်အိတ်သယ်ခကို ကျပ် ၂၅၀၀ နဲ့ ၂၈၀၀ ကြားရှိတာကနေ အခုဆိုရင် စက်သုံးဆီခက်ခဲတာကြောင့် ကျပ် ၃,၈၀၀ ကနေ ၄,၀၀၀ အထိ ဖြစ်သွားတယ်လို့ ဧရာဝတီတိုင်းက ဆန်စက်လုပ်ငန်းရှင်တွေက ပြောပါတယ်။

တိုက်ပွဲတွေနဲ့ ကပ်နေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာဆိုရင်တော့ မန္တလေးနဲ့ မုံရွာကို ဆန်တစ်အိတ်ပို့ခဟာ ၂၁,၀၀၀ ကနေ ၂၅,၀၀၀ ဖြစ်သွားတယ်လို့ ကလေးမြို့ခံ ဆန်ကုန်သည်တွေဆီကနေ သိရပါတယ်။

"ပွဲရုံတွေကိုပို့ဖို့ ဆန်အိတ်တွေက ရာနဲ့ချီရှိတယ်ဗျာ။ ဒါပေမဲ့ တန်ဆာခက မြင့်တော့ မှာတဲ့သူနည်းတယ်။ ကုန်ကားတွေကလည်း ဒီဇယ်ဈေးကြီးလို့ မထွက်တာများတယ်"လို့ ကလေးမြို့ခံ ဆန်ကုန်သည်တစ်ယောက်က ပြောပါတယ်။

ကလေးမြို့က ကုန်တင်ကားဂိတ်တွေကနေ အရင်က တစ်ရက်ကို ၅ စီးပုံမှန် ထွက်နေတာကနေ အခုဆိုရင် ၁ စီးလောက်သာ ထွက်နိုင်တော့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

ဒါကြောင့် စပါးထွက်တဲ့နယ်ကနေ လာတဲ့ဆန်တွေဟာ ရန်ကုန်အရောက်မှာတော့ တစ်အိတ်ဈေးနှုန်းက နှစ်သောင်းကျပ်ထပ်တိုးလာပြီး ဈေးမြင့်တက်သွားပါတယ်။

စက်သုံးဆီမရရင် ဘယ်လိုလုပ်ကြမလဲ

စက်မှုလယ်ယာလုပ်ငန်းကို ကူးပြောင်းလာတဲ့အတွက် တဖြည်းဖြည်း နည်းပါးလာတဲ့ ကျွဲနွားသုံးတဲ့ လုပ်ငန်းခွင်ကို ပြန်သွားကြမလားဆိုတာကို တောင်သူတွေ တွက်ဆလာကြပါတယ်။

တချို့မြို့နယ် တော်တော်များများမှာ လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်လောက်ကစပြီး လူအင်အားနည်းနည်းနဲ့ အချိန်မြန်မြန်ပြီးစီးတဲ့ ထွန်စက်တွေ၊ ခြွေလှေ့စက်တွေကို သုံးလာကြတာပါ။ ဒါ့အပြင် စားကျက်မြေတွေ ကျဉ်းလာတာကြောင့်လည်း ကျွဲ၊ နွားတွေကို မသုံးကြတာတွေ များလာပါတယ်။

"ခက်တာက နွားတွေကလည်း အများစု မရှိကြတော့ဘူး။ ပြီးတော့ နွားနဲ့လယ်လုပ်မယ်ဆိုရင်တောင် စက်လောက်မမြန်တော့ မိုးဦးရာသီတောင် မပြီးလောက်ဘူး။ စက်နဲ့လုပ်တာဆိုတော့ လယ်ကွက်တွေကိုလည်း ဧကအကျယ်ကြီးတွေ လုပ်ထားကြတာ"လို့ ကိုတင်ဇော်ဦးက ပြောပါတယ်။

တိရိစ္ဆာန်သုံး လုပ်ငန်းခွင်ကို ပြန်အသက်သွင်းမယ်ဆိုရင် လယ်လုပ်သားအင်အား လိုအပ်ချက်တွေလည်း ထပ်ပေါ်လာပါတယ်။ စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်ကြရတာ၊ ဒေသတွင်း မတည်ငြိမ်တာ၊ အလုပ်အကိုင် ရှားပါးတာ စတဲ့ အခက်အခဲတွေကြောင့် လယ်လုပ်နိုင်တဲ့ လူငယ်တွေလည်း တခြားဒေသနဲ့ ပြည်ပတွေကို ထွက်ခွာသွားကြပါတယ်။ အခုဆို လယ်လုပ်သားတစ်ဦးကို ကျပ် ၁၅,၀၀၀ ကနေ ၃၀,၀၀၀ ဝန်းကျင်အထိ ဒေသအလိုက် ငွေပေးငှားကြရပါတယ်။

လယ်လုပ်သားတောင်းတဲ့လုပ်အားခအတိုင်း လယ်ရှင်က ပေးမယ်ဆိုရင်တောင် လုပ်မယ့်လူအင်အားနည်းနေတာကလည်း စက်သုံးဆီမရရင် တခြားနည်းလမ်းသုံးမယ်ဆိုတဲ့ တောင်သူတွေအတွက် နောက်ထပ်တွက်ချက်စရာဖြစ်လာပါတယ်။

လိုအပ်နေတဲ့ ဆန်စပါးကဏ္ဍအတွက် ဆီထောက်ပံ့မှု

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF)ကတော့ ဆိုလာ(နေရောင်ခြည်သုံးလျှပ်စစ်)တွေကို သုံးစွဲဖို့ ဆန်စက်ပိုင်ရှင်တွေကို အကြံပြုထားပါတယ်။

MRF အနေနဲ့ ဆန်စက်တွေမှာ ဆိုလာတပ်ဆင်ရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေဖြစ်တဲ့ စပါးခွံကနေ လျှပ်စစ်ထုတ်တာကိုလည်း ဆောင်ရွက်နေသလို ဆိုလာကုမ္ပဏီ ၃၁ ခုနဲ့လည်း နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးထားပြီလို့ ဘီဘီစီကို ပြန်ဖြေထားပါတယ်။

ဒါပေမဲ့ ဆန်စက်ပိုင်ရှင်တွေကတော့ ဆိုလာနဲ့ စက်မောင်းမယ်ဆိုရင် တကယ့်လက်တွေ့မှာ မလွယ်ကူဘူးလို့ ပြောကြပါတယ်။

"ဆိုလာသုံးမယ်ဆိုရင် ဘက်ထရီ၊ အင်ဗာတာတွေ အများကြီးလိုတယ်။ ဆန်စက်တစ်လုံးမောင်းဖို့အတွက်က ကျပ် သိန်း ၇ ထောင် ၊ ၈ ထောင်လောက်ကုန်မှာ။ ဆိုလာက ဆီသုံးတာသက်သာလည်း အလုံးစုံ အကူအညီတော့ မလွတ်ဘူးလေ"လို့ မြောင်းမြမြို့နယ်ထဲက ဆန်စက်ပိုင်ရှင်တစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် မြန်မာဆန်လုပ်ငန်းရှင်များအသင်း(MRF) က တောင်သူတွေရဲ့ စပါးတွေ ရိတ်သိမ်းဖို့အတွက် လိုအပ်တဲ့ စက်သုံးဆီတွေကို ဦးစားပေးဖြန့်ဝေဖို့ မြို့နယ်ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းဖို့ကိုလည်း တိုက်တွန်းထားတာ ရှိပါတယ်။

MRF ရဲ့ ထောက်ခံချက်နဲ့ ကျေးရွာအုပ်စုအတွက် ဆီ ၂ ပေပါကို ရခဲ့တာရှိတယ်လို့ ပုသိမ်မြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ရတဲ့စက်သုံးဆီကို ကျေးရွာ ၄ ခုက နွေစပါးစိုက်တောင်သူတွေကို ခွဲဝေလိုက်တဲ့အခါ ၃ ရက်စာလောက်သာ သုံးလို့ရပြီး ရှိတဲ့လယ်ဧကနဲ့ မလောက်မငှ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

ကချင်ပြည်နယ်မှာတော့ လာမယ့်မိုးစပါး စိုက်ပျိုးချိန်မှာ တောင်သူတွေရဲ့ စိုက်ဧကအလိုက် စက်သုံးဆီပမာဏကို ခွဲတမ်းပေးဖို့ စစ်ကော်မရှင်ရဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို စီစဉ်နေတာကိုလည်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

စစ်ကော်မရှင်ရဲ့ စွမ်းအင်ဝန်ကြီးဌာနက မတ် ၂၇ ရက်ကစပြီး လယ်ထွန်စက် အမျိုးအစားအလိုက် တစ်စီးအတွက် လီတာ ၂၀၀ ( ၅၀ ဂါလံ) ကနေ ၂၅၀ လီတာ (၆၅ ဂါလံ) ကို တစ်ပတ်မှာ ၂ ကြိမ်ခွဲပြီး ရောင်းချပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းတွေမှာ စက်သုံးဆီ ခက်ခဲတဲ့ပြဿနာကြောင့် ထိခိုက်မယ်ဆိုရင်တော့ စားနပ်ရိက္ခာအတွက်ပါ သက်ရောက်မှုရှိလာမယ်လို့လည်း စီးပွားရေး ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

စက်သုံးဆီအကျပ်အတည်းကို မဖြေရှင်းနိုင်ဘူးဆိုရင် လယ်ယာလုပ်ငန်းတွေ အားလုံးကို ထိခိုက်လာနိုင်ပြီး အဲဒီအခြေအနေက စိုက်ပျိုးသီးနှံ ထုတ်လုပ်မှု လျော့ကျလာစေမှာပါ။ ဒါက နောက်လာမယ့်နှစ်တွေရဲ့ စားနပ်ရိက္ခာ လုံလောက်မှုအပေါ်ပါ ထိခိုက်လာနိုင်တဲ့ အခြေအနေ ဖြစ်လာနေပါတယ်။