အဆိပ်သင့်နေတဲ့ မြစ်သံလွင်

ဖတ်ရန်အချိန်: မိနစ် ၇

အရှေ့တောင်အာရှရဲ့ နောက်ဆုံးအပျိုစင်မြစ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ကင်ပွန်းတပ်ထားတဲ့ သံလွင်မြစ်ဟာ အခုချိန်မှာတော့ အာဆင်းနစ်အပါအဝင် သတ္တုအဆိပ်တွေ တိုး‌ဝှေ့ဝင်ရောက်ခံနေရပါပြီ။

တရုတ်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံကို စီးဆင်းတဲ့ မြစ်ကြောင်းတလျှောက်မှာ ရေကာတာတွေ၊ ဆည်တွေနဲ့ ပိတ်ဆို့ တားဆီးတာတွေ မရှိသေးဘဲ သဘာဝအတိုင်း စီးဆင်းနေတဲ့မြစ်ဖြစ်လို့ အပျိုစင်လို့ ဖွဲ့ဆိုထားကြတာပါ။

ဒါပေမဲ့ သံလွင်မြစ်ရဲ့ သဘာဝအတိုင်းရှိရမယ့် ရေတွေမှာ နေရာတချို့အဆိပ်သင့်နေတာကို ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်နဲ့ မြန်မာဘက်ခြမ်း ကယား(ကရင်နီ)၊ ကရင် အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းသုတေသနတွေက အတည်ပြုပေးနေပါတယ်။

သုတေသနအရ အာဆင်းနစ်အပါအဝင် သတ္တုအဆိပ်တွေဟာ မြေရှား၊ ရွှေနဲ့ ခဲမဖြူ သတ္တုမိုင်းတွေရှိတဲ့ မြန်မာဘက်ခြမ်းကနေ အစပြုလာပြီး ထိုင်းနိုင်ငံဘက်အထိ ခြေဆန့်နေပါတယ်။

မြန်မာနိုင်ငံထဲက သံလွင်မြစ်ဝှမ်းမှာ လူဦးရေ ၆ ဒသမ ၁ သန်း၊ ထိုင်းဘက်မှာတော့ ၆ သိန်းလောက် နေထိုင်တယ်လို့ သုတေသနစာတမ်းတွေမှာ တွေ့ရပါတယ်။

သုတေသန တွေ့ရှိချက်

တံငါသည်ရေလုပ်သားတွေက သံလွင်မြစ်ထဲကရတဲ့ ငါးကြီးတွေကို လာရောင်းလို့ သူတို့ကို ကူညီတဲ့အနေနဲ့ ဝယ်ထားလိုက်ပေမယ့် တဆင့်ပြန်မရောင်းဖြစ်ဘူးလို့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ သံလွင်မြစ်ကမ်းဘေးက ရွာခံတစ်ယောက်ကပြောရင်း ရေခဲသေတ္တာထဲကနေ BBC Thai ကို ထုတ်ပြပါတယ်။

BBC Thai ရဲ့ ရုပ်သံထုတ်လွှင့်ချက်ထဲမှာလည်း ပိဿာချိန် ၁၀ ကျော်ရှိတဲ့ ငါးကြီးရဲ့ အရေခွံတွေမှာ အရည်ကြည်ဖုတွေ ထွက်နေတာအပြင် တချို့နေရာတွေမှာ အရေပြားလန်နေတာတွေကိုလည်း တွေ့ရပါတယ်။

မယ်ဟောင်ဆောင်ခရိုင်ထဲက သော်လယ်ထနဲ့ မယ်ခါးထာ ရွာတွေနားက ရေနမူနာတွေကို စမ်းသပ်တဲ့အခါ သံလွင်မြစ်ရေထဲမှာ အာဆင်းနစ် အဆိပ်တွေဟာ ရှိသင့်တာထက် ကျော်လွန်နေတာကြောင့် သုံးစွဲဖို့မသင့်ဘူးလို့ ထိုင်းအာဏာပိုင်တွေက ၂၀၂၅ ခုနှစ် နိုဝင်ဘာမှာ ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်း သံလွင်မြစ်ဘေးမှာရှိတဲ့ ရေလုပ်သား မိသားစု ၄ ခုထဲက လူဦးရေ ၁၀ ယောက်ရဲ့ ဆီးတွေကို စစ်ဆေးတဲ့အခါ အာဆင်းနစ်ပါဝင်နေတာ တွေ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်ကို BBC Thai က ဒီဇင်ဘာမှာ ထုတ်လွှင့်ခဲ့တာပါ။

"သံလွင်မြစ်က ဒေသခံတွေကို ဝင်ငွေအများကြီး မပေးပေမဲ့ ဒီလူတွေကို ဗိုက်မဆာအောင် ထားပေးတဲ့ ရေခဲသေတ္တာလိုပါပဲ။ အခုတော့ မြစ်ရေက မသန့်ရှင်းတော့ဘူး"လို့ ထိုင်းဒေသခံက BBC Thai ကို ပြောတာ တွေ့ရပါတယ်။

သံလွင်မြစ်ဟာ တရုတ်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံကို စီးဆင်းနေတာ ဖြစ်ပေမဲ့ မြစ်ရဲ့ ၇ ရာခိုင်နှုန်းသာ ထိုင်းနဲ့ဆက်စပ်နေတာပါ။

သံလွင်မြစ်ရဲ့ ၄၄ ရာခိုင်နှုန်း စီးဆင်းနေတဲ့ မြန်မာဘက်ခြမ်းမှာရော ဘယ်လိုအခြေအနေရှိလဲ ဆိုတာကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ- IEC ၊ ကရင်ပြည်နယ်ထဲက သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ရက်- SSN နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် သဘာဝပတ်ဝန်းကျင် သုတေသနဌာနတို့ ပေါင်းပြီး သုတေသန ပြုကြပါတယ်။

ရှမ်းပြည်နယ်ဘက် သံလွင်မြစ်ပိုင်း သုတေသနမှာတော့ ဘယ်အဖွဲ့အစည်းမှ ပါဝင်နိုင်တာ မရှိဘူးလို့လည်း IEC အတွင်းရေးမှူး ၂ ကိုဗညားက ပြောပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်ကနေ ၂၄ ရက်အထိ အချိန်ယူခဲ့ပြီး မြန်မာနိုင်ငံထဲက သံလွင်မြစ် အထက်ပိုင်း (ရှမ်း-ကယား(ကရင်နီ)အစပ်)၊ သံလွင်မြစ် အလယ်ပိုင်းနဲ့ သံလွင်မြစ်အောက်ပိုင်း (ကယား(ကရင်နီ)- ကရင်) အစပ်နေရာတွေကရေတွေကို ဓာတ်ခွဲခဲ့ကြတာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့-WHO ရဲ့ စံနှုန်း ၀ ဒသမ ၀၁ မီလီဂရမ် ထက်ပိုပြီး အာဆင်းနစ်အဆိပ်တွေဟာ ၄ ဆ ကနေ ၉ ဆအထိ ရှိနေတာကို သုတေသနလုပ်သူတွေ တွေ့ခဲ့ကြပါတယ်။

"မြစ်တောက်လျှောက်မှာ အဆိပ်အတောက် ပျံ့နှံ့မှုတွေက အပေါ်ပိုင်းမှာ ရှိသလို၊ မော်ချီးဘက်က စီးဆင်းလာတဲ့ ချောင်းကနေ အဆိပ်သင့်တာတွေက ဆက်ဖြစ်နေတယ်။ အဆိပ်တွေ ရောနှောနေတယ်"လို့ ကိုဗညားက ပြောပါတယ်။

အရင်အစိုးရလက်ထက်တွေသာမက အခု စစ်ကောင်စီသိမ်းပိုက်ထားတဲ့ ကာလတွေမှာ နိုင်ငံအဆင့် စမ်းသပ်စစ်ဆေးတာတွေ မရှိခဲ့ဖူးပါဘူး။

ချင်းမိုင်တက္ကသိုလ်နဲ့ IEC၊ သံလွင်မြစ်ထိန်းသိမ်းရေးကွန်ရက်တို့ ပူးပေါင်းသုတေသန လုပ်တဲ့ ၂၀၂၅ ခုနှစ်မှာ သံလွင်မြစ်ရေထဲ အာဆင်းနစ်အဆိပ်သင့်နေတာကို လက်တွေ့သိလိုက်ရတာပါ။

ဒါ့အပြင် သံလွင်မြစ်ထဲကို စီးဝင်တဲ့ ချောင်းတစ်ခုဖြစ်တဲ့ ကယား(ကရင်နီ)ပြည်နယ်၊ ဖားဆောင်းမြို့နယ်ထဲက မော်ချီးသတ္တုတွင်းနားက မိုလိုချောင်းရေမှာတော့ အာဆင်းနစ်အဆိပ်ပမာဏဟာ ၅၅၃ ဆအထိ မြင့်မားနေတာကိုလည်း တဆက်တည်း တွေ့ရပါတယ်။

မော်ချီးသတ္တုတွင်းကနေ စွန့်ပစ်လိုက်တဲ့ လုပ်ငန်းသုံး ဓာတုပစ္စည်းတွေဟာ မိုလိုချောင်းထဲကို တိုက်ရိုက်စီးဝင်တာကြောင့် အဆ ၅၀၀ ကျော်အောင် မြင့်မားတဲ့ အဆိပ်ပမာဏတွေရှိနေတာဖြစ်သလို သံလွင်မြစ်နားကို ရောက်ခါနီးမှာတော့ ပမာဏက ၄ ဆလောက်ဖြစ်သွားတယ်လို့ ကိုဗညားက ရှင်းပြပါတယ်။

နှစ်တရာကျော်မော်ချီးမိုင်းဘေးက ငါးမရှိတော့တဲ့ သံလွင်မြစ်လက်တက် မိုလိုချောင်း

မိုလိုချောင်းဟာ မော်ချီးသတ္တုတွင်း မရောက်ခင်မှာ ကြည်လင်တဲ့ ချောင်းရေအသွင် ဆောင်ခဲ့ပေမဲ့ သတ္တုမိုင်းကို ဖြတ်ကျော်စီးဆင်းပြီးနောက်မှာတော့ ညစ်နောက်တဲ့ အရောင်ကို ပြောင်းလဲသွားပြီး ခဲမဖြူရွာနားမှာ သံလွင်မြစ်ထဲကို စီးဝင်သွားပါတယ်။

မိုလိုချောင်းထဲကို ခဲမဖြူ၊ အဖြိုက်နက် အများဆုံးထွက်တဲ့ မော်ချီးသတ္တုမိုင်းထဲက စွန့်ပစ်ရေတွေဟာ တိုက်ရိုက်တနည်း၊ သွယ်ဝိုက်တဖုံ စီးဝင်နေတာလို့ မွေးရပ်ဇာတိမြေဖြစ်တဲ့ မော်ချီးအကြောင်းကို အသက် ၅၀ ကျော်အရွယ် ဒေါ်နော်က ပြောပါတယ်။

"မိုလိုချောင်းထဲ ငါးမရှိတာ နှစ် ဆယ်ချီပြီလေ။ မိုင်းထဲကစွန့်ပစ်ရေတွေနဲ့က ငါးလည်း ဘယ်နေနိုင်မလဲ။ ငါးစားချင်ရင် ထိုင်းဘက်ကနေ ရေခဲရိုက်ငါးတွေ မှာစားတာများတယ်"လို့ ဒေါ်နော်က ပြောပါတယ်။

မိုလိုချောင်းရေ ညစ်ညမ်းနေတာနဲ့အတူ သတ္တုမိုင်းတူးဖော်တဲ့နေရာမှာ လုပ်ကိုင်နေသူတွေလည်း အဆုတ်ရောဂါနဲ့ မကင်းသူတွေများတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မော်ချီးသတ္တုတွင်းဟာ အင်္ဂလိပ်လက်ထက်ကတည်းက တူးဖော်ခဲ့တဲ့ မိုင်းတွင်းနေရာတွေကနေ သတ္တုကြောကို ရှာပြီး ကျောက်နံရံတွေကို Gun နဲ့ထိုးဖောက်တာသာမက ယမ်းသုံးပြီး မိုင်းခွဲကြတာလည်း ရှိပါတယ်။

"မော်ချီးက တောင်တွေဆိုတာ အပေါ်ကကြည့်ရင်သာ ခပ်အုပ်အုပ်မြင်ရတာ၊ အောက်မှာဆို ပိုးကောင်ဖောက်ထားသလို အပေါက်ချည်းပဲ"လို့ ဒေါ်နော်က ပြောပါတယ်။

နံရံဖောက်ချိန်မှာ ထွက်လာတဲ့ အမှုန်အမွှားတွေကို ကာကွယ်ဖို့ နှာခေါင်းစည်းတွေ မတပ်ကြသလို မိုင်းခွဲတဲ့အခါမှာလည်း ယမ်းငွေ့တွေ အကုန်မစင်ခင် မိုင်းတွင်းထဲ ဝင်ရောက်တာတွေ ရှိတယ်လို့ သိရပါတယ်။

ဒီလိုအခြေအနေတွေကြောင့် မော်ချီးမိုင်းမှာ သတ္တုရှာကြတဲ့ အမျိုးသားတွေဟာ အသက် ၃၀ နဲ့ ၄၀ ဝန်းကျင်မှာပဲ အဆုတ်ရောဂါနဲ့ သေဆုံးတာတွေတွေ့ရတာ နှစ်ဆယ်ချီရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

"စီးပွားရေးကောင်းတယ်၊ ဝင်ငွေကောင်းတော့ တိုက်တွေ ကားတွေနဲ့ နေနိုင်ကြတယ်။ ဒါပေမဲ့ အမျိုးသမီးတွေက အသက် ၃၀ လောက်ဆိုရင် မုဆိုးမဖြစ်ပြီ" လို့ အလုပ်လုပ်နိုင်တဲ့ အရွယ်မှာပဲ သေဆုံးသူတွေ များလာတဲ့ အခြေအနေကို ဒေါ်နော်က ပြောပါတယ်။

ဒေါ်နော်ရဲ့ အမျိုးသားကတော့ အသက် ၆၀ အထိ နေနိုင်ခဲ့ပေမဲ့ အဆုတ်ရောဂါနဲ့ပဲ ကွယ်လွန်ခဲ့တာပါ။

ဒါ့အပြင် သူ့ဆွေမျိုးတွေထဲက အသက် ၂၀ ကနေ ၄၀ အရွယ်ရှိတဲ့ တူတွေ၊ မောင်တွေ တော်စပ်သူ အနည်းဆုံး ၅ ယောက်လောက်ဟာလည်း အဆုတ်ရောဂါနဲ့ပဲ ၂၀၂၅ ခုနှစ်ထဲမှာ သေဆုံးခဲ့ကြပါတယ်။

သယံဇာတတူးတာကနေ အဆိပ်သင့်မြစ်အဖြစ်သို့ပြောင်းသွားတဲ့ နောက်ကွယ်အကြောင်းရင်း

သတ္တုမိုင်းတူးတဲ့အချိန်မှာ သဘာဝအတိုင်း ရှိနေတဲ့ အာဆင်းနစ်ဓာတ်တွေ ထွက်လာတာအပြင် သတ္တုဆေးကြောသန့်စင်တဲ့အခါ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေကနေလည်း အာဆင်းနစ်အဆိပ်တွေ ထပ်ထွက်လာတယ်လို့ ကိုဗညားက ပြောပါတယ်။

ဒ့ါကြောင့် ခဲတွေကို ဆေးလိုက်တဲ့အခါ အာဆင်းနစ်ပါဝင်တဲ့ ရေတွေက ချောင်းထဲကို တိုက်ရိုက်စီးဆင်းတာ မဖြစ်အောင် ရေစုကန်လုပ်၊ အဲဒီရေစုကန်ကနေမှတဆင့် မိုလိုချောင်းထဲကို ပြန်စီးဆင်းစေမယ်ဆိုရင် အဆိပ်တောက်တွေ တိုက်ရိုက်ကျဆင်းတာကို ထိန်းသိမ်းနိုင်မယ်လို့လည်း ယူဆထားကြပါတယ်။

ဒါ့ကြောင့် မော်ချီးမိုင်းတွင်းကနေ ထွက်လာတဲ့ရေတွေကို မိုလိုချောင်းထဲ တိုက်ရိုက်မပစ်ဘဲ အနည်စစ်ပြီးမှ စွန့်ပစ်ဖို့ကိုလည်း ကော်မတီဖွဲ့ပြီး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

ဒါပေမဲ့ တဖက်မှာလည်း သတ္တုသန့်စင်တာ၊ သတ္တုမိုင်းတွေကနေ တိုက်ရိုက်စွန့်ပစ်တာတွေကို ပပျောက်အောင်နဲ့ ရေစစ်ကန်တွေကနေ စွန့်ပစ်ဖို့အတွက် ထိန်းချုပ်မှု အားနည်းနေသေးတာကိုလည်း သူက လက်ခံပါတယ်။

ဒါက ကယား(ကရင်နီ)ပြည်နယ်ထဲကထွက်တဲ့ ရင်းမြစ်ကနေ အာဆင်းနစ်အဆိပ်ပါဝင်မှုကိုလျှော့ချဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အာဆင်းနစ်အဆိပ်တွေဟာ ကယား(ကရင်နီ) မတိုင်ခင် ရှမ်းပြည်နယ်ထဲက သံလွင်မြစ်ဝှမ်းအတွင်း မြေရှားနဲ့ ရွှေတူးဖော်ရေးတွေကလည်း ဆက်စပ်နေပါတယ်။

အကြောင်းကတော့ ပြည်နယ်တွေနဲ့ နိုင်ငံတွေသာ နယ်နိမိတ် ခွဲခြားသတ်မှတ်ထားပေမဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေက နယ်စည်းမခြားပါဘူး။

ဝတပ်ဖွဲ့ UWSA ထိန်းချုပ်ထားတဲ့ မိုင်းပေါက်မှာ မြေရှားသတ္တုတွင်း ၂၆ ခုကျော်ကို တွေ့ရှိတယ်လို့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီမှာ ဂြိုလ်တုဓာတ်ပုံတွေနဲ့အတူ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်-SHRF က ထုတ်ပြန်ထားတာပါ။

မြေရှားသတ္တုမိုင်းတွေရှိတဲ့ မိုင်းပေါက်မြို့နယ်ထဲက ချောင်းတွေဟာ သံလွင်မြစ်ထဲကို စီးဝင်တဲ့ ရေဝေရေလဲ ဧရိယာထဲမှာ ပါဝင်နေတာပါ။

ဓာတုပစ္စည်းတွေကို ပိုက်တွေကနေတဆင့် တောင်ကုန်းတွေထဲ လောင်းထည့်ပြီး မြေရှားထုတ်ယူတာ ဖြစ်တဲ့အတွက် ဓာတုအဆိပ်တွေဟာ မြေပေါ်၊ မြေအောက်၊ ရေအရင်းအမြစ်တွေအထိ ပျံ့နှံ့ပြီး သတ္တုတွင်းအောက်ပိုင်းက ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ အသက်မွေးလုပ်ငန်းတွေကိုပါ ထိခိုက်စေတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် သံလွင်မြစ်ရေဟာ မြေရှားသတ္တုမိုင်းတွေကြောင့် အန္တရာယ်ရှိနိုင်တယ်လို့လည်း SHRF က သတိပေးထားပါတယ်။

အဆိပ်သင့်ရေကို မရှောင်နိုင်ကြသူတွေ

အာဆင်းနစ်အဆိပ်တွေကြောင့် သံလွင်မြစ်ရေကို သောက်သုံးတာ၊ ချက်ပြုတ်တာ၊ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ သုံးစွဲတာတွေကို မလုပ်ဖို့ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ သံလွင်မြစ် ထိန်းသိမ်းရေးကွန်ရက်က သတိပေးထားပါတယ်။

အဆိပ်သင့်ရေကို သုံးစွဲမိရင်၊ အဆိပ်သင့်ထားတဲ့ ငါး၊ ဖား၊ ခရု အပါအဝင် ရေနေတိရစ္ဆာန်တွေကို စားသောက်မိရင် မူးတာ၊ ပျို့အန်၊ ဝမ်းလျှော၊ ကြွက်တက် စတာတွေကို ခံစားရနိုင်တယ်လို့ IEC က ထုတ်ပြန်ပါတယ်။

ရေရှည်မှာဆိုရင်လည်း အဆုတ်၊ ဆီးအိမ်၊ အရေပြား စတဲ့ ကင်ဆာတွေဖြစ်နိုင်သလို နှလုံး၊ သွေးတိုး၊ ဆီးချို အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်စေနိုင်တယ်လို့ သတိပေးထားတာပါ။

ကလေးတွေမှာလည်း အာရုံကြောဖွံ့ဖြိုးမှုတွေနဲ့ဆိုင်တဲ့ ရောဂါတွေကြောင့် မှတ်ဉာဏ်တွေလည်း ထိခိုက်စေနိုင်တဲ့အချက်ဟာ နောက်မျိုးဆက်တွေအထိ ဆင့်ပွားသယ်ယူသွားနိုင်တဲ့ ဆိုးကျိုးတွေ ဖြစ်နေပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံထဲမှာ သံလွင်မြစ် ဖြတ်သန်းသွားတဲ့ တလျှောက်က ကယား(ကရင်နီ)နဲ့ ကရင်ပြည်နယ်တို့ဟာ စစ်ဘေးသင့်ဒေသတွေ ဖြစ်နေတာပါ။

ရေရရှိဖို့လွယ်တဲ့ သံလွင်မြစ်ဘေးမှာ တိမ်းရှောင်နေကြရသူ အရေအတွက် သောင်းနဲ့ချီ ရှိနိုင်တယ်လို့ အဖွဲ့အစည်းတွေက ပြောပါတယ်။

ကရင်နီဘက်က စစ်ဘေးရှောင်တွေ ရေရရှိဖို့အတွက် အရင်ကတည်းက တောင်ကျရေတွေကို ပိုက်နဲ့သွယ်တန်းထားပေးတာတွေကို IEC ကလုပ်ပေးထားတာလည်း ရှိပါတယ်။

"ရေသွယ်တာတွေ လုပ်ပေးထားပေမဲ့ တိုက်ပွဲဖြစ်တာရော၊ လေကြောင်းတိုက်ခံရတာတွေရောနဲ့ မထိန်းသိမ်းနိုင်တော့ ပျက်စီးတာတွေက ပျက်ကုန်ပြီလေ။ ဒီတော့ မသောက်ဖြစ်ရင်တောင် သုံးလို့ရသလောက် သုံးကြတာပဲ။ ငါးမစားနဲ့လို့ ပြောပေမဲ့လည်း တခြားစားစရာမရှိရင်လည်း ရှောင်လို့မရကြဘူးလေ"လို့ ကရင်နီ ဒေသခံတစ်ယောက်က ပြောပါတယ်။

ကရင်ဘက်မှာဆိုရင်လည်း ဒီလိုဖြစ်ရပ်မျိုးနဲ့ ထပ်တူပဲ ရှိနေတယ်လို့ သံလွင်မြစ်ထိန်းသိမ်းရေးကွန်ရက် ဥက္ကဋ္ဌ ဦးပေါလ်စိန်ထွားက ပြောပါတယ်။

တိုက်ပွဲအခြေအနေတွေကြောင့် တခြားနေရာတွေက စားသောက်ကုန်တွေ အလွယ်တကူ ဝယ်မရတဲ့အခါ သံလွင်မြစ်ထဲက ငါး၊ ဖား၊ ခရုတွေကပဲ ဝမ်းရေးဖြေရှင်းစရာ ဖြစ်နေတာပါ။

"ရှောင်မရတဲ့ အခြေအနေမှာ ငါးတွေစားရမယ်ဆိုရင်တောင် ခေါင်းတွေနဲ့ အတွင်းကလီစာတွေကို မစားဖို့ ပြောထားတယ်။ ခေါင်းတွေ၊ ကလီစာတွေမှာက အဆိပ်တွေ စုတာ ပိုများတယ်"လို့ ဦးပေါလ်စိန်ထွားက ပြောပါတယ်။

ဒီလိုရှောင်တိမ်းဖို့ ခက်တဲ့အခြေအနေတွေအပြင် ရောဂါဖြစ်တာချက်ချင်းမသိဘဲ တဖြည်းဖြည်း ကျန်းမာရေးထိခိုက်စေတဲ့ အာဆင်းနစ်အဆိပ်ရဲ့ တိတ်တဆိတ်ဆိုးကျိုးတွေကို တချို့ပြည်သူတွေက နားမလည်ကြတာတွေလည်း ရှိနေကြပါတယ်။

စားနေကြပဲ၊ ဘာမှမဖြစ်ပါဘူးဆိုတဲ့ အယူအဆတွေကို တချို့ဒေသခံတွေက စွဲယူလက်ခံထားကြတာကို ပညာပေးရေးလုပ်နေကြတဲ့ အဖွဲ့တာဝန်ရှိသူတွေ ကြုံတွေ့ကြရပါတယ်။

"ခရုပေါ်ချိန်ဆိုလည်း ကောက်စားဖြစ်ကြတာပဲ၊ မြစ်ရေမကောင်းဘူးလို့ မသိတုန်းကလည်း အချိန် ၁၀ လောက်ရှိတဲ့ ငါးကြီးလာရောင်းလို့လည်း ဝယ်စားဖြစ်ကြသေးတယ်။ အခု မြစ်ရေက အဆိပ်သင့်တယ်ဆိုတော့ ရှောင်လို့ရတဲ့သူရှောင်ပေါ့"လို့ ဒေါ်နော်က ပြောပါတယ်။

အာဆင်းနစ်အပါအဝင် ဓာတုအဆိပ် ရာခိုင်နှုန်းအများစု လျော့နည်းဖို့အတွက်က ရင်းမြစ်တွေဖြစ်တဲ့ သတ္တုတွင်းတွေ ရပ်လိုက်ရဖို့သာ ရှိနေပေမဲ့ တဖက်မှာလည်း ဒေသဝင်ငွေ ရလမ်းဖြစ်နေတာကြောင့်လည်း လက်ရှိအချိန်မှာ မလွယ်ကူပြန်ပါဘူး။

နိုင်ငံရေးတည်ငြိမ်တဲ့ ကာလဆိုရင် သံလွင်မြစ် ပြန်လည်သန့်စင်အောင် အစိုးရတွေပူးပေါင်းပြီး စီမံကိန်းတွေနဲ့ ဆောင်ရွက်ရမှာ ဖြစ်ပေမဲ့ လက်ရှိအခြေအနေမှာတော့ သံလွင်မြစ်ရေကို တတ်နိုင်သလောက် မသုံးဖြစ်အောင် သတိပေးဖို့သာ လုပ်နိုင်ကြပါတယ်။

ရှည်လျားလှတဲ့ သံလွင်မြစ်ကြောင်းတစ်ခုလုံး အာဆင်းနစ်တွေပြည့်နေပြီဆိုတဲ့ သုတေသနမျိုးတော့မတွေ့ရသေးပါဘူး။

သတ္တုတွင်းတွေနားမှာဆိုရင် အာဆင်းနစ် ပါဝင်မှုပိုများနိုင်ပြီး သတ္တုမိုင်းတွေနဲ့ ဝေးတဲ့နေရာတွေမှာ လျော့သွားမှာဖြစ်တယ်လို့ ရေအရင်းအမြစ် ပညာရှင်တစ်ယောက်က မှတ်ချက်ပေးပါတယ်။

"မြင်သာအောင်ပြောရရင် အရက်ထဲကို ရေနည်းနည်းရောရင် အရက်ပြင်းသလို ရေများများထည့်ရင်တော့ ပျော့သွားသလိုပဲပေါ့။ မြစ်ကြောင်းတလျှောက်လုံးတော့ အာဆင်းနစ်တွေ ရှိနေဖို့တော့ မလွယ်ဘူးပေါ့" လို့ ရေအရင်းအမြစ် ပညာရှင်က ပြောပါတယ်။

သံလွင်မြစ်ကြောင်းတစ်လျှောက်လုံး အာဆင်းနစ် ပါဝင်မှု အတိုင်းအတာကိုလည်း လက်ရှိ နိုင်ငံရေးမတည်ငြိမ်တဲ့ အခြေအနေအရ သုသေတနလုပ်ဖို့ မလွယ်ကူပါဘူး။

သံလွင်မြစ်ဟာ လူတွေစားသောက်ဖို့အတွက် အစာပေးသလို၊ စိုက်ပျိုးဖို့အတွက် နှုန်းတွေကိုလည်း ချပေးပါတယ်။ သယ်ယူပို့ဆောင်ဖို့လည်း လမ်းပေးထားပါတယ်။

ဒါပေမဲ့ လူတွေကြောင့် သူ့ဆီကို ရောက်လာတဲ့ အဆိပ်သင့်ပစ္စည်းတွေကို တားဆီးနိုင်စွမ်းကတော့ သံလွင်မြစ်မှာ မရှိပါဘူး။