မေတ္တာငတ်မွတ်တဲ့အထီးကျန်တရုတ်လူငယ်တွေ ''အွန်လိုင်းမိဘတွေ''ဆီကနေ နွေးထွေးမှုရှာဖွေ

ဓာတ်ပုံ ရင်းမြစ်, BBC / Andro Saini

    • ရေးသားသူ, ယူးနစ်ယန်း
    • ရာထူးတာဝန်, ဘီဘီစီ(တရုတ်ဌာန)
    • ရေးသားပေးပို့သည့်နေရာ, ‌ဟောင်ကောင်
  • ဖတ်ရန်အချိန်: မိနစ် ၇

လူငယ်အများစုလိုပဲ ဗင်းဆင့်ကျန်လည်း စားသောက်ချိန်တိုင်း ဖုန်းနဲ့ မကွာပါဘူး။ ဒါပေမဲ့ သူ အကြိုက်ဆုံး ဗီဒီယိုပို့စ်တွေကတော့ "အွန်လိုင်းမိဘတွေ"လို့ သူ ခေါ်တဲ့ အသက်လတ်ပိုင်း စုံတွဲတစ်တွဲရဲ့ ဗီဒီယိုတွေ ဖြစ်ပါတယ်။

ဗင်းဆင့်က ဒုံရင်း(တရုတ်နိုင်ငံရဲ့ TikTok )ပေါ်မှာ အများဆုံးကြည့်နေတဲ့ဆိုရှယ် အင်ဖလူရန်ဆာတွေကတော့ ပန်ဟုချန် နဲ့ ကျန် စီယူပင်းတို့ပါ။

သူတို့ရဲ့ဗီဒီယိုတွေဟာ အပြင်အဆင် မပြုပြင်ထားပေမဲ့ ချစ်ခင်နွေးထွေးတဲ့မိသားစုဘဝကို အဓိကထား ပြသထားပြီး၊ ကြည့်ရှုသူတွေကိုလည်း ကိုယ့်သားသမီးလိုပဲ ပြောဆို ဆက်ဆံလေ့ရှိပါတယ်။

ပန်ဟုချန် နဲ့ ကျန် စီယူပင်းတို့ရဲ့ ဗီဒီယို ၃ နှစ်မပြည့်ခင်ကာလအတွင်း သူတို့အကောင့်မှာ ဖော်လိုဝါ ၁.၈ သန်းကျော် ရရှိလာခဲ့ပါတယ်။

လူကြည့်များဆုံးဗီဒီယိုတစ်ခုမှာ ပန်နဲ့ ကျန် ပြောထားတာက "မိသားစုထဲမှာ တာဝန်ယူရတဲ့သူက ဘယ်သူလဲ။ အလုပ်နဲ့ ကျောင်းစာတွေကြောင့် ပင်ပန်းနေပြီလား။ ''ကိုယ့်ကိုယ်ကို မဖြစ်မနေ ဖိအားမပေးပါနဲ့။ မေမေနဲ့ ဖေဖေက မင်း ကြိုးစားနေရတာကို သိပါတယ်။" ဆိုတာဖြစ်ပါတယ်။

ဗင်းဆင့်က "ကျွန်တော့်မိဘတွေဆို 'အရမ်းမကြိုးစားနဲ့' တို့ ဒါမှမဟုတ် 'အောင်မြင်သင့်သလောက် အောင်မြင်ပြီဖို့ တော်လောက်ပြီ' လို့ ပြောတတ်တဲ့သူတွေ မဟုတ်ဘူး။ ဒါပေမဲ့ အွန်လိုင်း မိဘတွေကတော့ 'ဒီနေ့ သားပျော်ရဲ့လား' လို့ မေးပေးကြပါတယ်" လို့ ပြောပါတယ်။

"အွန်လိုင်း မိဘများ (virtual parents)" ဆိုတဲ့ စကားလုံးက ၂၀၂၄ ခုနှစ်မှာ တရုတ်အင်တာနက်ပေါ်မှာ လူသုံးများလာတဲ့စကားစုဖြစ်လာခဲ့ပြီး အဲဒီနောက်ပိုင်းမှာ ပန်နဲ့ ကျန်လို အင်ဖလူရန်ဆာ အများအပြားက ဖော်လိုဝါများစွာ ရရှိလာကြပါတယ်။

ဒီလို ဆွေးနွေးမှုတွေက တရုတ်နိုင်ငံရဲ့ ဂျန်ဇက်နဲ့ မီလီနီယယ် လူငယ်မျိုးဆက်အများစုမှာ မိရိုးဖလာ မိသားစု ဆက်ဆံရေးပုံစံအပေါ် မကျေနပ်မှုတွေ တိုးလာနေတယ်ဆိုတာကို ထင်ရှားစေပါတယ်။ ဘာကြောင့်လဲဆိုရင် မိရိုးဖလာ မိသားစုပုံစံမှာက ချစ်ခင်မှုထက် တာဝန်ယူမှုနဲ့ နာခံမှုကို ပိုအရေးပေးထားပါတယ်။

လူမှုကွန်ရက်တစ်မျိုးဖြစ်တဲ့ RedNote ပေါ်မှာ "တရုတ်မိဘ" ဆိုတဲ့ hashtag ကို ကြည့်ရှုမှု ၅၀၀ သန်းကျော် ရရှိထားပြီး မှတ်ချက်ပေါင်း ၁.၂ သန်းကျော် ရှိနေပါတယ်။

နိုင်ငံစီးပွားရေးကျဆင်းနေတဲ့အခြေအနေမှာ လူငယ်အများစုဟာ ကိုယ့်ဘဝကို ဆောင်ရွက်ရတဲ့ အခက်အခဲတွေကို မိဘတွေ နားမလည်နိုင်တာကြောင့်လည်း စိတ်မကျေနပ်ဖြစ်နေကြပါတယ်။

တစ်ဖက်မှာလည်း တစ်ဦးတည်းသားသမီးတွေဖြစ်တာကြောင့် မိဘတွေရဲ့မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးရတဲ့ဖိအားဒဏ်ကို ခံနေရပါတယ်။ ဒါဟာ ၁၉၇၉ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ကျင့်သုံးခဲ့တဲ့တရုတ်နိုင်ငံရဲ့ မိသားစုတစ်စုကို ကလေးတစ်ဦးသာခွင့်ပြုတဲ့ မူဝါဒရဲ့ နောက်ဆက်တွဲပြဿနာတစ်ခု ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံမှာ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တဲ့ မိသားစုတစ်ခု ကလေးတစ်ဦး မူဝါဒကြောင့် လူငယ်တော်တော်များများဟာ တစ်ဦးတည်းသားသမီးအဖြစ် ကြီးပြင်းလာကြပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဗင်းဆင့်က ကိုယ်တိုင်အောင်မြင်မှု တစ်ခုရရှိထားပြီး အခုအခါ ရှန်ဟိုင်းအခြေစိုက် web developer တစ်ဦးအဖြစ် အလုပ်လုပ်နေပါတယ်။ သူက "996 culture" လို့ခေါ်တဲ့ မနက် ၉ နာရီကနေ ည ၉ နာရီအထိ တစ်ပတ်ကို ၆ ရက်၊ အလွန်ပင်ပန်းတဲ့အချိန်ဇယားနဲ့ အလုပ်လုပ်နေရသူပါ။ ဒါပေမဲ့ သူ့အပြောက မိဘတွေနဲ့အပတ်စဉ် ဖုန်းခေါ်ပြောရတဲ့အချိန်တွေကတော့ အဲဒီထက်တောင်ပိုပြီး စိတ်ဖိစီးမှုရှိတယ်လို့ သူ ခံစားနေပါတယ်။

သူ့အပြောအရ မိဘတွေက သူ့ရဲ့အလုပ်ရွေးချယ်မှုကို မကြာခဏ ဝေဖန်ကြပြီး အစိုးရအလုပ်တစ်ခုက ပိုတည်ငြိမ်မယ်လို့ ယူဆနေကြပါတယ်။ ဒါ့အပြင် မိန်းကလေးတစ်ယောက်ကို ဘယ်တော့အိမ်ကို ခေါ်လာမလဲဆိုတာလည်း မေးလေ့ရှိပါတယ်။

ဗင်းဆင့်က ပန်နဲ့ ကျန်တို့ရဲ့ comment section ထဲမှာ တခြားသူတွေနဲ့ ဆက်သွယ်ပြောဆိုတဲ့အခါ ကိုယ်တစ်ယောက်တည်း မဟုတ်သလို ခံစားရပါတယ်။ ဗင်းဆင့်လိုပဲ လူအများစုကလည်း အဲဒီစုံတွဲကို "မေမေ၊ ဖေဖေ" လို့ ခေါ် ပြီး စာရေးကြပါတယ်။ အများစုရဲ့ မက်ဆေ့ချ်တွေဟာ သူတို့ရဲ့ နေ့စဉ်ဘဝအကြောင်းတွေ ဖြစ်တတ်ပြီး တစ်ခါတလေ မွေးနေ့အတွက် ဆုတောင်းပေးဖို့လည်း တောင်းဆိုကြပါတယ်။

ဒါပေမယ့် တချို့မက်ဆေ့ချ်တွေက အလွန်စိုးရိမ်ဖွယ် ဖြစ်နေပါတယ်။ တစ်နေရာမှာဆိုရင် "ဒီယန်" လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်က ပန်ကို သူ အသက်မရှင်ချင်တော့ဘူးလို့ ပြောခဲ့ပြီး စိတ်ကျရောဂါကြောင့် ကိုယ်ကိုယ်သတ်သေချင်တဲ့ အတွေးတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ပန်က ၂၀၂၄ ခုနှစ် ဒုံရင်းနဲ့ ပြုလုပ်တဲ့အင်တာဗျူးတစ်ခုမှာ "သူနဲ့ နှစ်နာရီလောက် ဆက်တိုက် ပြောနေခဲ့တယ်၊ ဒါပေမယ့် ၄၀ မိနစ်လောက်ကြာပြီးနောက် သူ့ ဘက်က မတုံ့ပြန်တော့ဘူး" လို့ ပြောပါတယ်။ ဒါ့အပြင် သူ့ဘက်က အခြေအနေမှာ ဘာဖြစ်ခဲ့လဲဆိုတာကိုလည်း မသိဘူးလို့ ထပ်ပြောပါတယ်။

တစ်ပတ်ကြာပြီးနောက် ပန်က ဒီယန် ဆီက ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိခဲ့ပြီး သူက အခုအခါ အခြေအနေ ပိုကောင်းလာပြီလို့ ပြောခဲ့ပါတယ်။ ပန်ကတော့ "ကျွန်တော် တကယ်ကို အဓိပ္ပါယ်ရှိတဲ့အရာတစ်ခု လုပ်ခဲ့ရသလို ခံစားရပြီး အချိန်အတော်ကြာ ဂုဏ်ယူနေခဲ့တယ်" လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Provided

ဓာတ်ပုံ ပုံစာ, ပန်နဲ့ ကျန်တို့ရဲ့ ဒုံရင်း အကောင့်မှာ follower ၁.၈ သန်းကျော် ရအောင်ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ပန်ကလည်း ကိုယ်တိုင် မပျော်ရွှင်တဲ့ ကလေးဘဝကို ဖြတ်သန်းခဲ့ရတာကြောင့် မိသားစုက ဂရုမစိုက်မှုကြောင့် ဖြစ်လာနိုင်တဲ့နာကျင်မှုတွေကို နားလည်တတ်ပါတယ်။

သူဟာ မြောက်ပိုင်း ရှန်ဇီပြည်နယ်မှာရှိတဲ့ ရိုးရာတစ်မျိုးဖြစ်တဲ့ "မြေအောက်အိမ်" ထဲမှာ ကြီးပြင်းလာခဲ့ပါတယ်။

အသက် ၁၄ နှစ်အရွယ်မှာ သူ့မိခင် မလှုပ်ရှားနိုင် ဖြစ်သွားတဲ့နောက် မိသားစုကို ထောက်ပံ့သူ ဖြစ်လာတာကြောင့် အိမ်က ထွက်ခဲ့ပါတယ်။ ဒုံရင်း အပလီကေးရှင်းကနေ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ သူက "ကျွန်တော် အိမ်ကနေ ထွက်လာတာ ၃၃ နှစ်ရှိလာပြီ။ ဒါပေမဲ့ မိဘတွေက အားပေးတဲ့ စကားတခါမှတောင် မပြောဖူးပါဘူး" လို့ ပြောပါတယ်။

သူတို့ရဲ့သမီး ကျန်ယူ မွေးပြီးနောက် ပန်က မတူညီတဲ့ မိသားစုအလေ့အထတစ်ခုကို ဖန်တီးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပုံမှန် တရုတ်မိသားစုတွေလို မဟုတ်ဘဲ ပန်နဲ့ ကျန်က ကျန်ယူ ကို "ချစ်တယ်" လို့ အမြဲတမ်း ပြောလေ့ရှိပါတယ်။

ကျန်ယူက သူ့မိဘတွေကို ဗီဒီယိုအတိုလေးတွေ ထုတ်လုပ်ဖို့ အားပေးခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ပန်ရဲ့ လုပ်ငန်းပိတ်သွားတဲ့နောက် သူတို့က အချိန်ပြည့် အွန်လိုင်းပေါ် ရုပ်သံတိုတွေ ဖန်တီးသူတွေဖြစ်လာခဲ့ပါတယ်။ပန်ကတော့ တိုက်ရိုက်ထုတ်လွှင့်တာကနေ ပစ္စည်းတွေ ရောင်းပြီး အမြတ်ကြီးတွေ ရနိုင်တဲ့အလားအလာရှိပေမဲ့ သူ့ အကောင့်အတွက် ကြီးမားတဲ့စီးပွားရေးအစီအစဉ်တွေ မထားရှိဘူးလို့ ဆိုပါတယ်။

"သူတို့တွေ ဖခင်တစ်ယောက်ရဲ့ နွေးထွေးမှုကို ခံစားနိုင်အောင် ကျွန်တော် တတ်နိုင်သလောက် တစ်ခုခု လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ သူ ပြောပါတယ်။

သရော်ဒရာမာ ဇာတ်လမ်း

တရုတ်မှာ 'အွန်လိုင်းမိဘ'လို အကြောင်းအရာတွေ လူကြိုက်များနေတဲ့အပြင် "gourd soup literature" လို့ခေါ်တဲ့ သရော်ဟာသအကြောင်းအရာတွေလည်း အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။ ဒီ ရေပန်းစားမှုက တစ်မိနစ်ခန့်ရှိတဲ့ဟာသဇာတ်လမ်းတို တစ်ခုကနေ စတင်လာတာဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းထဲမှာ သားတစ်ယောက်က မိခင်ကပေးတဲ့ ဘူးသီးဟင်းခါးကို ယဉ်ကျေးစွာငြင်းဆိုလိုက်ပေမဲ့ နောက်ဆုံးမှာတော့ စိတ်ဆိုးတတ်သူလို့ အပြစ်တင်ခံရတဲ့ အခြေအနေကို ပြသထားတာဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာအသုံးပြုတဲ့ လူငယ်အများအပြားကတော့ ဒီ trend ဟာ တရုတ်မိသားစုတွေကြားမှာ ဖြစ်လေ့ရှိတဲ့ နားလည်မှု လွဲချော်မှုတွေကို ဖော်ပြထားတယ်လို့ ဆိုကြပါတယ်။ အထူးသဖြင့် မိဘတွေက သားသမီးတွေရဲ့ဆန္ဒကို လျစ်လျူရှုပြီး "မင်းအတွက်ကောင်းတယ်" ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆုံးဖြတ်ချက်တွေချလေ့ရှိတဲ့အခြေအနေတွေကို ထင်ဟပ်စေတယ်လို့ ဆိုကြပါတယ်။

အသက် ၂၈ နှစ်အရွယ် မိန်းကလေး ဂျောင်ဆီယန်ကလည်း အဲဒီလိုထင်မြင်သူတွေထဲက တစ်ဦးပါ။

သူကတော့ မိသားစု group chat ကို အရင်ကတည်းက နိုတီဖီကေးရှင်းမလာအောင် လုပ်ထားပြီးပါပြီ။ အကြောင်းကတော့ သူ့ မိဘတွေက သူ့ကို ဂရုစိုက်ကြောင်း မကြာခဏမပြသလို၊ သူနဲ့ စကားပြောတဲ့အခါတိုင်းလည်း "ဘူးသီးဟင်းခါးဇာတ်လမ်း" ထဲမှာ ပြသထားသလိုမျိုးပဲ ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

သူကလည်း သူ့မိဘတွေက အသက် ၁၅ နှစ်အရွယ်ရှိတဲ့ သူရဲ့မောင်ကို မိဘတွေက ပိုပြီးအလေးထားတယ်လို့ ယုံကြည်ထားပါတယ်။ တရုတ်ရိုးရာယဉ်ကျေးမှုထဲမှာတော့ မိသားစုရဲ့မျိုးနွယ်ဆက်ကို ဆက်လက်သယ်ဆောင်နိုင်သူက ယောက်ျားလေးတွေပဲဖြစ်တယ်လို့ သတ်မှတ်ထားတဲ့အယူအဆတစ်ခု ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

သူ့ရဲ့မိခင်ဟာ သူ့ဘဝရဲ့အရာအားလုံးကို အလွန်ထိန်းချုပ်နေတယ်လို့ ပြောပါတယ်။ သူက ကျောင်းပြီးတဲ့နောက် ပြင်သစ်မှာ အချိန်ပြည့်အလုပ်တစ်ခု ရရှိခဲ့ပေမဲ့ မိခင်က အဲဒီအလုပ်ကို စွန့်လွှတ်ပြီး တရုတ်နိုင်ငံကို ပြန်လာဖို့ ပြောတယ်လို့ ဆိုပါတယ်။

"ကျွန်မ ပြန်မလာခင်ကတည်းက အမေက ကျွန်မကို သူ စောင့်ရှောက်ပေးမယ်လို့ အမြဲပြောနေခဲ့တယ်။ အဲဒါကြောင့် ကျွန်မ အရမ်းစိတ်ထဲ ထင်ခဲ့မိတယ်" လို့ သူက ပြောပါတယ်။ "ဒါပေမယ့် တကယ်တမ်းတော့ သူလိုချင်တာက ကျွန်မကို အိမ်ပြန်လာပြီး ကျွန်မရဲ့မောင်ကို စောင့်ရှောက်ပေးစေချင်တာပဲ…"

"ကျွန်မကိုတော့ အမေက ကျွန်မငယ်ငယ်ကတည်းက ဆက်ဆံခဲ့သလိုပဲ ဆက်ဆံနေတုန်းပါပဲ။ ဒါပေမဲ့ ကျွန်မရဲ့မောင်ကိုတော့ စံပြမိဘတစ်ယောက်လိုမျိုး ဆက်ဆံနေပါတယ်" လို့ သူက ဆိုပါတယ်။

အရင်တုန်းကတော့ ဂျောင်ဆီယန်ဟာ မျက်ရည်ကျရင်း သူ့ရဲ့သူငယ်ချင်းတွေနဲ့ စကားပြောပြီး မိဘတွေရဲ့အပြုအမူကို နားလည်အောင် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ သူက meme (သရော်ဟာပြကွက်)တွေနဲ့ သရော်ဟာသဗီဒီယိုတွေကိုပဲ အားကိုးလာပါတယ်။ အခြားလူတွေကလည်း အလားတူတုံ့ပြန်မှုတွေရှိနေတာကို တွေ့ရတာကြောင့် သူ့ရဲ့အတွေ့အကြုံက သူတစ်ယောက်တည်းမဟုတ်ဘူး ဆိုတာကို သိလာပြီး မိသားစုဆိုင်ရာပြဿနာတွေကို ဟာသနဲ့ ရင်ဆိုင်နိုင်တယ် ဆိုတာကိုလည်း နားလည်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးကြောင့် ဖြစ်တဲ့စိတ်ဒဏ်ရာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်မိဘအများအပြားဟာ ယဉ်ကျေးမှုတော်လှန်ရေးကာလလို မတည်ငြိမ်ပြီး အရှုပ်အရှင်းများခဲ့တဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ကြတာ ဖြစ်ပါတယ်။

ကနေဒါနိုင်ငံရှိ တိုရန်တိုတက္ကသိုလ် ကျား/မဆိုင်ရာလူမှုဗေဒ လေ့လာရေးပညာရှင် ဂွာထင်း ကတော့ တရုတ်မိဘတွေကို သူ နားလည်သဘောပေါက်တယ်လို့ ပြောပါတယ်။ သူ့အမြင်အရ မိဘတွေက သားသမီးတွေကို မျှော်လင့်ချက်မြင့်မားစွာထားခြင်းနဲ့ ချစ်ခင်မှုကို ထုတ်ဖော်ပြသရာမှာ အခက်အခဲတွေရှိတာတို့အတွက် "သမိုင်းဆိုင်ရာအကြောင်းရင်းတွေ" အများကြီးရှိတယ်လို့ ဆိုပါတယ်။

ဒီနေ့ခေတ်မိဘတွေဟာ သူတို့ ငယ်ရွယ်စဉ်ကာလတုန်းက အပြင်ပန်းဆွေးနွေးပြောဆိုမှုတွေမှာ ကိုယ်ပိုင်စိတ်ခံစားချက်တွေကို လျစ်လျူရှုထားခဲ့ကြတယ်လို့ ဆိုပါတယ်။

ယဥ်ကျေးမှု တော်လှန်ရေး ကာလ ၁၉၆၆ ခုနှစ်က ၁၉၇၆ ခုနှစ်အထိ အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေဖြစ်ခဲ့တဲ့ ဆယ်နှစ်တာကာလမှာ ချစ်ခြင်းမေတ္တာဆိုတာကို နိုင်ငံအတွက် ဒါမှမဟုတ် အဲဒီအချိန်က ခေါင်းဆောင်ဖြစ်တဲ့ မော်စီတုန်းကိုပဲ ဖော်ပြရမယ်လို့ သတ်မှတ်ထားခဲ့ကြပါတယ်။

ဒီနေ့ခေတ်မိဘတွေ ခံစားနေရတဲ့ မလုံခြုံမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို သူတို့ အရင်က ဖြတ်သန်းခဲ့ရတဲ့ ဆင်းရဲဒုက္ခအခြေအနေတွေ၊ အသက်ရှင်နိုင်ဖို့ အပြိုင်အဆိုင်ရုန်းကန်ရတဲ့ပတ်ဝန်းကျင်တို့ကြောင့် ဖြစ်တယ်လို့ ဖြည့်စွက်ပြောပါတယ်။

အစိုးရမီဒီယာအချို့ကတော့ အွန်လိုင်းဆွေးနွေးမှုတွေကို ရိုးရာအယူအဆဖြစ်တဲ့ မိဘကို လေးစားရိုသေခြင်းဆိုတာကို လမ်းကြောင်းပြောင်းဖို့ ကြိုးစားနေပြီး လူငယ်မျိုးဆက်တွေက မိဘတွေကို ပိုမိုနားလည်သဘောပေါက်ဖို့ တိုက်တွန်းနေကြပါတယ်။

ဒါပေမယ့် ဒီနည်းဗျူဟာက အလုပ်ဖြစ်ပုံ မပေါ်ပါဘူး။ ဥပမာ ဗင်းဆင့် ဆိုရင် "ကျွန်တော့် မိဘတွေကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကို နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်မှာလည်း ကိုယ်ပိုင် စိတ်ဒဏ်ရာတွေ ရှိနေပါတယ်" လို့ ပြောပါတယ်။

"အွန်လိုင်းမိဘ" အချို့ကတော့ သူတို့ရဲ့ content ကို ပိုပြီး ငွေရှာနိုင်အောင် စီမံခန့်ခွဲရေးကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ဆိုပြီး လုပ်ဆောင်လာကြပါတယ်။ ဒါပေမဲ့ ဗင်းဆင့်ကတော့ အဲဒီဗီဒီယိုတွေကို ဆက်လက်ကြည့်ချင်နေသေးတယ်လို့ ပြောပါတယ်။

"ဒါက ကျွန်တော့်ဘဝထဲမှာ ရရှိနိုင်တဲ့ တစ်ခုတည်းသော နွေးထွေးမှုလို ခံစားရစေတယ်" လို့ သူက ပြောပါတယ်။ "ပြီးတော့ မေတ္တာငတ်ရတာထက်စာရင်တော့ ကောင်းတယ်လေ" လို့လည်း ဆိုပါတယ်။

Grace Tsoi နဲ့ Alexandra Fouché တို့က ပြင်ဆင်တည်းဖြတ်ထားပြီး၊ စတိုရီသရုပ်ဖော်ပုံကိုတော့ East Asia Visual Journalism က Andro Saini က ပုံဖော်ထားပါတယ်။