ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မာန်အောင်နဲ့ စစ်ကိုင်းက လိမ်လည်မှု - ပြည်တွင်းပြည်ပ အလုပ်အကိုင်ဗန်းပြ လိမ်လည်မှုတွေ
မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးလာတာကြောင့် အလုပ်ရအောင်လုပ်ပေးမယ်လို့ဆိုပြီး အလုပ်လိုချင်တဲ့ လူငယ်တွေကို ပစ်မှတ်ထား လိမ်လည်တာတွေဟာ ပြည်တွင်း ပြည်ပ အလုပ်အကိုင် ရှာဖွေနေကြသူတွေ ကြုံတွေ့ နေကြရပြီး အလိမ်ခံရတဲ့ ဖြစ်စဥ်တွေ ပိုများလာပါတယ်။
အခု လပိုင်းတွေအတွင်း ကြုံခဲ့ရဲ့ လိမ်လည်ခံရမှု နှစ်ခုကတော့ ပြည်ပအလုပ်အကိုင်ရမယ်ဆိုပြီး ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ လူငယ် အယောက် ၅၀ ကျော်ဆီက သိန်း ၈၀၀ နီးပါး အလိမ်ခံရတာနဲ့ ပြည်တွင်းအလုပ်အကိုင်အတွက် စစ်ကိုင်းတိုင်းမှာ လူငယ် ၂၀ နီးပါး အလိမ်ခံရတာတွေ ရှိခဲ့ပါတယ်။
မလေးရှားအလုပ်အကိုင်ဆိုပြီး လူငယ် ၅၀ ကျော် လိမ်လည်ခံရ
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၊ ဟင်းစနဲ့ကျေးရွာက လူငယ် အယောက် ၅၀ ကျော်ဟာ မလေးရှားနိုင်ငံမှာ အလုပ်လုပ်လို့ရအောင် ပို့ပေးမယ်ဆိုတာကြောင့် လိုအပ်တဲ့ စရိတ်တွေ ထုတ်ပေးလိုက်ပြီးနောက် ကျပ်သိန်း ၈၀၀ နီးပါး အလိမ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လိမ်လည်သူ အမျိုးသားက ဟင်းစနဲကျေးရွာခံ အသက် ၇၀ နဲ့ အသက် ၆၀ ကျော်အရွယ် အဘိုးအဘွားလင်မယားကို အယုံသွင်းပြီး သူဟာ ယုံကြည်ရသူဖြစ်တယ်လို့ အာမခံပေးဖို့ တောင်းဆိုခဲ့ပြီးနောက် လိမ်လည်သွားခဲ့တာ ဖြစ်တယ်လို့ အဲဒီအာမခံပေးလိုက်သူ မိသားစုက သမီးဖြစ်သူက ပြောပါတယ်။
အဲဒီ အမျိုးသားက မလေးရှားနိုင်ငံက ပြန်လာသူဖြစ်ပြီး သူကိုယ်တိုင် ကား၊ ဆိုင်ကယ် ပြင်လုပ်ငန်း လုပ်ကိုင်နေတာပါ။ အဲဒီ အဘိုးနဲ့အဘွားကို သူက ၂ နှစ် လောက် ရင်းနှီးအောင် အဝင်အထွက် လုပ်ခဲ့ပြီးနောက် သူ့ကို ယုံကြည်ရသူဖြစ်တယ်လို့ အာမခံပေးစေခဲ့တာလို့ ဆိုပါတယ်။
အဘိုးအဘွားတွေကလည်း ဆွေမျိုးတွေ၊ ရပ်ရွာတွေထဲက မလေးရှားကို အလုပ်သွားလုပ်ချင်တဲ့လူငယ်တွေကို သူကအမှန်တကယ် ပို့ပေးမှာဖြစ်တယ်လို့ အာမခံပေးမိခဲ့တဲ့နောက် အခုမကြာခင် ရက်ပိုင်းအတွင်း သူ့ကို အာမခံပေးထားတာကြောင့် သူတို့ပိုင်ဆိုင်မှုတွေကို လျော်ပေးရဖို့ ရှိနေတဲ့အကြောင်း အဘိုးအဘွားနှစ်ယောက်ရဲ့ သမီးဖြစ်သူက ပြောပါတယ်။
သူက အလုပ်လိုအပ်နေသူတွေကို မလေးရှားက သူ့ရဲ့ အလုပ်ရှင် အမျိုးသမီးက အလုပ်သမား ခေါ်ယူနေတာဖြစ်တယ်လို့ပြောပြီး အလုပ်ရှင်ရဲ့ မောင်ဖြစ်သူကိုယ်တိုင် လေယာဥ်စင်းလုံးငှား လာခေါ်မယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
အလုပ်လုပ်ကိုင်လိုသူတွေကို ဗီဇာကို အမှန်အကန် လုပ်ပေးမယ်လို့ ဆိုပြီး ပထမပိုင်းမှာ အလုပ်လုပ်ကိုင် လုပ်ကိုင်လိုသူ တစ်ဦးအတွက် ကျပ် သိန်း ၄၀ ကို မြန်မာနိုင်ငံမှာ တစ်ရစ်၊ မလေးရှားနိုင်ငံမှာ တစ်ရစ် စရိတ်နဲ့ ကုန်ကျငွေ တောင်းခဲ့ပေမဲ့ နောက်ပိုင်း မလေးရှားနိုင်ငံကို သွားရောက်ချိန် နီးကပ်လာတာကြောင့် အလည်အပတ် ဗီဇာနဲ့ အရင်သွားရောက်ဖို့ ပြောပြီး ကုန်ကျငွေ တစ်ဝက်လျှော့ တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၅၀ ကျော်အရွယ် လိမ်လည်သူဆိုသူ အမျိုးသားက လူငယ်တွေဆီကနေ တစ်ဦးကို ၁၅ သိန်းကနေ သိန်း ၂၀ အထိ စရံငွေတွေကို ဩဂုတ်လမှာ အကုန်သိမ်းယူပြီး စက်တင်ဘာမှာ မလေးရှားကို ပို့ပေးမယ်လို့ ကတိပေးခဲ့ပြီးနောက် ရွာကို လုံးဝပြန်မရောက်လာဘဲ သူဘယ်မှာ ရှိတယ်ဆိုတာကို စုံစမ်းလို့လည်း မရတော့ကြောင်းနဲ့ အခုချိန်မှာတော့ အာမခံပေးမိတဲ့ မိဘတွေက အိမ်၊ ခြံနဲ့ လယ်တွေကိုရောင်းပြီး လျော်ပေးရမယ့်အခြေအနေကို ရောက်နေပြီလို့ သမီးဖြစ်သူက ပြောပါတယ်။
အဲဒီလို အလုပ်အကိုင် လိုအပ်နေသူတွေကို လိမ်ညာမှုတွေနဲ့ အချက်အလက် မခိုင်မာမှုတွေကြောင့် နစ်နာရသူ ပြည်ပ အလုပ်အကိုင် ရှာဖွေနေသူတွေကို အလုပ်အရှင် အလုပ်သမား သဘောတူစာချုပ်လို စာချုပ်စာတမ်းတွေစတဲ့ ခိုင်မာတဲ့ စာရွက်စာတမ်းတွေနဲ့ လုပ်ကိုင်ကြဖို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက အကြံပေးထားကြပါတယ်။
ပြည်ပ အလုပ်အကိုင်အေဂျင်စီတွေကနေ တစ်ဆင့် ပြည်ပ အလုပ်အကိုင် သွားရောက်နေကြသူတွေလည်း ရှိပြီး စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနတော့ “ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူများ သိရှိရမည့်အချက်များ”ဆိုပြီး ဗီဇာကိစ္စ၊ ပြည်ပ အလုပ်အကိုင်မှတ်ပုံတင်ရေး အပါအဝင် စစ်ဆေးဆောင်ရွက်သင့်တဲ့ အသေးစိတ် အချက်အလက်တွေကို သူတို့ဝက်ဘ်ဆိုက်မှာ လမ်းညွှန်ထားတာကို တွေ့ရပါတယ်။
ဖေ့စ်ဘွတ်ခ်ကနေ လူငယ်တွေကို လိမ်လည်မှု
နောက်တစ်ခုကတော့ စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့က စားသောက်ဆိုင်တွေ၊ ထမင်းဆိုင်တွေ၊ ဖိနပ်ဆိုင်တွေမှာ အလုပ်ပေးမယ်ဆိုပြီး ဖေ့ဘွတ်ခ် လူမှုကွန်ရက်ကနေ အမျိုးသားတစ်ယောက်က လူငယ် ၁၉ ယောက် လိမ်လည်ခဲ့တာပါ။
လိမ်လည်သူက အလုပ်လာရှာတဲ့ မိန်းကလေးတွေဆီကနေ စာရွက်စာတမ်းတွေ၊ ဖုန်းတွေတောင်းယူပြီး ပြန်မလာတော့တာကြောင့် အဲ့ဒီမိန်းကလေးတွေက ထုံးဘိုအရေးပေါ်လူမှုကူညီရေးအဖွဲ့ကို အကူညီတောင်းခဲ့တာဖြစ်တယ်လို့ အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန်းဦးက ပြောပါတယ်။
လိမ်လည်သူအမျိုးသားက အလုပ်လိုအပ်သူတွေကို ဖေ့စ်ဘွတ်ခ်ကနေ အဆက်အသွယ်ရပြီးနောက် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်လို နေရာတွေကို ချိန်းဆိုခေါ်ယူခဲ့ကြောင်း၊ နောက် အလုပ်လိုအပ်သူတွေ ရောက်လာတဲ့အခါ အနီးအနားက လူပိုရှင်းတဲ့နေရာကို ခေါ်ယူစောင့်ဆိုင်းခိုင်းထားပြီး သန်းခေါင်စာရင်းတိုင်ပေးဖို့အတွက် ဆိုပြီး မှတ်ပုံတင်နဲ့ အထောက်အထားတွေယူသွားတဲ့အပြင် ဖုန်းခေါ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖုန်းကိုလည်း ငှားရမ်းတဲ့ပုံစံနဲ့ ယူသွားခဲ့တယ်လို့ ဆိုပါတယ်။
သူတောင်းတာကို မပေးသူတချို့ကို ဓားထောက်ပြီး တောင်းခဲ့တဲ့ ဖြစ်စဥ်တချို့လည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
အချိန်ကြာလို့ သူပြန်ရောက်မရောက်လာတော့မှ လိမ်လည်ခံရသူတွေက အနီးအနားကို မေးမြန်းပြီးနောက် ထုံးဘို အရေးပေါ်လူမှုကူညီရေးအဖွဲ့ဆီကို အကူအညီ လာတောင်းခဲ့ကြတယ်လို့ ဆိုပါတယ်။
အလိမ်ခံရတဲ့ လူငယ်တွေထဲမှာ သီပေါ၊ ရွှေဘို၊ ကျောက်မဲ၊ ကသာ စတဲ့ မြို့နယ်တွေအပါဝင် တခြားမြို့နယ်တွေကလည်း ပါတယ်လို့ သူက ပြောပါတယ်။ အလုပ်လိုချင်သူ တစ်ယောက် ၊ နှစ်ယောက်ကို ခေါပြီး လိမ်လည်တာကနေ အယောက် ၂၀ နီးပါးဖြစ်လာတာပါ။ အဲဒီနောက်မှာတော့ လိမ်လည်တဲ့သူကို ရဲစခန်းက ဖမ်းမိထားတယ်လို့ ပြောပါတယ်။
အခုတော့ သူ့ဆီက ရထားတဲ့ မှတ်ပုံတင်တချို့ကို လိမ်လည်ခံရသူတွေကို ဆက်သွယ်ပြီး ပြန်ပေးတာ တချို့ ရှိနေပြီလို့ ဦးမျိုးသန်းဦးက ပြောပါတယ်။ လိမ်လည်ခံရသူတွေထဲက လူ ၉ ဦးကို သူတို့အဖွဲ့က ကူညီပေးပြီး တချို့ကို သက်ဆိုင်ရာဒေသတွေက လူမှုကူညီရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး နေရပ်ပြန်ရေး ကူညီပေးခဲ့တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အလုပ်လုပ်ချင်စိတ်ကြောင့် အလုပ်ရှာကြပေမဲ့လည်း အလုပ်ခေါ်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း အကြောင်းကို သေချာစုံစမ်းသင့်ပြီး နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ဖို့ကိုလည်း အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောကြပါတယ်။
၁၀ နှစ်နောက်ပြန်ရွေ့သွားတဲ့ ဆင်းရဲမှုမျဥ်း
ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တာကြောင့် အလုပ်လက်မဲ့ သန်းချီရှိနေပြီးသားမြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေး နှေးကွေးသွားတာအပြင် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ မတည်ငြိမ်မှုတွေကြောင့် အလုပ်လက်မဲ့ ဦးရေက ပိုတိုးလာပါတယ်။
၂၀၂၂ မှာ ၂၀၂၀ ခုနှစ်က ထက်စာရင် အလုပ်အကိုင်ဆုံးရှုံးသွားသူ တစ်သန်းကျော်တိုးလာတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဒါ့အပြင် ဆောက်လုပ်ရေးနဲ့ အထည်ချုပ်လို လုပ်ငန်းခွင်တွေကနေလည်း အလုပ်သမား အများအပြား အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးသွားကြပြီး အများစုက အမျိုးသမီးတွေဖြစ်တယ်လို့ အလုပ်သမားရေးရာ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးသွားတွေကြောင့် အလုပ်သမားတွေဟာ ဝန်ဆောင်မှုလုပ်ငန်းတွေကနေ စိုက်ပျိုးရေးလုပ်ငန်းတွေဆီ ပြန်ပြောင်းရွှေ့သွားတာကြောင့် မြို့ပြကနေ ကျေးလက်ဆီကို လုပ်သားတွေ ပြောင်းရွှေ့သွားကြတယ်လို့လည်း အိမ်ထောင်စုစာရင်းအချက်အလက်တွေကို ကိုးကားပြီး ကမ္ဘာ့ဘဏ်ရဲ့ ပြီးခဲ့တဲ့ လပိုင်းက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နောက်ဆုံးရတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ လူဦးရေ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲမှု မျဥ်းအောက်ကို ရောက်နေပြီး ဒါဟာ ၂၀၂၀ ခုနှစ်နဲ့ နှိုင်းရင် နှစ်ဆ ဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်က အခြေအနေကို ပြန်ရောက်သွားတာလို့ ဆိုပါတယ်။