မတ် ၈ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ်- မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီမှာ အာဆီယံအထူးသံ အလေးအနက်တိုက်တွန်း

မြန်မာဆိုင်ရာ အာဆီယံအထူးသံအမတ် မစ္စ ထရီဇာ လာဇရို

ဓာတ်ပုံ ရင်းမြစ်, Ma. Theresa P. Lazaro

ဓာတ်ပုံ ပုံစာ, မြန်မာဆိုင်ရာ အာဆီယံအထူးသံအမတ် မစ္စ ထရီဇာ လာဇရို
ဖတ်ရန်အချိန်: မိနစ် ၁၁

မြန်မာဆိုင်ရာ အာဆီယံအထူးသံအမတ် မစ္စ ထရီဇာ လာဇရိုက မတ် ၇ ရက်တုန်းက နယူးယောက်မြို့မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတက်ရောက်ချိန်မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အလေးအနက် တိုက်တွန်းချက်တွေ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနဲ့ပတ်သက်တဲ့အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မြှင့်တင်ဆောင်ရွက်ဖို့ အာဆီယံနိုင်ငံတွေရဲ့အားထုတ်မှု အပိုင်းကို အလေးထားပြောကြားခဲ့တယ်လို့ မစ္စ ထရီဇာ လာဇရိုက အစည်းအဝေးအပြီး သူ့ရဲ့လူမှုကွန်ရက်မှာ ပြောထားပါတယ်။

အဓိကအနေနဲ့ မြန်မာကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ အရေးတကြီးကူညီထောက်ပံ့ဖို့ လိုနေတာကို အလေးပေးပြောကြားခဲ့တယ်လို့ သူက ဆိုပါတယ်။

နောက်တစ်ချက်ကတော့ မြန်မာဦးဆောင်တဲ့ မြန်မာ့ငြိမ်းချမ်းရေးလမ်းစဥ် ဖော်ဆောင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေ ပြန်လည်စတင်လုပ်ဆောင်ပေးဖို့ ဆိုတဲ့အချက်ကိုလည်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ကုလလုံခြုံရေးကောင်စီ အစည်းအဝေးမတိုင်ခင်ရက်မှာလည်း အာဆီယံအထူးသံဟာ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအပါအဝင် အာဆီယံသံအမတ်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

ဒီတွေ့ဆုံမှုမှာတော့ မြန်မာ့အရေးအပြင် တောင်တရုတ်ပင်လယ်နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေက နိုင်ငံရေး-လုံခြုံရေးကိစ္စရပ်တွေကို အပြန်အလှန်အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။

အာဆီယံအနေနဲ့ အရှေ့တောင်အာရှဒေသအတွင်းအပြင်မှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း အာဆီယံအထူးသံက ပြောထားပါတယ်။

မြန်မာဟာ အခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရမှာဖြစ်ပေမဲ့ မြန်မာ့အခြေအနေကြောင့် မြန်မာနောက်မှာရှိတဲ့ ဖိလစ်ပိုင်နိုင်ငံက အလှည့်ကျဥက္ကဋ္ဌတာဝန်ကို စောယူခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံ တာဝန်ကိုလည်း ယူထားတာဖြစ်ပါတယ်။

မြန်မာမှာစစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ ဂျာကာတာမှာကျင်းပတဲ့ အာဆီယံ ခေါင်းဆောင်တွေ အစည်းအဝေးပွဲအတွင်းမှာ အလှည့်ကျအာဆီယံဥက္ကဋ္ဌတွေဟာ မြန်မာ့အရေး ဖြေရှင်းဖို့ ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့တာဖြစ်ပြီး အာဆီယံအထူးသံထားတဲ့အချက်အလည်း ပါဝင်ပါတယ်။

သာသနာ့ဝန်ထမ်း၊ အသက် ၁၈ နှစ်အောက်တွေကို အရက်မရောင်းဖို့အချက်တွေပါဝင်တဲ့ ယစ်မျိုးဥပဒေပြဋ္ဌာန်း

ရန်ကုန်မြို့က အရက်၊ ဘီယာရောင်းချတဲ့စားသောက်ဆိုင်တစ်ခုရဲ့ ညမြင်ကွင်း(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့က အရက်၊ ဘီယာရောင်းချတဲ့စားသောက်ဆိုင်တစ်ခုရဲ့ ညမြင်ကွင်း(ပုံဟောင်း)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အရက်နဲ့ ယစ်မျိုး သက်ဝင်ပစ္စည်းတွေကို အများပြည်သူသုံးစွဲမှု စနစ်ကျနဖို့ဆိုပြီး နှစ် ၁၀၀ ကျော်ရှိနေပြီဖြစ်တဲ့ယစ်မျိုးဥပဒေကို ဖျက်သိမ်းကာ ဥပဒေအသစ်ကို စစ်ခေါင်းဆောင်က မတ် ၇ ရက်မှာ ပြဋ္ဌာန်း ထုတ်ပြန်လိုက်ပါတယ်။

၁၉၁၇ ခုနှစ်က ပြဋ္ဌာန်းပြီး ၂၀၁၅ မှာပြင်ဆင်ထားတဲ့ ယစ်မျိုးဥပဒေဟာ ပြင်ဆင်ဖို့လိုအပ်ပြီး အခုအသစ်ပြဋ္ဌာန်းလာတဲ့ဥပဒေဟာ အ‌သေးစိတ်အချက်တွေပါဝင်လာတယ်လို့ ဥပဒေပညာရှင် အသိုင်းအဝိုင်းက မှတ်ချက်ပြုပါတယ်။

ဒီဥပဒေရဲ့ ပုဒ်မ ၆၈ မှာ သာသနာ့ဝန်ထမ်း၊ စိတ်ပေါ့သွပ်သူ၊ အသက် ၁၈ နှစ်မပြည့်သူနဲ့ နည်းဥပဒေ ဖြင့်သတ်မှတ်ထားသူတွေကို အရက်ရောင်းချတာ ဒါမှမဟုတ် ပေးကမ်းတာမလုပ်ရလို့ တားမြစ်ထားပါတယ်။

တားမြစ်ချက်ကိုဖောက်ဖျက်ရင် ၆ လ ထက်မပိုတဲ့ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်သိန်း ၁၀ မှ အများဆုံး ကျပ်သိန်း ၅၀ ထိ ငွေဒဏ်ဖြစ်စေချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ပုဒ်မ ၆၉ မှာလည်း အရက် ဒါမှမဟုတ် ယစ်မျိုးသက်ဝင်ပစ္စည်းကို အလိုအလျောက်အရောင်းစက်နဲ့ မရောင်းဖို့၊ အွန်လိုင်းစနစ်နဲ့ မရောင်းဖို့အပါအဝင် ရောင်းချ၊ ကြော်ငြာ၊ အရောင်းမြှင့်တင်ခြင်းဆိုင်ရာ အချက် ၄ ချက်ကို ထည့်သွင်းထားပါတယ်။

ဒီပုဒ်မကို ဖောက်ဖျက်ရင် ၆ လ ထက်မပိုတဲ့ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၁၀၀ ကနေ အများဆုံးကျပ်သိန်း ၃၀၀ ထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြစ်ဒဏ်သတ် မှတ်ထားပါတယ်။

အရက်ရောင်းချတဲ့နေရာမှာ အမျိုးသမီးတွေကို ခိုင်းစေတာ ဒါမှမဟုတ် ခိုင်းစေခွင့်ပြုတာမလုပ်ဖို့ လည်း တားမြစ်ထားတာပါ။

ယစ်မျိုးဥပဒေအသစ်ထွက်လာပြီးနောက်ပိုင်းမှာ အခွန်စည်းကြပ်မှုတွေ ပိုပြီးတင်းကျပ်လာနိုင်တယ်လို့ ဥပဒေပညာရှင်တွေက ဆိုပါတယ်။

မုဒိမ်းမှုကျူးလွန်တယ်လို့စွပ်စွဲခံရသူတွေနဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၂၀ တပ်ရင်းမှူးကို ချက်ချင်းထိန်းချုပ်ဖို့ အမျိုးသမီးအဖွဲ့တွေ တိုက်တွန်း

အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှု ရပ်တန့်ရေး သရုပ်ဖော်ပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှု ရပ်တန့်ရေး သရုပ်ဖော်ပုံ

စစ်ကိုင်းတိုင်းထဲ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနအောက်က ယင်းမာပင်ခရိုင်တပ်ရင်း ၂၀ က အဓမ္မပြုကျင့်ခံရတဲ့ ရဲမေနဲ့ မိသားစုလုံခြုံရေးအတွက် ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေအပြင် တပ်ရင်းမှူးကိုပါ ချက်ချင်းထိန်းချုပ်တာ၊ တာဝန်က ရပ်နားတာတွေ လုပ်ဖို့ အမျိုးသမီးအဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ (ABWU) အပါအဝင်အဖွဲ့အစည်း ၁၆ ခုက ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ NUG သမ္မတ ဒူဝါလရှီလထံ အိတ်ဖွင့်ပေးစာပေးပို့ရာမှာ အခုလိုထည့်သွင်း တောင်းဆိုထားတာပါ။

ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ က ရဲမေတစ်ဦးဟာ တပ်ရင်းရဲ့ တာဝန်ရှိသူတွေကိုယ်တိုင် အဓမ္မ ပြုကျင့်တာ၊ နှိပ်စက်တာ၊ လူမျိုးရေး၊ ဘာသာရေးခွဲခြားတာခံရတဲ့အပြင် မိသားစုတွေပါခြိမ်း ခြောက်ခံနေရတာကို အထောက်အထားနဲ့တကွ သိရှိထားရတယ်လို့ အမျိုးသမီးအဖွဲ့တွေရဲ့ အိတ်ဖွင့်ပေးစာမှာဖော်ပြပါတယ်။

ဒါအပြင် ကျူးလွန်သူတွေကို အရေးယူရမယ့်အစား လုံခြုံရေးအတွက် ပုန်းအောင်းနေရတဲ့ နစ်နာသူအမျိုးသမီးနဲ့ ခင်ပွန်းဖြစ်သူက ရောက်ရာအရပ်က တပ်ရင်းကို သတင်းပို့ဖို့ တွန်းအားပေးခံနေရတယ်လို့ ဆိုပါတယ်။

NUG က လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေအပါအဝင် အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု ကို ထိရောက်စွာကိုင်တွယ်မှုအားနည်းတဲ့အပေါ် စိတ်ပျက်မိတယ်လို့လည်း အိတ်ဖွင့်ပေးစာပေးပို့တဲ့အဖွဲ့အစည်းတွေက ပြောထားပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ကျော်ဇောဖြစ်ရပ်နမူနာတွေဆိုပြီးလည်း ကန့်ဘလူ ပအဖခေါင်းဆောင်က ကျူးလွန်တဲ့ အဓမ္မပြုကျင့်မှု၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၃ က CDM ရဲမေ ရိုက်နှက်ခံရမှုနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၆ တပ်ရင်းမှူးက ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဖမ်းဆီးရိုက်နှက်အဓမ္မ ပြုကျင့်မှုတွေကို ထောက်ပြထားပါတယ်။

အမျိုးသမီးနဲ့ လိင်ဖြစ်တည်မှုအရ အခွင့်အရေးတန်းတူညီမျှေခွင့်ရရေး အားထုတ် ကြိုးပမ်းနေကြတဲ့အဖွဲ့တွေကတော့ NUG တာဝန်ရှိသူတွေ အထူးသဖြင့်ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ မျက်နှာစုံညီအစည်းအဝေးလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

NUG အနေနဲ့ လိင်အကြမ်းဖက်မှုအပါအဝင် အမျိုးသမီးတွေအကြမ်းဖက်ခံရမှုကို လူမှုကွန်ရက်မှာ ပြောဆိုမှုမြင့်တက်လာမှ ကိုင်တွယ်ဖြေရှင်းနေပြီလို့ ပြောဆိုထုတ်ပြန်လာတာဖြစ်ပါတယ်။

အမျိုးသမီးအဖွဲ့အစည်းတွေရဲ့အချက်အလက်အရ အာဏာသိမ်း ၅ နှစ်အတွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုပေါင်း ၉၀၀ ကျော်ရှိပြီး ဒီအမှုတွေက စစ်တပ်အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကျူးလွန်မှုတွေလည်းပါဝင်တာဖြစ်ပါတယ်။

ဒီအမှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အပိုင်းမှာလည်း NUG ရဲ့ ပွင့်လင်းမြင်သာမှုမရှိတာကို အမျိုးသမီးအဖွဲ့တွေက ထောက်ပြနေကြပါတယ်။

အမှုပွဲစားလုပ်ရင် ထောင်ဒဏ်နဲ့ ငွေဒဏ် တိုးမြှင့်ချမှတ်ခံရမယ့် ရှေ့နေအက်ဥပဒေကို စစ်ခေါင်းဆောင် လက်မှတ်ထိုး

၂၀၁၂ ခုနှစ်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရှေ့နေတွေရဲ့ဆန္ဒထုတ်ဖော်ပွဲတစ်ခု(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၂ ခုနှစ်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရှေ့နေတွေရဲ့ဆန္ဒထုတ်ဖော်ပွဲတစ်ခု(ပုံဟောင်း)

လိုင်စင်ဆိုင်းငံ့ခံရတာ ဒါမှမဟုတ် ရုပ်သိမ်းခံရတဲ့ရှေ့နေတွေနဲ့ အမှုပွဲစားတွေအပေါ် တင်းကျပ်ဖို့ ရည်ရွယ်တဲ့ ရှေ့နေအက်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ထိုး ထုတ်ပြန်လိုက်ပါတယ်။

ရှေ့နေအက်ဥပဒေနဲ့ပတ်သက်ပြီး မတ် ၇ ရက် လက်မှတ်ထိုး ထုတ်ပြန်ချက်ဟာ ရှေ့နေလိုင်စင်ဆိုင်းငံ့ ဒါမှမဟုတ် ရုပ်သိမ်းခံရတဲ့ရှေ့နေတွေအနေနဲ့ ရှေ့အနေအဖြစ် တရားရုံးပြင်ပ လုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရလို့ ကန့်သတ်လိုက်တာလို့ မြန်မာရှေ့နေ အသိုင်းအဝိုင်းဘက်ကနေ ပြောပါတယ်။

"ဒီတိုင်းကြည့်ရင် တချို့ရှေ့နေတွေက ကောင်းတယ်လို့မြင်ကြတယ်။ တဖက်မှာတော့ ၂၀၂၁ နောက်ပိုင်းမှာနိုင်ငံရေးကြောင့် ရှေ့နေ ၂၀၀ ကျော် လိုင်စင်ရုပ်သိမ်းခံရတဲ့အခါမှာ ဒီလိုရှေ့နေတွေအတွက် ကြပ်သွားတယ်" လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ပြောပါတယ်။

ရှေ့နေအဖြစ်လုပ်ကိုင်ခွင့်မရှိဘူးလို့သာ ပြောထားတဲ့အတွက် ပုဂ္ဂလိကကဏ္ဍဘက်မှာ ဥပဒေအကြံပေး ဒါမှမဟုတ် အတိုင်ပင်ခံအနေနဲ့ လုပ်ကိုင်လို့ရနိုင်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

စစ်ကော်မရှင်က အမှုပွဲစားတွေနဲ့ သက်ဆိုင်တဲ့ ရှေ့နေများအက်ဥပဒေရဲ့ ပုဒ်မ ၃ ပုဒ်မခွဲ (က)ကို ဖြည့်စွက်ခဲ့သလို ပြစ်ဒဏ်ကိုလည်း တိုးမြှင့်လိုက်တာပါ။

အမှုပွဲစားအဖြစ် ဆောင်ရွက်တယ်လို့ ထင်ရှားရင် ပုဒ်မ ၃၆ ပုဒ်မခွဲ (၆)အရ အရင်က ထောင်ဒဏ် ၃ လဖြစ်စေ၊ ငွေဒဏ် ၅၀၀ ကျပ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမယ်လို့ ပြဋ္ဌာန်းထားတာပါ။

အခုပြင်ဆင်ချက်မှာတော့ ၃ နှစ်ထပ် မပိုတဲ့ထောင်ဒဏ်၊ ကျပ် ၁၀ သိန်းကနေ သိန်း ၁၀၀ အထိငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နဲ့ ငွေဒဏ် နှစ်ရပ်လုံးကို ချမှတ်ခံရနိုင်ကြောင်း ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။

ရှေ့နေလိုင်စင်ဆိုင်းငံ့ ဒါမှမဟုတ် ရုတ်သိမ်းခံရတဲ့ရှေ့နေတွေကိုလည်း ပုဒ်မ ၁၀ ပြဋ္ဌာန်းချက်ကို ချိုးဖောက်ရင် အရင်ကချမှတ်ထားတဲ့ ပြစ်ဒဏ်အပိုဒ်နေရာမှာ ၃ နှစ်ထပ်မပိုတဲ့ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ အနည်းဆုံးကျပ်ဆယ်သိန်းမှ အများဆုံးကျပ်သိန်းတစ်ရာအထိငွေဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ခံရမယ်လို့ အစားထိုးလိုက်တာပါ။

လိုင်စင်ရုတ်သိမ်းခံရတဲ့ရှေ့နေတွေအနေနဲ့ လိုင်စင်မအပ်ရင် ပုဒ်မ ၃၃ အရ ချမှတ်မယ့် ပြစ်ဒဏ်ကိုလည်း ပုဒ်မ ၁၀ ပြဋ္ဌာန်းချက်ကို မလိုက်နာရင် ချမှတ်မယ့်ပြစ်ဒဏ်အတိုင်း တိုးမြှင့်လိုက်တာကို တွေ့ရပါတယ်။

ရှေ့နေအဖြစ်က ထုတ်ပယ်ခံရသူတွေအနေနဲ့ အမှုသည်ရဲ့ ကိုယ်စားလှယ်အဖြစ် တရားရုံးမှာ ရှေ့နေတစ်ဦးလို လိုက်ပါဆောင်ရွက်နေတာ၊ ရှေ့နေအဖြစ် တရားရုံးပြင်ပမှာ လုပ်ကိုင်နေတာကို တားမြစ်လိုတာ၊ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခွင့်မရှိဘဲ အမှုဆက်လက်လိုက်ပါ ဆောင်ရွက်နေတာကို တားဆီးနိုင်ဖို့နဲ့ အမှုပွဲစားတွေအပေါ် ထိရောက်တဲ့ ပြစ်ဒဏ်တွေချမှတ်နိုင်ဖို့ ရှေ့နေများအက်ဥပဒေကို ပြင်ဆင်လိုတာဖြစ်တယ်လို့ စစ်ကော်မရှင်ရဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးက ၂၀၂၅ ဒီဇင်ဘာ ၁၆ ရက်မှာ ပြောထားပါတယ်။

ကင်ဆာကုသမှုစင်တာ ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာဖွင့်လှစ်

၂၀၂၆ မတ် ၇ ရက်မှာ ဖွင့်လှစ်တဲ့ အမျိုးသားကင်ဆာကုသရေးဗဟိုဌာနမှာ တွေ့ရတဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ၂၀၂၆ မတ် ၇ ရက်မှာ ဖွင့်လှစ်တဲ့ အမျိုးသားကင်ဆာကုသရေးဗဟိုဌာနမှာ တွေ့ရတဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ကင်ဆာဝေဒနာရှင်တွေအနေနဲ့ တစ်နေရာတည်းမှာ ကုသမှုခံယူနိုင်မယ့် အမျိုးသား ကင်ဆာကုသရေးဗဟိုဌာန ကို ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ မတ်လ ၇ ရက်မှာ စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပါတယ်။

ဒီစင်တာမှာ ကုသရေးအပြင် သုတေသနလုပ်ငန်းတွေလည်း ဆောင်ရွက်ဖို့ရည်ရွယ်တယ်လို့ မနေ့က ဖွင့်ပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

၂၀၂၂ ခုနှစ်မှာ ကမ္ဘာတဝန်း ကင်ဆာလူနာသစ် သန်း ၂၀ တိုးလာပြီး အဲဒီထဲက ၉ သန်းကျော်သေဆုံးခဲ့တာ၊ နောက်ပြီး မြန်မာမှာ '' အသက် ၇၅ နှစ်မတိုင်မီ ကင်ဆာဖြစ်ပွားနိုင်ခြေ ၁၃ ဒသမ ၉ ရာခိုင် နှုန်း ရှိနိုင်တယ်လို့ ခန့်မှန်းထားတဲ့အတွက် ကင်ဆာရောဂါ ကာကွယ်ထိန်းချုပ်ရေးက အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အရေးကြီးလာတယ်'' လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

အခု စင်တာဖွင့်လှစ်ပြီးရင် မြန်မာနိုင်ငံမှာ ဓာတ်ရောင်ခြည် ကုသစက်စုစုပေါင်း ၂၆ လုံး၊ Brachytherapy ဓာတ်အပ်စိုက် ကိရိယာ ၉ လုံးအထိ တပ်ဆင်ကုသပေးနေပြီဖြစ်တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

ဓာတ်ရောင်ခြည်စင်တာတွေဟာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်က ပြည်သူ့ဆေးရုံကြီးတွေမှာ စင်တာ ၅ ခု၊ စစ်ဆေးရုံတွေမှာ စင်တာ ၄ ခုနဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ စင်တာ ၅ ခုရှိနေတာပါ။

ကင်ဆာလူနာတွေ ဓာတ်ရောင်ခြည်နဲ့ ကုသမှုခံယူဖို့ စောင့်ဆိုင်းရတဲ့ အချိန်ကိုလျှော့ချဖို့အတွက် ဓာတ်ရောင်ခြည်ကုသစက်တွေ ဝယ်ယူတပ်ဆင်ရေး လိုအပ်တဲ့ရန်ပုံငွေကို အထူးဦးစားပေး ခွင့်ပြုခဲ့တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

မနေ့ကဖွင့်လှစ်လိုက်တဲ့ ကင်ဆာကုသမှုစင်တာမှာလည်း ဖွင့်ပွဲမတိုင်ခင်ကတည်းက ဓာတ်ရောင်ခြည်စက်ခန်းတွေကြိုတင်ဆောက်ကာ ဓာတ်ရောင်ခြည်ကုသစက် ၂ လုံးနဲ့ ၂၀၂၄ အောက်တိုဘာကတည်းက ကုသပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

ကင်ဆာကုသမှုစင်တာမှာ အတွင်းလူနာ ၂၈၅ ဦးနဲ့ ပြင်ပလူနာ ၃၈၀၅ ဦး ကုသပေးခဲ့ပြီးဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

ဒဂုံဆိပ်ကမ်းမှာဖွင့်ထားတဲ့ အမျိုးသား ကင်ဆာကုသရေးဗဟိုဌာနမှာ ငါးထပ်ကုသဆောင်နဲ့ ရှစ်ထပ် ကုသဆောင်တွေပါဝင်တာဖြစ်ပါတယ်။

နိုင်ငံတကာပညာရှင်တွေနဲ့ ပူးပေါင်းပြီး အမျိုးသားကင်ဆာရောဂါမှတ်တမ်းစနစ် (National Cancer Registry) ကို တည်ဆောက်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကတော့ ကိုဗစ်နဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မြန်မာ့လူဦးရေထဲ ကင်ဆာလို မကူးစက်နိုင်တဲ့ရောဂါဖြစ်ပွားနှုန်း မြင့်တက်နေပြီး ကျန်းမာရေးစနစ်လည်း ပျက်ပြားနေတယ်လို့ ၂၀၂၃ ခုနှစ်ထုတ် သူတို့ရဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာမှာ ကင်ဆာကူးစက်မှုတွေထဲ အမျိုးသားတွေမှာ အဆုတ်နဲ့ အသည်းကင်ဆာဖြစ်ပွားမှုအများဆုံးဖြစ်ပြီး အမျိုးသမီးတွေကြားမှာတော့ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနှုန်း မြင့်ဆုံးတွေ့ရတယ်လို့ အရှေ့တောင်အာရှ သုတေသနတွေမှာဖော်ပြပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကတော့ ကင်ဆာရောဂါကို ထိန်းချုပ်ကာကွယ်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်လို သဘောထားတယ်လို့ ပြောပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ မြင့်တက်လာတဲ့ပဋိပက္ခ၊ လုံခြုံရေးနဲ့ စီးပွားရေးဖိအားတွေဟာ ကျန်းမာရေးဝန်ဆောင်မှုတွေအပေါ် သက်ရောက်မှုကြီးမားနေတယ်လို့ ပြောပါတယ်။