ပုပ်ရဟန်းမင်းကြီး ဖရန်စစ် စျာပန အစီအစဉ်နဲ့ ပုပ်အသစ်ရွေးချယ်ဖို့ ပြင်ဆင်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဧပြီ ၂၇ ရက် လာမယ့် စနေနေ့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် စျာပန ကျင်းပဖို့ ပြင်ဆင်နေပြီ
ဖတ်ရန်အချိန်: မိနစ် ၂

ပြီးခဲ့တဲ့ တနင်္လာနေ့က ပျံတော်မူသွားတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ စျာပနကို လာမယ့် စနေနေ့မှာ ဒါဇင်နဲ့ချီတဲ့ ကမ္ဘာခေါင်းဆောင်တွေ တက်ရောက်ဖို့ ရှိပါတယ်။

ဒီအခမ်းအနားကို အီတလီ နိုင်ငံ ရောမမြို့က စိန့်ပီတာ ဘဆီလီကာ ရင်ပြင်မှာ ကျင်းပဖို့ ရှိပါတယ်။

ပျံတော်မူသွားပြီဖြစ်တဲ့ ပုပ်ဖရန်စစ်ရဲ့ ရုပ်ကလာပ်ကို ဗာတီကန်က စိန့်ပီတာ ဘုရားကျောင်းကို နက်ဖြန် ဧပြီ ၂၃ရက် ဗုဒ္ဓဟူးနေ့မှာ ဆောင်ယူသွားမှာ ဖြစ်ပြီး စျာပနနေ့ထိ ထားရှိမှာ ဖြစ်ပါတယ်။

ဝတ်ရုံနီ ဆင်မြန်းပြီး ခေါင်းတလားထဲမှာ ဖွင့်ပြထားတဲ့ ပုပ်ရဲ့ ရုပ်ကလာပ်ကိုလည်း ဗာတီကန်ကနေ ထုတ်ပြန်ပါတယ်။

သူ့ရဲ့ခေါင်းမှာ ခေါင်းဆောင်းရှည် ဆောင်းပေးထားပြီး လက်မှာ လက်ဝါးကပ်တိုင်ပုံပါတဲ့ စိပ်ပုတီးထည့်ထားပေးပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ ဧပြီ ၂၁ ရက်နေ့က သက်တော် ၈၈ နှစ်အရွယ်မှာ နှလုံးရောဂါ ၊ လေဖြတ်ရောဂါတွေနဲ့ ပျံလွန်တော် မူသွားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခေါင်းတလားထဲမှာ ပုပ်ရဟန်းမင်းကြီး အလောင်းကို ထည့်ထား

ဒီစျာပနကို ကမ္ဘာတလွှားက ဒါဇင်နဲ့ချီတဲ့ အစိုးရ အကြီးအကဲတွေ၊ မင်းဆွေမင်းမျိုးတွေနဲ့ သောင်းနဲ့ချီတဲ့ ကက်သလစ် ဘာသာ၀င်တွေလည်း တက်ကြမှာ ဖြစ်ပါတယ်။

၂၀၀၅ တုန်းက ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်ရဲ့ စျာပနက သမိုင်းမှာ အကြီးမားဆုံးစျာပနဖြစ်ခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဗာတီကန်စီးတီးကို လူ ၄ သန်းထိ လာရောက် ဂါရဝပြု ၀မ်းနည်း အောက်မေ့ခဲ့ကြပါတယ်။

ဗာတီကန်စီးတီးဆိုတာကတော့ အီတလီမြို့တော် ရောမမြို့အလယ်က လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံငယ် ဖြစ်ပါတယ်။

အစဉ်အလာ

ပုပ်ရဟန်းမင်းကြီးတပါး ပျံလွန်တဲ့အခါ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရာစုနှစ်နဲ့ချီပြီး ထိန်းသိမ်းလာတဲ့ ထုံးတမ်းတွေနဲ့အညီ လုပ်ဆောင်ရပါတယ်။

အစဉ်အလာအားဖြင့် ပုပ်ကို သင်္ဂြိုဟ်တဲ့အခေါင်းကို ဆိုက်ပရပ်စ်ထင်းရှူးသား၊ ခဲ နဲ့ ဝက်သစ်ချသားတို့ကို သုံးထပ်ထားပြီး ပြုလုပ်ပါတယ်။

ပုပ်ဖရန်စစ်ကတော့ ရိုးရိုးရှင်းရှင်းသူ့ပုံစံအတိုင်း သစ်သားကို သွပ်အနားကွပ် ပုံစံကိုပဲ ရွေးခဲ့ပါတယ်။

ပြိုးပျက်တဲ့အရောင်တွေနဲ့ ခြယ်မထားသလို မြှင့်ထားတဲ့ ခုံပေါ်မှာလည်း မတင်ပါဘူး။

လူတွေ ကြည့်ပြီး ဂါရဝပြုနိုင်ဖို့အတွက် ပုပ်ရဟန်းမင်းကြီးရဲ့ အခေါင်းအဖုံးကိုတော့ ဖွင့်ထားကြပါတယ်။

ပုပ်ဖရန်စစ် စျာပနမှာ အစဉ်အလာကို ချိုးဖျက်တာတစ်ခုကတော့ နှစ်ပေါင်းတစ်ရာကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဗာတီကန်ရဲ့အပြင်ဘက်မှာ မြှုပ်နှံတဲ့ ပုပ်ရဟန်းမင်းကြီး ဖြစ်လာမှာပါ။

မြှုပ်နှံမယ့် နေရာ

ရောမမြို့ထဲက ဆန်တာ မာရီယာ မဂျော်ရီ ဘုရားကျောင်းကြီးမှာ မြှုပ်နှံမှာ ဖြစ်ပါတယ်။

သူ့အရင် ၁၆ ယောက်မြောက် ဘန်နဒစ် တုန်းကတော့ မကွယ်လွန်ခင် ၉ နှစ်အလိုမှာကတည်းက အသက်အရွယ်ကြီးလို့ ပုပ်ရဟန်းမင်းကြီးအဖြစ်က နုတ်ထွက်ခဲ့ပြီး သူကွယ်လွန်တော့လည်း စိန့်ပီတာ မှာပဲ မြှုပ်နှံပါတယ်။

အဲဒီနေရာက ပုပ်ရဟန်းမင်းကြီး ၉၀ ကျော် မြှုပ်နှံထားတဲ့နေရာ တခု ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရိုက်အရာ ဘယ်သူ ခံယူမလဲ

ပုပ်ရဟန်းမင်းသစ်ကို ဘယ်လို ရွေးကြမလဲ

ပုပ်ရဟန်းမင်းတွေကို ယေရှု ခရစ်တော်က တိုက်ရိုက် ဆက်ခံလာတဲ့ ရာထူးဆိုပြီး ကက်သလစ် ဘာသာဝင်တွေက ယုံကြည်ကြပြီး ကမ္ဘာပေါ်က ၁ ဘီလျံ ခွဲနီးပါး ရှိတဲ့ ကက်သလစ် ဘာသာ၀င်တွေရဲ့ အကြီးအကဲ ဖြစ်လို့ အင်မတန် အရေးကြီးတဲ့ နေရာ ဖြစ်ပါတယ်။

ခရစ်တော်ရဲ့ တပည့်ကြီးတွေထဲမှာ အကြီးအမှူးဖြစ်တဲ့ စိန့်ပီတာကို သက်ရှိထင်ရှား ဆက်ခံသူလို့ ပုပ်ရဟန်းမင်းတွေကို ယူဆကြပါတယ်။

စျာပနကိစ္စ ပြီးရင်တော့ ပုပ်ရဟန်းမင်းသစ်ကို ရွေးကြရမှာ ဖြစ်ပါတယ်။

ဖြန်းခြင်းခံထားတဲ့ ဘယ်ကက်သလစ်ဘာသာဝင်အမျိုးသားမဆို ပုပ်ရဟန်းမင်းဖြစ်ခွင့် ရှိပေမယ့် ကာဒီနယ် ရဟန်းအမတ်ကြီးတွေကပဲ သူတို့ထဲက ပြန်ရွေးချယ်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရွှေ့ပြောင်းဝင်ရောက်သူ ဘဝကနေ ပုပ်ရဟန်းမင်းကြီး ဖြစ်လာသူ

ပျံတော်မူ ပုပ်ရဟန်းမင်းကြီးရဲ့ နောက်ခံအကြောင်း

ပုပ်ဖရန်စစ်ကို ၂၀၁၃ က ရွေးချယ်ခံရတုန်းကဆိုရင် သူဟာ အာဂျင်တီးနားကသာမက အမေရိကတိုက်တွေကနေ ပထမဆုံးဖြစ်လာတဲ့ ပုပ်ရဟန်းမင်းကြီး ဖြစ်ပါတယ်။

သမိုင်းတလျှောက် ကာဒီနယ်တွေဟာ အီတာလျံလူမျိုးတွေကို ရွေးချယ်လေ့ရှိပါတယ်။

ပုပ် ၂၆၆ ယောက်ရှိခဲ့ရာမှာ ၂၁၇ ယောက်က အီတလီ နိုင်ငံက ဖြစ်ပါတယ်။

ပုပ်ဖရန်စစ်ကို ဆက်ခံသူက ဥရောပသားမဟုတ်တဲ့အထဲက လာနိုင်တယ်လို့ ဗာတီကန် ရေးရာ သုံးသပ်သူ အများအပြားက ခန့်မှန်းကြပါတယ်။

ပုပ်ဖရန်စစ် ကိုယ်တိုင် ကာဒီနယ် ၁၄၀ ကျော်က ဥရောပတိုက် အပြင်ဘက်က ရွေးခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံက ရဟန်းအမတ်ကြီး ချားလ်စ် မောင်ဘို

ချားလ်စ် မောင်ဘိုရဲ့ ပြောကြားချက်

မြန်မာပြည်က ရဟန်းအမတ်ကြီး ချားလ်စ် မောင်ဘိုကတော့ သူ့စိတ်ထဲမှာ ပေါ်လာတဲ့ နာမည် နှစ်ခု သုံးခု ရှိပါတယ်လို့ ဆိုပြီး အဲဒီလူတွေဟာ ပုပ်ဖရန်စစ်ရဲ့ ခြေရာကို နင်းနိုင်ပြီး ကမ္ဘာ့အမြင် ကြီးတဲ့ သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ပြီး ဆင်းရဲသားတွေ၊ ပစ်ပယ်ခံရသူတွေနဲ့ အစွန်အဖျား ရောက်နေသူတွေကို အထူးဂရုစိုက်ကြတဲ့ သူတွေ ဖြစ်ပါတယ်။

တကယ်ပဲ ဘေးရောက်နေသူတွေကို ဂရုစိုက်ဖို့ ပုပ်ဖရန်စစ်ကိုယ်တိုင် သူ့ဘ၀နဲ့ ရင်းပြီး ပြသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ သူ့ဘဝ သက်တမ်းမှာ ရဟန်းအမတ် သုံးပုံ နှစ်ပုံကို ကမ္ဘာက မသိတဲ့ နေရာတွေကနေ သူကိုယ်တိုင် ရွေးခဲ့ပါတယ်။

ဒီထဲမှာ သူလည်းပါကြောင်း ချားလ်စ်မောင်ဘိုက မိန့်ကြားခဲ့ပါတယ်။