လက်ထပ်ဖို့ အပျိုစင် ဖြစ်ကြောင်း ထောက်ခံချက်လိုတဲ့ အီရန် အမျိုးသမီးများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လက်ထပ်ဖို့ အပျိုစင် ဖြစ်ကြောင်း ထောက်ခံချက်လိုတဲ့ အမျိုးသမီးများ

အီရန်နိုင်ငံမှာ လက်မထပ်ခင် အပျိုစင် ဖြစ်ဖို့က တချို့ မိန်းမပျိုလေးတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် အင်မတန် အရေးကြီးပါတယ်။

 တစ်ခါတလေမှာဆို အမျိုးသားတွေ ကိုယ်တိုင်က အပျိုစင်ဖြစ်ကြောင်း ထောက်ခံချက် တောင်းခံလေ့ရှိပါတယ်။

 ဒီအလေ့အကျင့်ဟာ လူ့အခွင့်အရေးနဲ့ ဆန့်ကျင့်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ယူဆပါတယ်။

 မနှစ်ကတော့ ဒီလုပ်ရပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို လူအများအပြားက လုပ်ဆောင်လာကြပါတယ်။

“နင်ကိုယ်တိုင် အပျိုစင် မဟုတ်လို့ လက်ထပ်ဖို့ ငါ့ကို လှည့်ဖျားခဲ့တယ်။ အမှန်တရားကို သိသွားရင် ဘယ်သူမှ နင့်ကို လက်ထပ်မှာ မဟုတ်ဘူး။”

 ဒီစကားလုံးတွေကို မာရီယမ် ခင်ပွန်းဖြစ်သူက သူတို့ ပထမဆုံးအကြိမ် လိင်ဆက်ဆံအပြီးမှာ ပြောဆိုခဲ့တာပါ။

 လိင်ဆက်ဆံချိန်မှာ သွေးမထွက်ခဲ့ပေမယ့် သူဟာ အရင်က တခါမှ လိင်ဆက်ဆံခဲ့တာ မရှိဘူးလို့ သူခင်ပွန်းကို ကြိုးစား ဖျောင်းဖျပါတယ်။ ဒါပေမဲ့ ခင်ပွန်းဖြစ်သူက သူ့ကို မယုံပဲ အပျိုစင်ဖြစ်ကြောင်း ထောက်ခံချက် ပြဖို့ တောင်းခံခဲ့ပါတယ်။

 အီရန်မှာတော့ ဒီလိုမျိုး ကိစ္စတွေက မထူးဆန်းတော့ပါဘူး။ စေ့စပ်ပြီးနောက်ပိုင်းမှာ အမျိုးသမီး အများအပြားဟာ ဆရာဝန်တွေဆီသွားပြီး သူတို့ တစ်ခါမှ လိင်ဆက်ဆံခဲ့တာ မရှိတဲ့အကြောင်း သက်သေပြဖို့ ဆေးစစ်ချက် သွားယူလေ့ရှိပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ အပျိုစင်ဖြစ်ကြောင်း ဆန်းစစ်ချက်ဟာ သိပ္ပံနည်းကျတဲ့ တိုင်းတာမှု မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

 မာရီယမ်ရဲ့ အပျိုအမြှေးပါး အမျိုးအစားဟာ ဆန့်နိုင်ကျုံ့နိုင်တဲ့ အနေအထားရှိတယ်လို့ မာရီယမ်ရဲ့ ဆေးစစ်ချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် မိန်းမကိုယ်ထဲကို ယောင်္ကျားအင်္ဂါ ထိုးသွင်းပြီးနောက်ပိုင်း သွေးမထွက်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

“ကျွန်မရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ ကျွန်မ ဘာမှ အမှားလည်း လုပ်မထားဘူး။ ဒါပေမဲ့ ကျွန်မ ခင်ပွန်းကတော့ ကျွန်မကို တစ်ချိန်လုံး စော်ကားပြောဆိုနေတယ်” လို့လည်း မာရီယမ်က ဆိုပါတယ်။

“ကျွန်မ ဒီထပ်ပိုပြီး သည်းမခံနိုင်တော့ဘူး။ ဒီတော့ ဆေးတချို့သောက်ပစ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တယ်။”

 ဒါပေမဲ့ သူ့ကို အချိန်မီ ဆေးရုံကို ပို့ဆောင်နိုင်ခဲ့လို့ မာရီယမ် အသက်ရှင်သန်ခဲ့ပါတယ်။

 “ဒီအမှောင်ဖုံးတဲ့ နေ့ရက်တွေကို ကျွန်မ ဘယ်တော့မှ မေ့လို့ ရမှာ မဟုတ်ပါဘူး။ အဲဒီအချိန်တုန်းက ကျွန်မ ကီလို ၂၀ လောက် ကျသွားခဲ့တာ” လို့လည်း မာရီယမ်က ပြန်ပြောင်း ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လက်ထပ်ဖို့ အပျိုစင် ဖြစ်ကြောင်း ထောက်ခံချက်လိုတဲ့ အမျိုးသမီးများ

 ဒီအလေ့အကျင့်ကို အဆုံးသတ်ဖို့ တောင်းဆိုမှုတွေ ပိုများလာ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မာရီယမ်ရဲ့ အဖြစ်အပျက်ဟာ အီရန်နိုင်ငံမှာ အမျိုးသမီးအများအပြား ရင်ဆိုင်နေရတဲ့ တကယ့်ဖြစ်ရပ်မှန်တစ်ခုပါ။

 လက်မထပ်ခင် အပျိုစင်ဖြစ်ဖို့က မိန်းကလေးငယ် အများစုနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် အင်မတန် အရေးပါဆဲ ဖြစ်ပါတယ်။

 ဒါဟာ ယဥ်ကျေးမှုဆိုင်ရာ ရှေးရိုးစွဲဝါဒမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ စံတန်ဖိုး တစ်ခု ဆိုလည်း မမှားပါဘူး။

ဒါပေမဲ့ မကြာသေးခင်ကတော့ အခြေအနေတွေ ပြောင်းလဲဖို့ အစပျိုးခဲ့ပါတယ်။

 အပျိုစင်ဖြစ်ကြောင်း စမ်းသပ်ချက်ကို အဆုံးသတ်ဖို့ နိုင်ငံတစ်ဝန်း အမျိုးသမီးတွေနဲ့ အမျိုးသားတွေက ဆော်သြလှုံ့ဆော်နေကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကဆို တစ်လတည်းမှာတင် အွန်လိုင်းအသနားခံစာတခုမှာ လက်မှတ်ရေးထိုးသူ ၂၅,၀၀၀ နီးပါး ရှိခဲ့ပါတယ်။

 ဒါဟာ အပျိုစစ်ဖြစ်ကြောင်း စမ်းသပ်မှုကို လူအများက ပွင့်ပွင့်လင်းလင်း ကန့်ကွက်လိုက်တာ အီရန်နိုင်ငံမှာ ပထမဆုံး ဖြစ်ပါတယ်။

“ဒါဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ ချိုးဖောက်မှုတစ်ခုဖြစ်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းတယ်” လို့ နီဒါက ပြောပါတယ်။

တဟီရန်မြို့မှာ အသက် ၁၇ နှစ်အရွယ် ကျောင်းသူဘဝတုန်းက သူ့ရဲ့ အပျိုစင်ဘဝကို သူ့ကောင်လေးဆီမှာ ဆုံးရှုံးခဲ့ပါတယ်။

“ကျွန်မ သိပ်ကြောက်လန့်မိခဲ့တယ်။ ကျွန်မ မိသားစုကသာ သိသွားခဲ့ရင် ဘာဖြစ်မလဲဆိုတာနဲ့ ပတ်သက်လို့လည်း စိုးရိမ်ထိတ်လန့်မိခဲ့တယ်။”

 ဒီတော့ နီဒါဟာ သူ့ရဲ့ ကညာအမြှေးပါးကို ပြုပြင်ဖို့ ဆုံးဖြတ်ခဲ့တယ်။

ဥပဒေဘောင်အတွင်းမှာတော့ ဒီလုပ်ရပ်ဟာ တရားမဝင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူမှုအသိုင်းအဝိုင်းကြား ဂယက်ရိုက်မှုတွေ ရှိလို့ ဘယ်ဆေးရုံကမှ ဒီလိုမျိုး လုပ်ပေးဖို့ သဘောမတူပါဘူး။  

ဒီတော့ စျေးကြီးပေးရပြီး တိတ်တဆိတ်လုပ်ပေးတဲ့ ပုဂ္ဂလိက ဆေးခန်းတစ်ခုကို နီဒါ ရှာတွေ့ခဲ့ပါတယ်။

 “ကျွန်မ စုထားသမျှ ပြောင်တော့တာပဲ။ ကျွန်မ လက်ပတော့၊ လက်ကိုင်ဖုန်းနဲ့ လက်ဝတ်ရတာနာ ရွှေတွေကိုလည်း ရောင်းခဲ့ရတယ်” လို့ နီဒါက ဆိုပါတယ်။

 တခုခု ချို့ယွင်းခဲ့ရင် တာဝန်အပြည့်ယူပါမယ်ဆိုတဲ့ စာတစ်စောင်ကိုလည်း သူ လက်မှတ်ရေးထိုးခဲ့ရပါတယ်။

 ဒီနောက်တော့ ဝမ်းဆွဲဆရာမက ပုံမှန် လုပ်ထုံးလုပ်နည်းအတိုင်း စတင် လုပ်ဆောင်ပါတော့တယ်။ အချိန်ကတော့ မိနစ် ၄၀ လောက်ပဲ ကြာခဲ့တာပါ။ ဒါပေမဲ့ ပြန်လည် နလန်ထူနိုင်ဖို့ သီတင်းပတ်များစွာကြာအောင် နီဒါ လိုအပ်ခဲ့ပါတယ်။

 “အင်မတန် နာကျင်ခံစားခဲ့ရတယ်။ ကျွန်မ ခြေထောက်တွေဆို ရွှေ့ကို မရွှေ့နိုင်ဘူး” လို့ နီဒါက ပြန်ပြောင်း ပြောပြပါတယ်။

ဒီကိစ္စတစ်ခုလုံးကို သူက သူ့မိဘတွေကို ဖုံးကွယ်ထားခဲ့ပါတယ်။

 “ကျွန်မ သိပ်အထီးကျန်ခဲ့တယ်။ ဒါပေမဲ့ သူတို့ သိသွားမှာ ကြောက်တဲ့ စိတ်က ဝေဒနာတွေကို တောင့်ခံနိုင်ခဲ့ပုံရတယ်။”

အဆုံးမှာတော့ နီဒါ ခံစားခဲ့ရတဲ့ ဒုက္ခသုက္ခတွေဟာ သဲထဲရေသွန် ဖြစ်သွားခဲ့ပါတယ်။  

တနှစ်အကြာမှတော့ သူ့ကို လက်ထပ်ချင်တဲ့ လူတယောက်နဲ့ သူ တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ လိင်ဆက်ဆံပြီးချိန်မှာသူက သွေးမထွက်ခဲ့ပါဘူး။ သူ့ရဲ့ လုပ်ဆောင်မှုဟာလည်း အရာမထင်ခဲ့ပါဘူး။

 “လက်ထပ်ဖို့ သူ့ကို လှည့်ဖြားခဲ့တယ်လို့ ကျွန်မချစ်သူက စွပ်စွဲတယ်။ ကျွန်မက လူလိမ်တယောက်လို့ ပြောပြီး ကျွန်မကို ထားသွားခဲ့တယ်။ “

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လက်ထပ်ဖို့ အပျိုစင် ဖြစ်ကြောင်း ထောက်ခံချက်လိုတဲ့ အမျိုးသမီးများ

 မိသားစုရဲ့ ဖိအား

အပျိုစင်ဖြစ်ကြောင်း စမ်းသပ်စစ်ဆေးမှုဟာ လူ့ကျင့်ဝတ်နဲ့ မညီသလို သိပ္ပံနည်းကျ တိုင်းတာမှု မဟုတ်ဘူးလို့ WHO က ကန့်ကွက်ရှုတ်ချထားပေမယ့် ဒီအလေ့အကျင့်ကို အင်ဒိုနီးရှား၊ အီရတ်နဲ့ တူရကီ နိုင်ငံအပါအဝင် တချို့နိုင်ငံတွေမှာ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

 အီရန်ကျန်းမာရေးအဖွဲ့အစည်းကတော့ သူတို့အနေနဲ့ တရားရုံးအမှုကိစ္စတွေနဲ့ အဓမ္မပြုကျင့်မှု စွပ်စွဲမှုတွေလို အခြေအနေမျိုးတွေမှာပဲ အပျိုစင်ဖြစ်ကြောင်း စမ်းသပ်မှု လုပ်ဆောင်ပေးတာကို ဆက်လက်ဆုပ်ကိုင်ထားပါတယ်။

 ဒါပေမဲ့ အပျိုစင်ဖြစ်ကြောင်း ထောက်ခံချက် တောင်းခံမှုအများစုကို လက်ထပ်ဖို့ ပြင်ဆင်နေကြတဲ့ သမီးရည်းစားစုံတွဲတွေက ဆက်လက် တောင်းခံနေဆဲ ဖြစ်ပါတယ်။

 ဒီတော့ သူတို့ဟာ ပုဂ္ဂလိက ဆေးခန်းတွေကို ပြောင်းသွားကြပါတယ်။ တစ်ခါတလေဆို သူတို့ရဲ့ အမေတွေပါ ဘေးမှာ ပါလေ့ရှိပါတယ်။

သားဖွားမီးယပ် ပါရဂူ ဒါမှမဟုတ် ဝမ်းဆွဲဆရာမဟာ စမ်းသပ်စစ်ဆေးပြီး အပျိုစစ်ဖြစ်ကြောင်း ထောက်ခံချက် ထုတ်ပေးလေ့ရှိပါတယ်။

 အဲဒီထောက်ခံချက်မှာ အမျိုးသမီးရဲ့ နာမည် အပြည့်အစုံ၊ သူ့ရဲ့ မှတ်ပုံတင် နံပါတ်၊ အဖအမည် နဲ့ တစ်ခါတလေ အဲဒီ အမျိုးသမီးရဲ့ ဓာတ်ပုံပါ ပါတတ်ပါတယ်။

 အဲဒီမှာ သူ့ရဲ့ အမြှေးပါး အခြေအနေနဲ့ ပတ်သက်လို့ ဖော်ညွှန်းပြောဆိုထားပြီး ဒီအမျိုးသမီးဟာ အပျိုစင်တစ်ယောက်လို့ ယူဆလို့ ရနိုင်တဲ့ ထုတ်ပြန်ချက် တစ်ခုလည်း ပါရှိပါတယ်။

ပိုပြီး ရှေးရိုးစွဲဆန်တဲ့ မိသားစုတွေမှာဆိုရင် ဒီထောက်ခံချက်ကို မျက်မြင်သက်သေ နှစ်ယောက်က လက်မှတ်ရေးထိုးလေ့ ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ ဒါတွေကို မိခင်တွေက လုပ်ဆောင်လေ့ရှိပါတယ်။

ဒေါက်တော ဖာရီဘာဟာ ဒီလို ထောက်ခံချက်တွေ လုပ်ပေးလာတာ နှစ်နဲ့ချီ ရှိနေပါပြီ။

 ဒါဟာ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အလေ့အကျင့်တစ်ခုဖြစ်တယ်လို့ သူက ဝန်ခံပေမယ့် တကယ်တမ်းတော့ သူဟာ အမျိုးသမီးအများအပြားကို ကူညီနေတာလို့ ယူဆပါတယ်။

 “သူတို့တွေဟာ မိသားစုတွေရဲ့ ဖိအားတွေအောက်မှာ နေနေကြရတာပါ။ တစ်ခါတလေဆို စုံတွေတွေအတွက် လိမ်လည်ခဲ့ရတာတွေ ရှိပါတယ်။ သူတို့နှစ်ယောက် အတူအိပ်ပြီးကြပြီး လက်ထပ်ချင်ကြတယ်။ အဲဒါဆိုကျွန်မက သူတို့မိသားစုတွေရှေ့မှာ ဒီအမျိုးသမီးဟာ အပျိုစင်ဖြစ်ပါတယ်လို့ ပြောပေးလေ့ရှိပါတယ်” လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ အမျိုးသားအများအပြားအတွက်တော့ အပျိူစင်တစ်ယောက်နဲ့ လက်ထပ်တာဟာ အဓိက ကျဆဲ ဖြစ်ပါတယ်။

 “လက်မထပ်ခင် အပျိုစင်ဘဝ စွန့်လွှတ်ခဲ့တဲ့ အမျိုးသမီးတယောက်က ယုံကြည်ရတဲ့သူ မဖြစ်နိုင်ဘူး။ သူဟာ နောက်အမျိုးသားတယောက်အတွက် သူခင်ပွန်းကို ထားခဲ့ကောင်း ထားခဲ့နိုင်တယ်” လို့ ရှီရက်စ်မြို့က အသက် ၃၄ နှစ်အရွယ် လျှပ်စစ်ကျွမ်းကျင်ပညာရှင် အလီက ပြောပါတယ်။

 အမျိုးသမီးငယ် ၁၀ ယောက်နဲ့ သူ လိင်ဆက်ဆံဖူးတယ်လို့လည်း ပြောပါတယ်။

“ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ခဲ့ဘူး” လို့လည်း ဆိုပါတယ်။

 အီရန်လူမှုအသိုင်းအဝိုင်းမှာ ဒီကျင့်ဝတ်နဲ့ ပတ်သက်လို့ စံသတ်မှတ်ချက် နှစ်မျိုးရှိတယ်ဆိုတာကို အလီက လက်ခံပေမယ့် ယဥ်ကျေးမှုကနေ ရုန်းထွက်ဖို့ အကြောင်းပြချက် မရှိဘူးလို့လည်း သူက ဆိုပါတယ်။

“အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုမို လွတ်လပ်ကြတယ်ဆိုတဲ့ လူမှုအသိုင်းအဝိုင်းကြား သတ်မှတ်ချက်တွေကို လက်ခံကြတယ်”

 အလီရဲ့ အမြင်ဟာ အထူးသဖြင့် ပိုမိုတောကျတဲ့ ဒေသတွေနဲ့ ရှေးရိုးစွဲဆန်တဲ့ဒေသတွေက လူအများအပြားရဲ့ ယူဆချက်နဲ့ တစ်ပုံစံတည်း ဖြစ်ပါတယ်။

 အပျိုစင်ဖြစ်ကြောင်း စမ်းသပ်စစ်ဆေးမှုတွေကို ဆန့်ကျင်တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ မြင့်တက်နေပေမယ့် ဒီယုံကြည်ချက်ဟာ အီရန်လူမှုအသိုင်းအဝိုင်းကြား နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး ဒီအလေ့အကျင့်ကို အစိုးရနဲ့ ဥပေဒပြု လွှတ်တော်အမတ်တွေက လုံးဝ တားမြစ်ဖို့ဆိုတာ မကြာမီအချိန်အတွင်း ဖြစ်လာနိုင်ခြေမရှိသေးဘူးလို့လည်း လူအများက ယူဆနေကြပါတယ်။

အနာဂတ်မျှော်လင့်ချက်

 နှိပ်စက်ညှဥ်းပန်းတဲ့ ခင်ပွန်းဖြစ်သူနဲ့ အတူနေပြီး သူကိုယ်သူ သတ်သေဖို့ ကြိုးစားခဲ့ပြီး ၄ နှစ်အကြာမှာ မာရီယမ်ဟာ တရားရုံးတွေကနေတဆင့် တရားဝင် ကွာရှင်း ပြတ်ဆဲနိုင်ခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကမှ လူလွတ်တယောက် ပြန်ဖြစ်ခဲ့တာပါ။

 “အမျိုးသားတယောက်ကို နောက်တကြိမ် ထပ်ယုံဖို့ အင်မတန် ခက်ခဲသွားတော့မှာ” လို့လည်း သူကဆိုပါတယ်။

 “မကြာမီအချိန်အတွင်း ထပ်လက်ထပ်နိုင်တော့မှာ မဟုတ်ဘူး။”

 တခြားအမျိုးသမီး ထောင်သောင်းချီနဲ့အတူ မာရီယမ်ဟာလည်း အပျိုစင်ဖြစ်ကြောင်း ထောက်ခံချက်တွေကို အဆုံးသတ်ဖို့ လုပ်ဆောင်နေတဲ့ အွန်လိုင်း အသနားခံစာမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

 မကြာမီအချိန်အတွင်း ပြောင်းလဲဖို့ ဒါမှမဟုတ် သူ့ဘ၀တစ်သက်တမ်းအတွင်း မပြောင်းလဲနိုင်ခဲ့ရင်တောင်မှ သူ့နိုင်ငံအတွင်းမှာ အမျိုးသမီးတွေဟာ တစ်နေ့တော့ တန်းတူညီမျှမှု ပိုမိုရရှိလိမ့်မယ်လို့ သူအကြွင်းမဲ့ ယုံကြည်နေပါတယ်။

 “တစ်နေ့တော့ အဲဒီလို ဖြစ်လာမယ်ဆိုတာ ကျွန်မ တပ်အပ်ပြောနိုင်တယ်။ အနာဂတ်မှာ ဘယ်မိန်းကလေးမှ ကျွန်မ လုပ်ခဲ့သလို မကြုံတွေ့ပါရစေ”နဲ့လို့လည်း ကျွန်မ မျှော်လင့်တယ်။

သူတို့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖုံးကွယ်ပေးဖို့အတွက် အင်တာဗျူးဖြေထားသူတွေရဲ့ နာမည်အားလုံးကို ပြောင်းထားပါတယ်။