ကမ္ဘာပေါ်က ပစ္စည်းပေါင်းစုံ ထုတ်လုပ်ပေးရာ စက်ရုံကြီးနေရာကို အိန္ဒိယက တရုတ်အစား ဝင်ယူနိုင်မလား

အိန္ဒိယ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အိန္ဒိယနိုင်ငံဟာ နိုင်ငံတကာဘက်က သူတို့ကို ကုန်ပစ္စည်း ထုတ်လုပ်ရေးနဲ့  ပြည်ပပို့ကုန်ဆိုင်ရာ ဗဟိုချက်မတခု အဖြစ် မြင်လာအောင် အပြင်းအထန် ကြိုးစားနေ

အက်ပဲကုမ္ပဏီက အောက်တိုဘာလဆန်းမှာ အိုင်ဖုန်း ၁၄ ကို အိန္ဒိယမှာလည်း ထုတ်လုပ်ဖို့  အစီအစဉ်ရှိတယ်လို့  ကြေညာခဲ့ပါတယ်။ 

 အိုင်ဖုန်းတွေကို တရုတ်ပြည်မှာပဲ တပ်ဆင်ထုတ်လုပ်ပြီး နိုင်ငံတကာကို ဖြန့်ချီရောင်းချလေ့ရှိတဲ့ အက်ပဲကုမ္ပဏီအတွက် ဒါဟာ သိသာထင်ရှားတဲ့ သမိုင်းမှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။

 ကနဦးအနေနဲ့  စုစုပေါင်း အိုင်ဖုန်း ၁၄ တပ်ဆင်ထုတ်လုပ်မှုရဲ့  ၅ ရာခိုင်နှုန်းကို လက်ရှိ ၂၀၂၂ ခုနှစ်အတွင်းမှာ အိန္ဒိယမှာ ရွှေ့ပြောင်း ထုတ်လုပ်မှာ ဖြစ်ပြီး ဒါဟာ လေ့လာသုံးသပ်သူတွေ ခန့်မှန်းထားတာထက် အများကြီး ပိုစော လုပ်ဖြစ်မှာလည်း ဖြစ်ပါတယ်။ 

 ရင်းနှီးမြှုပ်နှံမှုဘဏ် ဂျေပီ မော်ဂန်က လေ့လာသုံးသပ်သူတဦးရဲ့  အဆိုအရ ၂၀၂၅ အရောက်မှာ ဆိုရင် အိုင်ဖုန်း ထုတ်လုပ်မှုရဲ့  စုစုပေါင်း လေးပုံ တပုံဟာ အိန္ဒိယမှာထုတ်လုပ်တာမျိုး ဖြစ်လာနိုင်တယ်လို့  ဆိုပါတယ်။

 အက်ပဲကုမ္ပဏီဟာ အိန္ဒိယနိုင်ငံတောင်ပိုင်းက တမီလ်နာဒူးပြည်နယ်မှာ သူတို့ရဲ့  အိုင်ဖုန်းတချို့ကို ၂၀၁၇ ကတည်းကစပြီး ထုတ်လုပ်မှု တချို့ တော့ ရှိခဲ့ပါတယ်။ 

 ဒါပေမဲ့ တရုတ်နဲ့  အမေရိကန်တို့အကြား ရှိနေတဲ့ ကုန်သွယ်ရေး တင်းမာမှုက လျော့သွားမယ့်ပုံ မပြသေးတဲ့ အနေအထားမှာ အက်ပဲက သူတို့ရဲ့  နောက်ဆုံးပေါ် အိုင်ဖုန်းကို အိန္ဒိယဘက်မှာလည်း တစိတ်တပိုင်း တပ်ဆင်ထုတ်လုပ်မယ့် ဆုံးဖြတ်ချက်ဟာ ကုမ္ပဏီကလုပ်တဲ့ အရေးတယူပြုရမယ့် ခြေလှမ်းသစ် တခုလည်း ဖြစ်ပါတယ်။

 တဖက်မှာလည်း တရုတ်နိုင်ငံရဲ့  ကိုဗစ်သုည မူဝါဒကြောင့် လုပ်ငန်းလည်ပတ်မှု မတည်မငြိမ် ဖြစ်နေတာကို တရုတ်ပြည်မှာ လာရောက် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ထည့်တွက်နေရပါတယ်။

 ဒီလိုအနေအထားမှာ တရုတ်ပြည်တွင်းထုတ်လုပ်မှုကိုပဲ မမှီခိုတော့ပဲ ထုတ်လုပ်မှု အနှောက်အယှက် ဖြစ်သွားနိုင်ခြေကို လျှော့ချတဲ့ အနေနဲ့  နိုင်ငံခွဲဖြန့်  ထုတ်လုပ်လာကြတာလည်း ဖြစ်ပါတယ်။ 

တရုတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်အစိုးရဟာ ကိုဗစ်ကပ်ရောဂါ အခြေအနေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်မှုကြောင့် စက်မှုလုပ်ငန်းတွေ လည်ပတ်လို့မရ ဖြစ်လာ

တရုတ်အခြေစိုက်နှင့်တကွ တနိုင်ငံထည့်ပေါင်း ထုတ်လုပ်မှု

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တရုတ်အစိုးရဟာ ကိုဗစ်ကပ်ရောဂါ အခြေအနေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်မှုကြောင့် စက်မှုလုပ်ငန်းတွေ လည်ပတ်လို့မရ ဖြစ်တာတွေနဲ့  ကုန်ပစ္စည်းတခု ဖြစ်လာဖို့  အဆင့်အဆင့် ချိတ်ဆက် တည်ဆောက်ထားတဲ့ ကွန်ရက်ကို အကြီးအကျယ် အနှောက်အယှက် ဖြစ်တာတွေ ဖြစ်လာနေပါတယ်။

 ဒီလို အနေအထားတွေကြောင့် နိုင်ငံတကာ ကုမ္ပဏီကြီးတွေဟာ တရုတ်အခြေစိုက်တဲ့ ထုတ်လုပ်မှုနဲ့  ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်တော့ပဲ တနိုင်ငံထပ်တိုးပြီး ထုတ်လုပ် ရင်းနှီးမြှုပ်နှံတဲ့ နည်းဗျူဟာကို သုံးလာကြပါတယ်။

 ကုမ္ပဏီတွေဟာ တရုတ်နိုင်ငံမှာ မူဝါဒအပြောင်းအလာ ဖြစ်လာနိုး စောင့်ဆိုင်းမနေတော့ဘဲ တရုတ်အစားထိုးဖို့  နှစ်နိုင်ငံကနေ သုံးနိုင်ငံအထိ လျာထားတာမျိုး လုပ်လာကြတယ်လို့  သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ DHL ရဲ့  အမှုဆောင် အရာရှိချုပ် အော်စကာ ဒီဘော့က ဘီဘီစီကို ပြောပါတယ်။ 

 အခုလို စီးပွားရေး အခြေစိုက်မှု မြေနေရာ နိုင်ငံတွေ ဖြန့်ကျက်ရာမှာ အိန္ဒိယ၊ ဗီယက်နမ်နဲ့  မက္ကဆီကိုလို နိုင်ငံတွေကို ရွေးချယ်ရတာ တွက်ခြေကိုက်လာတယ်လို့လည်း သူက ဆိုပါတယ်။ 

 မစ္စတာ ဒီဘော့ဟာ DHL ရဲ့  တိုးမြှင့် ရင်းနှီးမြှုပ်နှံမှုတွေကို ကြေညာဖို့အတွက် အိန္ဒိယနိုင်ငံရဲ့  ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းကိုလည်း သွားရောက်ထားခဲ့သူ ဖြစ်ပါတယ်။ 

 DHL ဟာ အိန္ဒိယမှာ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄၉ သန်း ထည့်ဝင်ဖို့  ကြေညာခဲ့ရာမှာ အိန္ဒိယနိုင်ငံအတွင်း သိုလှောင်ရုံ ဆန့်ဝင်မှု ပမာဏနဲ့  အိန္ဒိယအခြေစိုက် ဝန်ထမ်းအရေအတွက်ကို နောက်လာမယ့် ၅ နှစ်အတွင်း နှစ်ဆ တိုးမယ်လို့  ဆိုပါတယ်။ 

 မစ္စတာ ဒီဘော့ရဲ့  အဆိုအရ အခုလို တိုးမြှင့်မြှုပ်နှံဖို့  ဆုံးဖြတ်ရတာဟာ ထုတ်လုပ်ဖြန့် ချီရေးနဲ့  လျှပ်စစ်ပစ္စည်းဆိုင်ရာ လုပ်ငန်းတွေမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများလာအောင် အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီက ဘဏ္ဍာရေးဆိုင်ရာ အခွင့်အလမ်းတွေ ပေးနေတယ်လို့  ဆိုပါတယ်။ 

 အခုလို အိန္ဒိယရဲ့  ထုတ်လုပ်မှုဆိုင်ရာ ခံစားခွင့်ပေးရေး စီမံချက်အရ Vedanta Resources သတ္တုတွင်း တူးဖော်ရေး ကုမ္ပဏီက အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ နီးပါး အိန္ဒိယမှာ ရင်းနှီးမြှုပ်နှံဖို့  ပြင်ဆင်နေပါတယ်။ 

 ဒီကုမ္ပဏီဟာ ထိုင်ဝမ် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီကြီး Foxconn နဲ့  ပူးပေါင်းပြီး semiconductor ထုတ်လုပ်ရေး စက်ရုံတရုံ ဆောက်ဖို့  စီစဉ်နေတာ ဖြစ်ပါတယ်။ 

လုပ်ငန်းကျွမ်းကျင်သူ အိန္ဒိယ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယမှာ ကြီးမားတဲ့ ပြည်တွင်းဈေးကွက်ကြီးနဲ့တကွ လုပ်အားခ သက်သာတဲ့ လုပ်ငန်းကျွမ်းကျင်သူ အများအပြားလည်း ရှိနေ

အိန္ဒိယရဲ့  အားသာချက်နဲ့  အားနည်းချက် 

ကမ္ဘာ့ တတိယအကြီးဆုံး စီးပွားရေးရှိတဲ့ အိန္ဒိယနိုင်ငံဟာ နိုင်ငံတကာဘက်က သူတို့ကို ကုန်ပစ္စည်း ထုတ်လုပ်ရေးနဲ့  ပြည်ပပို့ကုန်ဆိုင်ရာ ဗဟိုချက်မတခု အဖြစ် မြင်လာအောင် အပြင်းအထန် ကြိုးစားနေတာ ဖြစ်ပါတယ်။

 ဒီလို နိုင်ငံတကာကို ဆွဲဆောင်နိုင်အောင်လည်း အိန္ဒိယမှာ ကြီးမားတဲ့ ပြည်တွင်းဈေးကွက်ကြီးနဲ့တကွ လုပ်အားခ သက်သာတဲ့ လုပ်ငန်းကျွမ်းကျင်သူ အများအပြားလည်း ရှိနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။

 အိန္ဒိယရဲ့  နှစ်စဉ် ပြည်တွင်းထုတ်ကုန် တန်ဖိုးက ၆ ရာခိုင်နှုန်းကနေ ၇ ခိုင်နှုန်းအထိ ရှိနေပြီး ကမ္ဘာပေါ်က နေရာအများအပြားထက် မဆိုးလှတဲ့ ငွေကြေးဖောင်းပွမှုနှုန်းလည်း ရှိနေပါတယ်။

 ဒါ့ကြောင့် အိန္ဒိယဟာ လက်ရှိ ၂၀၂၂ ခုနှစ်အတွင်းမှာ အဓိကစီးပွားရေး နိုင်ငံကြီးတွေထဲက အခြေအနေကောင်းနေတဲ့ နိုင်ငံ တနိုင်ငံလည်း ဖြစ်နေပါတယ်။ 

 အိန္ဒိယရဲ့  ပြည်ပပို့ကုန်တန်ဖိုးဟာ ဆယ်စုနှစ်တခုလောက်အထိ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလျံ ၃၀ဝ ပတ်ဝန်းကျင်မှာ တန့်နေခဲ့ပေမယ့် အခုအချိန်မှာ အဲဒီတန်ဖိုးက အမေရိကန်ဒေါ်လာ ဘီလျံ ၄၀ဝ ကျော်တဲ့အထိ တိုးတက်လာခဲ့ပြီ ဖြစ်ပါတယ်။ 

 အိန္ဒိယအစိုးရဟာ ဘဏ္ဍာရေးဆိုင်ရာ တရားဥပဒေ ခိုင်မာစိုးမိုးမှု ရှိစေရေး လုပ်ဆောင်နေတဲ့အပြင် ဝန်ကြီးချုပ် မစ္စတာ မိုဒီရဲ့  အစိုးရအဖွဲ့ကလည်း နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက်တွေ တိုးမြှင့် ရရှိအောင် လုပ်ဆောင်နေပါတယ်။

 အိန္ဒိယနိုင်ငံကို ကမ္ဘာတဝန်း ဖြန့်ကျက် တည်ရှိနေတဲ့ ကုန်ပစ္စည်း စုပေါင်း၊ တပ်ဆင်၊ ဖြန့်ချီ၊ ရောင်းချမှု ကွန်ရက်အတွင်း တသားတည်း ပေါင်းစည်းသွားနိုင်အောင်နဲ့  နိုင်ငံတကာက ရှုမြင်ခံရတဲ့ ကုန်သွယ်ရေး ညှိနှိုင်းဆောင်ရွက်မှု ကြန့် ကြာတတ်တယ်ဆိုတဲ့ ပုံရိပ်ကို ပြောင်းလဲလိုတဲ့အတွက် အခုလို လုပ်ဆောင်နေတာလို့  ဆိုပါတယ်။ 

အသေးစားနဲ့  အလတ်စား လုပ်ငန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အသေးစားနဲ့  အလတ်စား လုပ်ငန်းတွေဟာ မစ္စတာ မိုဒီရဲ့  စီးပွားရေးလုပ်ငန်းတွေကို ဘဏ္ဍာရေးဆိုင်ရာ မက်လုံးပေးတဲ့ အစီအစဉ်တွေအတွင်းမှာလည်း ချန်လှပ်ခံခဲ့ရ

အခုလို အိန္ဒိယက ရှေ့တိုးနေတဲ့ ခြေလှမ်းတွေကို စီးပွားရေးလုပ်ငန်းတွေကလည်း ကြိုဆိုနေကြပေမယ့် ရှေ့တိုးရာ မရောက်ဘဲ နောက်ပြန်ဆုတ်သလို ဖြစ်နေတဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့  ကျွမ်းကျင်သူတွေက ဆိုပါတယ်။ 

 အိန္ဒိယနိုင်ငံဟာ အခွန်ကင်းလွတ်ခွင့်ပါတဲ့ လွတ်လပ်သော ကုန်သွယ်ရေး စာချုပ်တွေကို အစောတလျင် သဘောတူတာတွေ လုပ်တဲ့အတွက် အဲဒီလို ဖြစ်ခဲ့ရတာလို့  ဆိုပါတယ်။

 အခုလို ကုန်သွယ်ရေးစာချုပ်တွေရဲ့ ဂယက်ကြောင့် ပြည်တွင်းဘက်ကလည်း ပို့ကုန် အားမကိုးပဲ ပြည်တွင်းထုတ်ကုန် ဦးစားပေးရေး ကန့်ကွက်သံတွေနဲ့အတူ ကုန်ပစ္စည်းအမယ် ၃၀ဝ၀ လောက်အထိ သွင်းကုန်အခွန် တက်တဲ့အထိ ကုန်သွယ်ရေး လွတ်လပ်ခွင့် နောက်ပြန်ဆုတ်သွားခဲ့ပါတယ်။ 

 အိန္ဒိယမှာ လာရောက် လုပ်ကိုင်ကြတဲ့ နိုင်ငံခြား ကုမ္ပဏီတွေအနေနဲ့  ပြည်တွင်း ကုမ္ပဏီတွေနဲ့  တန်းတူ အခွင့်အရေးမရတာတွေ၊ ပြည်တွင်း လုပ်ငန်းရှင်တွေကို အစိုးရက ကာကွယ်ပေးတာတွေကိုလည်း တရားဝင် မဝေဖန်ပေမယ့် အချင်းချင်းအကြား ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။ 

 အိန္ဒိယ ပြည်တွင်း ကုမ္ပဏီ အသေးစားနဲ့  အလတ်စား ကုမ္ပဏီတွေ အတွက်ဆိုရင်လည်း ရှေးရိုးဗျူရိုကရေစီဆန်တဲ့ ဌာနဆိုင်ရာတွေနဲ့  ဆက်ဆံရတဲ့ ပြဿနာ ရှိနေတဲ့အပြင် မြေသိမ်းပြဿနာ၊ လုပ်ပိုင်ခွင့် လျှောက်ထားမှု ကြန့် ကြာတဲ့ ပြဿနာနဲ့  အခြေခံအဆောက်အအုံ မကောင်းလှသေးတဲ့ ပြဿနာတွေလည်း ရှိနေပါသေးတယ်။ 

 အက်ပဲကုမ္ပဏီက အိန္ဒိယမှာ နောက်ဆုံးပေါ် အိုင်ဖုန်းတွေ လာရောက်တိုးချဲ့ ထုတ်လုပ်ဖို့  လုပ်နေတယ်ဆိုတာဟာ အောင်မြင်မှုတခုဖြစ်တယ် ဆိုပေမယ့် အခုလို အသေးစားနဲ့  အလတ်စား လုပ်ငန်းတွေအတွက် အထောက်အကူဖြစ်စေတဲ့ သဟဇာတစနစ်တခု ရှိဖို့လည်း လိုအပ်တယ်လို့  အိန္ဒိယအခြေစိုက် နိုင်ငံတကာ သုတေသနနဲ့  မူဝါဒတိုက်တွန်းရေး အဖွဲ့  Observer Research Foundation (ORF) ရဲ့  ဒါရိုက်တာ မဟီရှာမာက ဆိုပါတယ်။ 

 အိန္ဒိယနိုင်ငံရဲ့  လုပ်သားထုအများစုကို အလုပ်အကိုင်ပေးထားတဲ့ အဲဒီ အသေးစားနဲ့  အလတ်စား လုပ်ငန်းတွေဟာ မစ္စတာ မိုဒီရဲ့  စီးပွားရေးလုပ်ငန်းတွေကို ဘဏ္ဍာရေးဆိုင်ရာ မက်လုံးပေးတဲ့ အစီအစဉ်တွေအတွင်းမှာလည်း ချန်လှပ်ခံခဲ့ရတယ်လို့  မစ္စတာ ရှာမာက ဆိုပါတယ်။ 

 ORF ရဲ့  လေ့လာချက်အရ မစ္စတာ မိုဒီရဲ့  အစီအစဉ်တွေဟာ ချည်မျှင်နဲ့  အထည်လုပ်ငန်းတွေကလွဲလို့  အလုပ်သမားအခြေပြု ကုန်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းတွေအတွက် အကျုံးမဝင်ပဲ ဖြစ်နေတယ်လို့  ဆိုပါတယ်။ 

 အခုလို အကျုံးမဝင်တဲ့ အတွက်ကြောင့်လည်း အိန္ဒိယကို တရုတ်အပြင် တနိုင်ငံထည့်ပေါင်း စဉ်းစားတယ်ဆိုတဲ့ စီးပွားရေးနည်းဗျူဟာတွေမှာ ထည့်သွင်းစဉ်းစားခံရဖို့  ထိရောက်တဲ့ အထောက်အကူ မဖြစ်ပဲ ဖြစ်နေပြီး နှစ်စဉ် တိုးလားတဲ့ လုပ်သားအင်အား ၁၂ သန်းအတွက်လည်း အလုပ်အကိုင်ဖန်တီးရေး အတားအဆီး ရှိနေတယ်လို့  ဆိုပါတယ်။ 

 အိန္ဒိယအနေနဲ့  သူ့ရဲ့  အလုပ်သမားထုကို ကျွမ်းကျင်မှုမြှင့်တင်ပေးဖို့  လိုအပ်နေသေးပြီး စီးပွားရေး လာလုပ်ချင်စရာကောင်းတဲ့ နိုင်ငံဖြစ်လာဖို့အတွက် တခြားအာရှနိုင်ငံတွေနဲ့  အပြိုင်လုပ်ရဦးမယ်လို့ လည်း မစ္စတာ ရှာမာက ဆိုပါတယ်။ 

 ထိုင်း၊ ဗီယက်နမ်နဲ့ တောင်ကိုရီးယားတို့ဆိုရင် ကမ္ဘာ့ဘဏ်က သတ်မှတ်တဲ့ စီးပွားရေးလာလုပ်လို့ ကောင်းမှု အဆင့်သတ်မှတ်ချက်မှာ အိန္ဒိယထက် ကောင်းနေတာကို တွေ့ရပါတယ်။ 

အိန္ဒိယ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယအခုလို ကမ္ဘာ့စက်ရုံကြီးနေရာ ရလာဖို့ ယခင်က အခြေအနေထက် အများကြီး ကောင်းလာ

နိုင်ငံတကာကုန်ပစ္စည်းတွေ အိန္ဒိယပြည်တွင်း ထုတ်လုပ်မှု ရှေ့တန်းရောက်မယ့် အချိန် ရောက်လာပြီလား

အိန္ဒိယအခုလို ကမ္ဘာ့စက်ရုံကြီးနေရာ ရလာဖို့ ကိစ္စမှာ ပြဿနာဟောင်းတွေ ရှိနေပေမယ့် ဒီလို နေရာရလာဖို့ သမိုင်းဝင်အခွင့်အရေးအတွက် ယခင်က အခြေအနေထက် အများကြီး ကောင်းလာခဲ့ပြီလို့  အာရှအခြေစိုက် ကမ္ဘာ့ကုန်သွယ်ရေး ရေရှည်တိုးတက်မှုဆိုင်ရာအဖွဲ့က သုတေသီ အဲလက်စ် ကက်ပရီက ပြောပါတယ်။

 အမေရိကန်နဲ့တကွ သူ့ရဲ့  မဟာမိတ်တွေက သူတို့ရဲ့  လုပ်ငန်းတွေကို တရုတ်ပြည်ကနေ ရွှေ့လာတဲ့အခါမှာ အိန္ဒိယက နေရာစိပ်စိပ်မှာ တည်ရှိနေတဲ့ ထုတ်လုပ်ရေးအပိုင်း စက်မှုဖွံ့ ဖြိုးမှုရှိတဲ့ ပြည်နယ်တွေ ပိုတိုးတက်လာလို့  တရုတ် နေရာယူဖို့  အလားအလာ ရှိတယ်လို့ လည်း သူက ဆိုပါတယ်။ 

 အဲဒီပြည်နယ်တွေကတော့ တောင်ပိုင်းက တမီလ်နာဒူး၊ တီလန်ဂနားတို့နဲ့  မြောက်ပိုင်းက မြို့တော် ဒေလီတဝိုက်တို့ ဖြစ်ပါတယ်။ 

 အိန္ဒိယက ဈေးသက်သာတဲ့ ကျွမ်းကျင်လုပ်သားတွေ လွယ်လွယ်ရနိုင်တာကြောင့် ထုတ်လုပ်နိုင်မှု တစိတ်တပိုင်းကို အိန္ဒိယ ရွှေ့လာတဲ့ ထိုင်ဝမ်ကုမ္ပဏီတွေ ဆီကနေလည်း အိန္ဒိယက အကျိုးအမြတ် ရယူနိုင်တယ်လို့  ဆိုပါတယ်။