မိုးမကျခင် KNU တပ်မဟာတွေက တပြိုင်နက်စစ်ရေးလှုပ်ရှားမှုတွေက ဘာသဘောဆောင်လဲ

ဓာတ်ပုံ ရင်းမြစ်, အထူးတိုင်းစစ်ဌာန

ဓာတ်ပုံ ပုံစာ, ဧပြီလထဲမှာ စစ်ကောင်စီတပ်စခန်းသိမ်းပွဲမှာ ပါဝင်ခဲ့တဲ့ အထူးတိုင်းစစ်ဌာန တပ်ဖွဲ့ဝင်တွေ
ဖတ်ရန်အချိန်: မိနစ် ၆

ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ တပ်မဟာ ၆ ခုအတွင်းမှာ စစ်တပ်နဲ့ KNU/PDF ပူးပေါင်းတပ်တွေကြား မတ်လနှောင်းပိုင်းနဲ့ ဧပြီလထဲမှာ ထိုးစစ်၊ ခုခံစစ်တွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေ အပြင်းအထန် ရှိနေပါတယ်။

ကရင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်ဘက်က KNU ရဲ့တပ်မဟာနယ်မြေတွေမှာ ဧပြီလအတွင်း KNU နဲ့ ပူးပေါင်းတပ်တွေက စစ်တပ်စခန်း ၅ ခုခန့်ကို သိမ်းထားပါတယ်။

တဖက် မြန်မာစစ်တပ်ဘက်ကလည်း ကရင်နဲ့ တနင်္သာရီဒေသတွေမှာရှိတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို အပြည့်အဝထိန်းချုပ်နိုင်အောင် မဟာဗျူဟာကျကျ လှုပ်ရှားနေပါတယ်။

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI)ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ CDM ဗိုလ်မှူး နောင်ရိုးကတော့ နှစ်ဖက်လုံးမှာ မတူညီတဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ ဗျူဟာတွေရှိနေတယ်လို့ သုံးသပ်ပါတယ်။

"စစ်တပ်ဘက်ကတော့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးတို့ကို ချိတ်ဆက်ထားတဲ့ အဆင့်မြင့် စစ်ဗျူဟာနဲ့ လှုပ်ရှားနေပါတယ်။ တော်လှန်ရေးဘက်ကတော့ စစ်တပ်စခန်းတွေကို ဝိုင်းပတ်ပြီးတုံ့ပြန်တိုက်ခိုက်တဲ့ပုံစံနဲ့ သွားနေပါတယ်" လို့ သူက ပြောပါတယ်။

တပ်မဟာ ၄၊ ၆ နဲ့ ၇ - နယ်စပ်ကုန်သွယ်ရေးနဲ့ စစ်ရေးချိတ်ဆက်နေတဲ့တပ်မဟာတွေ

ဓာတ်ပုံ ရင်းမြစ်, ATL

ဓာတ်ပုံ ပုံစာ, ဧပြီ ၁ ရက်မှာ ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ အာရှလမ်းအခြေအနေ(ပုံဟောင်း)

တနင်္သာရီတိုင်းထဲက KNU ရဲ့တပ်မဟာ ၄ (မြိတ်-ထားဝယ်ခရိုင်) နယ်မြေထဲမှာ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး၊ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ကော့သောင်း- ရနောင်းနယ်စပ်တို့က နယ်စပ်ကုန်သွယ်ရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတွက် အခရာကျတဲ့နေရာတွေဖြစ်ပါတယ်။

အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးဟာ ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့ကနေ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ကို ဆက်သွယ်ထားတာဖြစ်လို့ ဒီလမ်းက ကုန်သွယ်ရေးလမ်းကြောင်းမှာ အရေးပါတဲ့လမ်းဖြစ်ပါတယ်။ ၂၀၂၆ နှစ်စပိုင်းကစပြီး တနင်္သာရီတိုင်းထဲက KNU ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး(KNLA)တပ် စစ်ရေးဦးဆောင်မှုနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးစိုးမိုးရေး၊ လမ်းမကြီးတလျှောက်က မြို့ရွာတွေအထိ ချဥ်းကပ်ရေး လုပ်လာပါတယ်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲက ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ ဝင်းဝခြေကုပ်စခန်းကို ပြီးခဲ့တဲ့ဖေဖော်ဝါရီနဲ့ မတ်လအတွင်း တစ်လကြာတိုက်အပြီး တော်လှန်ရေးတပ်တွေဘက်က သိမ်းပိုက်ခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဝင်းဝစခန်းကို သိမ်းအပြီးမှာ ဒီနယ်ထဲ တိုက်ပွဲက ၂ ဆပြင်းထန်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တနင်္သာရီတိုင်းတွဲဖက်ကွပ်ကဲရေးမှူး၊ ရဲဘော်ဂျိုကာက ဘီဘီစီကို ပြောပါတယ်။

"အရင်ကဆို တိုင်းထဲက စစ်သားတွေက ကရင်ထဲမှာရှိတဲ့ ဥကရစ်ထစခန်းဘက်ကို တာဝန်သွားထမ်းကြတယ်။ အခု ၂၀၂၅ နဲ့ ၂၀၂၆ မှာတော့ ပြောင်းပြန်ဖြစ်သွားတယ်။ တာဝန်ထမ်းတဲ့သူတွေ အကုန်ပြန်လာခိုင်းတဲ့အပြင် တပ်မအသစ်တွေ၊ ပြည်သူ့စစ်တွေ ပါဝင်လာတယ်''

စခန်းသိမ်းပြီးနောက် ဝင်းဝစခန်းကို ပြန်လည်ရယူဖို့ စစ်တပ်က လေကြောင်းဖိအားပေးသလို သရက်ချောင်းဘက်ကနေ စစ်ကြောင်းထိုး ပြန်လည်ဝင်ရောက်ခဲ့တာကို သူက ရှင်းပြပါတယ်။

၂၀၂၆ မတ် ၂၇ ရက်မှာတော့ ဝင်းဝစခန်းကို စစ်တပ်ကပြန်ရသွားတယ်လို့ ရဲဘော်ဂျိုကာက ပြောပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေက ဆက်ရှိနေတုန်းဖြစ်ပါတယ်။

"ဝင်းဝ စခန်းဝန်းကျင်မှာ တိုက်ပွဲတွေက အခုထိရှိနေတုန်းပဲ" လို့ ပြောပါတယ်။ စစ်တပ်နဲ့ KNU ပူးပေါင်းတပ်တွေရဲ့တိုက်ပွဲဟာ ထားဝယ်ရေနက်ဆိပ်ကမ်းဝန်းကျင်မှာလည်း ရှိနေပါတယ်။

ထားဝယ်ခရိုင်ထဲက တိုက်ပွဲတွေမှာ စစ်တပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး ဒီနှစ်ထဲ အလုံး အရင်းနဲ့ တိုက်ခိုက်လာတာတွေ့ရတယ်လို့ တနင်္သာရီတိုင်း တွဲဖက်ကွပ်ကဲရေးမှူးက ဆိုပါတယ်။

KNU မြိတ်-ထားဝယ်ခရိုင်ထဲမှာ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတလျှောက်က ရေဖြူ၊ ထားဝယ်၊ သရက်ချောင်း၊ ပဲဒက်၊ ပလောက်၊ ပုလောနဲ့ မြိတ်စတဲ့မြို့ကြီးတွေကလွဲရင် ကျန်ဒေသတွေကို တော်လှန်ရေးတပ်တွေဘက်က ထိန်းချုပ်ထားတာပါ။

"ဒီနယ်ဘက်မှာ သူတို့တပ်တွေ ဈေးဝယ်တာတောင် ဖြတ်မရလို့ ထိုင်းဘက်ကနေ ပတ်သွားကြတာ" လို့ ရဲ‌ဘော်ဂျိုကာက ပြောပါတယ်။ စစ်တပ်က KNU ဆီမှာ ထားဝယ်ခရိုင်နဲ့ တနင်္သာရီခရိုင်နှစ်ခုက နယ်စပ်စခန်းတွေကို ဆုံးရှုံးထားရတာပါ။

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင် ထိုင်းနယ်စပ်ရှိ နတ်အိမ်တောင်စခန်း၊ ဘုတ်ပြင်းက ရွာဟေ့လူ စခန်းနဲ့ ကော့သောင်းက နမ္မသွန်စခန်းတို့ကိုသာ စစ်တပ်က ဆက်လက်အထိုင်ချထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက KNUနဲ့ ပူးပေါင်းတပ်က သိမ်းခဲ့တဲ့ မောတောင်စခန်းကိုလည်း စစ်တပ်က "စခန်းသိမ်းပြီးကတည်းက ပြန်ရအောင်တိုက်နေတာ ဒီနှစ်မှာ လေကြောင်း ကုန်းကြောင်း အလုံးအရင်းနဲ့ စစ်ချီနေတယ်။ ကျွန်တော်တို့ကလည်း ဒီစခန်းနဲ့ မောတောင်လမ်း မပါအောင် ခုခံစစ်ဆင်နွှဲနေတယ်" လို့ ရဲဘော်ဂျိုကာက ပြောပါတယ်။

၂၀၂၆ အထိ ဧပြီလအထိ တိုက်ပွဲအေးသွားတာမရှိဘဲ စစ်ဆိုင်နေကြတဲ့အခြေအနေပါ။

ဧပြီ ၂၀ ရက်မှာ ထွက်ပေါ်လာတဲ့သတင်းအချက်အလက်အရ မြန်မာနဲ့ ထိုင်းနယ်စပ်၊ မောတောင်နယ်စပ်မြို့ကတဆင့် ကုန်သွယ်ရေးပြန်စဖို့ ထိုင်းဘက်ခြမ်း ပရာကျွတ်ကရီခမ်ခရိုင်၊ ဆင်ခွန်းနယ်စပ်ဂိတ်ကို ထိုင်းအာဏာပိုင်တွေက ပြန်လည်ဖွင့်လှစ်ထားတယ်လို့ ထိုင်းသတင်းတချို့က ဖော်ပြပါတယ်။

ဒါပေမဲ့ မြန်မာဘက်နဲ့ ဘယ်လိုကုန်သွယ်ရေးလုပ်မလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။

MDSI ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ ဗိုလ်မှူးနောင်ရိုးကတော့ "စစ်တပ်က အမှတ် ၈ ပြည်ထောင်စုလမ်းကို မိုးရာသီမရောက်ခင် ထိန်းချုပ်နိုင်ရင် မိုးအကုန်‌ဆောင်းအကူးမှာ ကုန်သွယ်ရေးစခန်းရှိတဲ့နေရာတွေကို ရဖို့လုပ်လာနိုင်တယ်" လို့ သုံးသပ်ပါတယ်။

KNU ပူးပေါင်းတပ်က စိုးမိုးရေးလုပ်ဆောင်နေတဲ့ တနင်္သာရီတိုင်းထဲက အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးဟာ မွန်ပြည်နယ်ထဲက သထုံမြို့မှာ အာရှလမ်းမကြီးနဲ့လည်း ဆုံပါတယ်။

ကရင်ပြည်နယ်ထဲက တပ်မဟာ ၆ (ဒူးပလာယာခရိုင်)နဲ့ တပ်မဟာ ၇ (ဘားအံခရိုင်) တို့ကတော့ အာရှလမ်းမကြီးရှိနေသလို ထိုင်းနဲ့ နယ်စပ်စည်းမျဥ်းဆက်စပ်နေတာတို့ကြောင့် အဓိကကျတဲ့လမ်းမကြီးဖြစ်နေပြန်ပါတယ်။

သထုံကနေ အာရှလမ်းမကြီးအတိုင်းသွားရင် မိုင် ၇၀ ဝန်းကျင်က ကရင်ပြည်နယ် ကျုံဒိုး-ကော့ကရိတ် အာရှလမ်းပိုင်းက စစ်တပ်က ၂၀၂၅ ဇူလိုင်လမှာ ပြန်လည်ထိန်းချုပ်ထားပါတယ်။

ဒီလမ်းကို သိမ်းပြီး ၂၀၂၆ ဧပြီ ၁ ရက်မှာ အာရှလမ်းကို ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် ကုန်သွယ်ရေး အလုံးစုံပြန်စနိုင်ဖို့ စစ်တပ်က ကော့ကရိတ်နဲ့ ဝေါလေဘက်ကို စစ်ကြောင်းဆက်ထိုးနေဆဲပဲလို့ မြေပြင်အခြေအနေသိရှိသူက ဘီဘီစီကိုပြောပါတယ်။ အာရှလမ်းရှိတဲ့ ကော့ကရိတ်မြို့နယ်ဟာ တပ်မဟာ ၇ ထဲမှာရှိပြီး ဝေါလေက တပ်မဟာ ၆ နယ်မြေ ဖြစ်ပါတယ်။

"ဝေါလေကို မင်းလက်ပံကနေ စစ်တပ်က တိုးလာနေတယ်။ ကော့ကရိတ်မှာလည်း ဒေါနတောင် လမ်းဟောင်းက အာရှလမ်းသစ်ကို လက်နက်ကြီး တစ်ပစ်စာပဲရှိလို့ လမ်းဟောင်းဘက်မှာ စစ်ကြောင်းထိုးနေတယ်" လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ KNLA ပူးပေါင်းတပ်တွေက မြန်မာစစ်တပ်ရဲ့ဝေါလေဗျူဟာကို ထိုးစစ်ဆင်နေပြီး စစ်တပ်ကလည်း ဒီဗျူဟာကို လက်မလွှတ်ရရေး ခုခံနေတာဖြစ်ပါတယ်။

၂၀၂၆ ဧပြီလဆန်းပိုင်းမှာ ဝေါလေဗျူဟာ ရဲ့ကာကင်းစခန်း ၃ ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ အဲဒီနယ်တကြောမှာ လက်ရှိအချိန်အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

KNU တပ်မဟာ ၇ နယ်မြေဖြစ်တဲ့ လှိုင်းဘွဲ့မြို့နယ်၊ မဲသဝေါဒေသကစစ်တပ်ရဲ့ ခြေကုပ်စခန်းဖြစ်တဲ့ ကြယ်ပြောင်ကုန်း ကာကင်းစခန်းကို‌လည်း ဧပြီလထဲမှာပဲ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က သိမ်းခဲ့ပါတယ်။

ကြယ်ပြောင်ကုန်း စခန်းဟာ ထိုင်း-မြန်မာနယ်စပ်ရှိရာ သောင်ရင်းမြစ်နဲ့ သိပ်မဝေးဘဲ စစ်တပ်ရဲ့ မဲသဝေါစခန်း၊ ပွိုင့် ၉၆၂ တောင်ကုန်းစခန်းကတော့ ကျန်ရှိနေပါသေးတယ်။ ကြယ်ပြောင်ကုန်း စခန်းဟာပွိုင့် ၉၆၂ ဗျူဟာကုန်းရဲ့ကာကင်းစခန်းလည်းဖြစ်ပါတယ်။

စစ်တပ်နဲ့ KNUပူးပေါင်းတပ်တွေရဲ့ စစ်ရေးဗျူဟာနဲ့ပတ်သက်လို့ MDSI က စစ်ဘက်ရေးရာ တာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက "စစ်တပ်ရဲ့အခုဗျူဟာက ထိုင်းနဲ့ကုန်သွယ်ရေးလမ်းကြောင်းဖွင့်ဖို့ အဓိကပဲ။ ကုန်သွယ်ရေးအတွက် အသက်သွေးကြော လမ်းကြောင်းကို အမိအရကိုင်မယ်ပြီးရင် တန်ပြန်လုပ်လာနိုင်တယ်" လို့ ကောက်ချက်ချပါတယ်။

တပ်မဟာ ၁ (သထုံ)၊ တပ်မဟာ ၃ (ညောင်လေးပင်)နဲ့ တပ်မဟာ ၅ (ဖာပွန်)တို့က တိုက်ပွဲတွေ

ဓာတ်ပုံ ရင်းမြစ်, KNU

ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင် တပ်ရင်းမှူးအဖြစ် တာဝန်ကျ ဦးဆောင်ဖူးတဲ့ တပ်မဟာ ၁ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ထဲက လေးကေစခန်းကို ဧပြီ ၁၂ ရက်မှာ သိမ်းခဲ့ပြီး အခြေအနေ

မွန်၊ ကရင်နဲ့ ပဲခူးတိုင်းထဲက တပ်မဟာ ၃ ခုထဲမှာတော့ KNUပူးပေါင်းတပ်တွေဘက်က ၂၀၂၆ ဧပြီလထဲမှာ တပ်စခန်း ၅ ခုကို သိမ်းထားပါတယ်။ အဲဒီထဲမှာ KNU တပ်မဟာ ၁ နယ်မြေ (သထုံခရိုင်)အတွင်း ပါဝင်နေတဲ့ စစ်တပ်ရဲ့လေးကေစခန်းကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

အဲဒီစခန်းက စစ်ခေါင်းဆောင်ဟောင်းဖြစ်တဲ့ လက်ရှိသမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင် တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူးတဲ့တပ်နယ်မြေလည်းဖြစ်ပါတယ်။

လေးကေစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်(BPLA)၊ ဒရုန်းအဖွဲ့ (FFD) တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

လေးကေတပ်စခန်းရဲ့ဒုတပ်ရင်းမှူးနဲ့ တပ်သား ၁ ဦးကို ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ KNU က ဓာတ်ပုံနဲ့တကွထုတ်ပြန်ပါတယ်။ ပဲခူး၊ တပ်မဟာ ၃ (ညောင်လေးပင်ခရိုင်)ဆောထိမြို့နယ်က လက်ယက်စခန်းကိုလည်း ဧပြီ ၇ ရက်က သိမ်းခဲ့တာပါ။

KNU ရဲ့တပ်မဟာ ၅ နယ်မြေ(ဖာပွန်မြို့နယ်)မြောက်ဘက်မှာတော့ ထနဲကျိုးနဲ့ ကော်သွေးကျိုး စခန်းတွေကို ဧပြီလအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ဒီစစ်ရေးခွင်က ကရင်နီ(ကယား)ပြည်နယ်နဲ့လည်း ဆက်စပ်နေပြီး ထိုင်းနိုင်ငံဘက်ကိုလည်းကူးလူးသွားလာနိုင်တဲ့ ဖာပွန်မြို့ပေါ်မှာတော့ စစ်တပ်က ဗျူဟာကုန်းနဲ့ ဗျူဟာကုန်းတောင်ဘက်က ခလရ ၃၄၀၊ ခမရ ၃၄၁ မှာသာ ကျန်ရှိတော့တယ်လို့ တော်လှန်ရေးရဲ‌ဘော်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

"မိုးမကျခင်တော့ အရွေ့တစ်ခုတွေ့ရနိုင်တယ်" လို့ သူက ပြောပါတယ်။

စစ်တပ်ကတော့ သူတို့အထိုင်ချထားရာ စစ်တပ်ဗျူဟာစခန်း လက်လွတ်ဆုံးရှုံးရတာ မဖြစ်အောင် ကာကွယ်ခုခံနေတယ်လို့ ကရင်စစ်ရေးရင်းမြစ်က ပြောပါတယ်။ သူ့အပြောအရ မိုးရာသီမရောက်ခင်မှာ နှစ်ဖက်လုံးက တပ်စခန်းတွေရှိတဲ့နယ်မြေတွေနဲ့ စခန်းနေရာတွေကို ခြေကုပ်ယူထိန်းချုပ်ထားလိုတဲ့ ဆန္ဒတွေရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း စစ်ရေးပြင်းထန်တဲ့ ဧပြီလအတွင်း စစ်တပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ အဆက်မပြတ် ရှိနေလို့ ဒေသခံသေဆုံး၊ ထိခိုက်မှုတွေရှိတယ်လို့ ဒေသတွင်း ကရင်သတင်းဌာန KIC က ဖော်ပြထားပါတယ်။

ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေဘက်က စခန်းသိမ်း ထိုးစစ်ဆင်တာရှိသလို တချို့နယ်မြေတွေမှာတော့ ခုခံစစ်သဘောနဲ့ တန်ပြန်နေရတဲ့အခြေအနေဖြစ်ပါတယ်။ စစ်တပ်ကလည်း KNU နဲ့ စစ်ဆင်ရေးနယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနဲ့ မီးလောင်ဗုံးကြဲမှုတွေဆက်တိုက်ရှိနေပါတယ်။

ဧပြီ ၂၀ ရက်က ထိုင်း- မြန်မာနယ်စပ်အနီး ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ထဲက ဘွားဒိုးကျေးရွာအုပ်စုထဲက ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ဆေးရုံနေရာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဆေးရုံပျက်စီးခဲ့ပြီး ထိုင်းဘက်ခြမ်းကိုလည်း ဗုံးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ပါတယ်။

တိုက်လေယာဉ်နဲ့ ဗုံး ၁၀ လုံးကြဲချသွားတာဖြစ်ပြီး မြန်မာဘက်ခြမ်းက ဆေးရုံ၊ ဆေးခန်းနဲ့ ဘုရားကျောင်းပါ ပျက်စီးသွားသလို ထိုင်းဘက်ခြမ်းကိုလည်း ဗုံးတစ်လုံး ကျရောက် ပေါက်ကွဲခဲ့ပါတယ်။

နယ်စပ်ကို ဗုံးကျခဲ့တဲ့နေရာဟာ KNU ရဲ့ ကရင်အမျိုးသားလွတ်လပ်ရေးတပ်(KNLA)နဲ့ပူးပေါင်းအဖွဲ့တွေ သိမ်းထားခဲ့တဲ့ သံလွင်မြစ်ပေါ်က စစ်တပ်ရဲ့ ထောက်ပို့စခန်းအဖြစ်အရေးပါတဲ့ မယ်ခါးထာစခန်းနဲ့ မနီးမဝေးမှာ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်ကနေ ၁၆ ရက်အထိ ကရင်ပြည်နယ်မြောက်ပိုင်း မူတြော်(ဖာပွန်) ခရိုင်ထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄ ဦးသေဆုံး၊ ၁၄ ဦး ဒဏ်ရာရရှိသလို ဆေးခန်း၊ ကျောင်း၊ ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းဆောင်တွေလည်း ပျက်စီးခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးကွန်ရက်နဲ့ သံလွင်ငြိမ်းချမ်းရေး အုပ်ချုပ်ရေးကော်မတီက ဧပြီ ၂၀ ရက်မှာ ပူးတွဲထုတ်ပြန်ထားပါတယ်။

စစ်တပ်ရဲ့ KNU တပ်မဟာတွေထဲ စစ်ရေးဖော်‌ဆောင်တဲ့ ဗျူဟာကိုကြည့်ရင် ဗျူဟာစခန်းကြီးတွေ မကျအောင် လုပ်လာတာတွေ့ရတယ်လို့ MDSI စစ်ဘက်ရေးရာတာဝန်ခံက ဆိုပါတယ်။

"အဓိကကျတဲ့ ဗျူဟာတပ်စခန်းကြီးတွေကို ဆက်သွယ်မှု လမ်းကြောင်းတည်‌ဆောက်ဖို့ ပြင်တာတွေ့ရတယ်။ ဖာပွန်မှာလည်း ဗျူဟာစခန်းမကျဖို့ လုပ်တာ တွေ့ရတယ်"လို့ CDM ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။

၂၀၂၆ ထဲမှာ KNU နဲ့ NUG/PDF အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ရေးအရ ဘယ်လောက်အထိသွားမလဲဆိုတာကိုတော့ ခန့်မှန်းရခက်နေသေးတယ်လို့ သူက သုံးသပ်ပါတယ်။

"အခု KNU ပူးပေါင်းတပ်တွေက စခန်းတွေကို သိမ်းတာတွေ့ရပေမဲ့ စစ်ရေးအရွေ့ကို ကြီးကြီးမား မားသက်ရောက်စေတဲ့တပ်စခန်းတွေ မဟုတ်ဘူး။ စစ်ရေးအောင်ပွဲလို့ ပြောလို့မရသေးဘူး"

"လူသူလက်နက်ခဲယမ်းနဲ့ ဗျူဟာ ဘယ်လောက်ပြင်ဆင်နိုင်မလဲဆိုတာ မေးခွန်းတွေရှိတယ်။ နယ်မြေဒေသအလိုက် တိုက်ပွဲဖော်လာတာကောင်းပေမဲ့ စစ်တပ်ရဲ့တန်ပြန်ပြင်ဆင်လာတဲ့ စစ်‌ရေးကို ကြီးမားတဲ့တန်ပြန်မှု မဟုတ်ဘူး" လို့ CDM ဗိုလ်မှူးနောင်ရိုးက ထောက်ပြပါတယ်။

စစ်တပ်က အာရှလမ်းကို ပြန်လည်ထိန်းချုပ်ခဲ့တဲ့ စစ်ရေးတန်ပြန်မှုရလဒ်အရွေ့လိုမျိုး စစ်တပ်ရဲ့ ရည်မှန်းချက်ကို ဖြတ်တောက်ပိတ်ဆို့နိုင်တဲ့စစ်ရေးဖော်ဆောင်မှုတွေကို စောင့်ကြည့်ရမယ်ဆိုတဲ့ ကောက်ချက်ချမှုတွေ ရှိနေပါတယ်။