အလင်္ကာပုလဲပန်း - တိုးတိုးပြဿနာအဖြေရှာခြင်း
ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ကိုသိမ်းမြတ်
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
- ရေးသားပေးပို့သည့်နေရာ, ဘီဘီစီမြန်မာပိုင်း
“တိုးပွားတယ် တိုးတက်တယ် ဆိုတဲ့စကားတွေမှာ ‘တိုး’ ဟာ increase (များပြားလာ) တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးထွက်ပြီး စကားတိုးတိုးပြောပါ ဆိုတဲ့အခါမှာ ‘တိုး’ ဟာဘာ့ကြောင့် decrease (ယုတ်လျော့သွား) တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးထွက်ရသလဲ။”
တိမ်မယောင်နဲ့နက်၊ လွယ်မယောင်နဲ့ ခက်တဲ့ အမေးပုစ္ဆာပါ။ မေးသူက ဗမာဘာသာစကားကို သင်ယူနေတဲ့ နိုင်ငံခြားသားတယောက်လို့ဆိုပါတယ်။
ဧကဝဏ္ဏဘာသာစကား
ဗမာစကားဟာ ဧကဝဏ္ဏဘာသာစကားဖြစ်ပါတယ်။ စကားသံတသံစီမှာ စကားလုံးတလုံးစီမှာ အနက်အဓိပ္ပာယ်ကိုယ်စီရှိကြပါတယ်။ အသံတသံတည်းရှိရုံမျှနဲ့ အနက်အဓိပ္ပာယ်ရှိပါတယ်။ (မြည်သံစွဲတွေကလွဲပြီး) ။ ဒါ့ကြောင့်လည်း စောစောကပြောတဲ့ ‘တိုး’ ပြဿနာအထင်အရှားပေါ်ပေါက်လာတယ်ထင်ပါရဲ့။ တလုံးတည်းနဲ့ အနက်အဓိပ္ပာယ်ရှိလေတော့တလုံးတည်းမှာ အနက်အဓိပ္ပာယ်ကို ရှာဖွေရာက အခုလို အသိရခက်တဲ့အမေးပုစ္ဆာထွက်ပေါ်လာတာပါ။
အနက်နဲ့အဓိပ္ပာယ်
ဗမာစကားမှာ အနက်၊ ရင်းမြစ်၊ ဗျုပ္ပတ် လို့ခေါ်တဲ့အရာနဲ့ အဓိပ္ပာယ်လို့ ခေါ်တဲ့အရာဟာ တထပ်တည်းမကျတဲ့အခါများစွာရှိပါတယ်။ အနက်ဆိုတာက မူလကရှိခဲ့တဲ့အရာ။ အရင်းအမြစ်အဖြစ်စခဲ့တဲ့အရာ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ အခုလက်ရှိကောက်ယူနေတဲ့အရာ၊ လက်ရှိလူအများနားလည်နေတဲ့ အရာဖြစ်ပါတယ်။ မူလရှိတဲ့အနက်ကနေ အခုလက်ရှိအဓိပ္ပာယ်ဟာ ရွေ့လျားသွားတာမျိုးလည်းရှိတတ်ပါတယ်။ အနက်က တမျိုးတည်းရှိပေမဲ့ အဓိပ္ပာယ်က အမျိုးမျိုးပွားသွားတာမျိုးလည်း ရှိတတ်ပါတယ်။ အဲသလိုရွေ့လျားသွားတဲ့အခါ ပွားများသွားတဲ့အခါ အနက်ရင်းမြစ်တနေရာတည်းကလာပေမဲ့ အဓိပ္ပာယ်တွေဟာ တခုနဲ့ တခုဝေးကွာသွားတာမျိုးရှိလာတတ်ပါတယ်။ အဓိပ္ပာယ်တွေဟာ တခုနဲ့တခု ဆန့်ကျင်သလို ဖြစ်လာတာမျိုးတောင် ဖြစ်တတ်ပါတယ်။ အဲဒါ အခု တိုး ပုစ္ဆာရဲ့ အဖြေပါပဲ။
အနက်တမျိုး အဓိပ္ပာယ်အထွေထွေ
အနက်ရင်းမြစ်က တနေရာတည်းက လာပေမဲ့ အဓိပ္ပာယ်ရွေ့လျားသွားတာ။ အမျိုးမျိုးထွက်သွားတာတွေရှိတယ်။ ဥပမာ ‘ဆီး’ ရဲ့အနက်က တားဆီးတာ၊ ကာဆီးတာကို ဆိုလိုတယ်။ ဒါပေမဲ့ အဓိပ္ပာယ်ကအမျိုးမျိုးပွားသွားတယ်။ မူလအနက်ဖြစ်တဲ့ တားဆီး၊ ကာဆီး၊ ပိတ်ဆီး၊ ကွယ်ဆီး၊ ကြိုဆီး၊ ဆီးကြို အဲဒီစကားလုံးတွေမှာ တားတဲ့ကာတဲ့ အဓိပ္ပာယ်ထွက်ပါတယ်။ ဒါတောင် တားဆီးနဲ့ ဆီးကြိုဆိုရင် အဓိပ္ပာယ်ချင်း နည်းနည်းဝေးချင်လာပါပြီ။ ဆွေမှန်းမျိုးမှန်းမသိချင်သလို ဖြစ်လာပါပြီ။ ဆီးသီး၊ ဆီးနှင်း၊ ဆီး (ကျင်ငယ်) တို့ဆိုရင် အဓိပ္ပာယ်ပိုပြီးဝေးကွာလာပါတယ်။ ဒါ့ကြောင့် အဓိပ္ပာယ်က ရွေ့လည်း ရွေ့လျားတတ်။ အမျိုးမျိုးလည်း ဖြစ်တတ်တယ်လို့ ပြောတာပါ။ ဆီးကို ဆက်ရှင်းချင်ပေမဲ့ တမျိုးပြီးတမျိုး ဆန်စင်ရာကျည်ပွေ့လိုက်နေရင် လိုရင်းမရောက်မှာစိုးလို့ ဒီလောက်နဲ့ ခဏရပ်ကြရအောင်ပါ။ နောင်အခါမှာ ‘ဆီး’ ကို သီးသန့်ရှင်းပါမယ်။
ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နောက်ထပ်ဥပမာတခုလောက်ထပ်ပေးရရင် ‘ဆူ’ ဆိုပါတော့။ ရေဆူတာလည်း ‘ဆူ’ ကိုသုံးပါတယ်။ ဆူညံတာ၊ ဆူပူတာလည်း ဒီဆူပါပဲ။ ဝတာ၊ ဆူဖြိုးတာလည်း ဒီဆူပါပဲ။ ငုံးဆူလူမသိ ဆိုတဲ့ဆူပေါ့။ ဘုရား ၃ ဆူ။ ကျမ်းစာ ၅ ဆူ။ အဲဒီအရေအတွက်ပြ မျိုးပြစကားလုံးကလည်း ‘ဆူ’ ပါပဲ။ အဲဒီ ‘ဆူ’ကို မြင့်မြတ်တဲ့နေရာများမှာ သုံးစွဲတယ်လို့ မှတ်ယူဖွယ်ရှိပေမဲ့ လှေကားအတက်မှာသုံးတဲ့ လှေကားခုံကိုလည်း တဆူ၊ နှစ်ဆူဆိုပြီးရေတွက်လေ့ရှိတယ်လို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။
အဓိပ္ပာယ်အမျိုးမျိုးအလီလီထွက်တဲ့သာဓကတွေကို မြန်မာစာအဘိဓာန်မှာ လှန်ကြည့်လိုက်ရင် မြောက်မြားစွာတွေ့ရပါလိမ့်မယ်။
ကလီကမာမလုပ်နဲ့ လိမ်လိမ်မာမာနေ
လီဆိုတဲ့စကားရဲ့ရင်းမြစ်က အမျိုးမျိုး၊ အဖုံဖုံ၊ အထွေထွေ၊ အကြိမ်ကြိမ်လို့ အနက်ရကြောင်း ဆရာကြီးဦးထွန်းတင့်ကပြောပါတယ်။
လီမာဆိုရင် ပိုပြီးအမျိုးမျိုးအဖုံဖုံဖြစ်တယ်လို့ အနက်ရပါတယ်။ မာဟာသီးခြားအဓိပ္ပာယ်မဆောင်ဘဲ လီကိုပိုပြီးလေးနက်အားကောင်းအောင် ဖြည့်ပေးတဲ့ သဘောပါ။ ပိုပြီး အလီလီဖြစ်တယ်ဆိုတဲ့ သဘောပါပဲ။ မာကို အဲသလိုသဘောနဲ့ ယှဉ်တွဲသုံးတဲ့စကားလုံးအများအပြားရှိပါတယ်။ ကျန်းမာ ဆိုတာ ပိုပြီးမာတဲ့သဘောကိုပြောတာပါ။ ကျန်းကလည်းမာ၊ မာတာကလည်း မာပါပဲ။ ယုတ်မာဆိုရင် ပိုပြီးယုတ်တဲ့သဘော။ ရင့်မာဆိုရင် ပိုပြီးရင့်တဲ့သဘော။ သန်မာဆိုရင်ပိုပြီးသန်တဲ့သဘော။ လီမာဆိုတာကလည်း ပိုပြီးအလီလီအလာလာဖြစ်တဲ့သဘော။
အဲဒီလီမာကိုမှ ကကြီးရှေ့ဆက်နှစ်လုံးကြားထဲမှာဖြည့်လိုက်တော့ ကလီကမာ ဖြစ်လာပါတယ်။ အဲသလို ကကြီးရှေ့ဆက်နှစ်လုံးဖြည့်တဲ့သာဓကတွေလည်း အများကြီးရှိပါတယ်။ ဥပမာ၊ ကမန်းကတန်း၊ ကသောကမျော၊ ကတောက်ကဆတ်၊ ကယုကယင်စသည်ဖြင့်။ ဒီတော့ ကလီကမာရဲ့ မူလအနက်က ပိုပြီးအလီလီအလာလာဖြစ်နေတယ်ဆိုတဲ့သဘောပါ။ ဒီနေ့ အများနားလည်နေတဲ့ အဓိပ္ပာယ်ကတော့ လိမ်လည်လှည့်ဖျားနေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
လီမာဆိုတဲ့စကားလုံးကို တခြားအဓိပ္ပာယ်နဲ့လည်း သုံးကြပါတယ်။ အသံထွက်ပြောင်းနေလို့ သတိမထားမိကြတာပါ။ လီမာမှာ နောက်က မအက္ခရာရဲ့ သြဇာကြောင့် လိမ္မာလို့ ပြောင်းလဲ အသံထွက်ပါတယ်။ အဲသလို နောက်ကစာလုံးရဲ့သြဇာကြောင့် အသံထွက်ပြောင်းတာကလည်း ဗမာစကားသာမက ဘာသာစကားတိုင်းမှာရှိကြပါတယ်။ အိပ်မက်ကို အိမ်မက်လို့အသံထွက်ကြတာ၊ အောက်မေ့ကို အောင်းမေ့လို့ အသံထွက်ကြတာ၊ ရမက်ကို ရမ္မက်လို့အသံထွက်တာ၊ အဘိဓာန်ကို အဘိတ်ဓာန်လို့အသံထွက်ကြတာဟာ နောက်ကစာလုံးရဲ့သြဇာကြောင့်ပါပဲ။ ဒီတော့လိမ္မာဆိုတဲ့စကားကလည်း လီမာကပဲလာပြီး အမျိုးအမျိုးအလီလီပြုလုပ်နိုင်တယ်ဆိုတဲ့ အနက်ပါပဲ။ ဒီနေ့ခေတ်အများနားလည်တဲ့ အဓိပ္ပာယ်ကတော့ ‘ယဉ်ကျေးတယ်’ ‘ကျွမ်းကျင်တယ်’ ‘ပါးနပ်တယ်’ ဆိုတဲ့ အဓိပ္ပာယ်မျိုးထွက်ပါတယ်။
ကလီကမာနဲ့ လိမ္မာဟာ အနက်အတူတူဖြစ်ပေမဲ့ အဓိပ္ပာယ်မှာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သွားပါပြီ။ တမအေတည်း တဖအေတည်းကမွေးပေမဲ့ စရိုက်ချင်းမတူတဲ့ ကျေးညီနောင်လိုပါပဲ။
ဓာတ်ပုံ ရင်းမြစ်, Getty Images
တိုးပွားနဲ့တိုးတိတ်
‘တိုး’ ပြဿနာကလည်း အလားတူပါပဲ။ မူလရင်းမြစ်အနက်က တိုးတယ်ဆိုတာ ထိတွေ့တာကိုပြောတာပါ။ ဗမာဘာသာစကားဟာ တက်ကျသံဘာသာစကားလည်း ဖြစ်ပါတယ်။ တက်ကျသံရှိတဲ့ တခြားဘာသာစကားတွေလည်း ရှိကြပါတယ်။ ဥပမာ တရုတ်စကားမှာဆိုရင် တက်ကျသံ ၄ မျိုးတောင်ရှိပါတယ်။ ဒါပေမဲ့ သူတို့တက်ကျသံတွေ တခုနဲ့တခု အဓိပ္ပာယ်ချင်း မဆက်စပ်ဘူးလို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။ ဗမာစကားမှာတော့ တက်ကျသံတွေဟာ အနက်ချင်းဆက်စပ်ပါတယ်။ ဥပမာ ကာ၊ က၊ ကား ၃ လုံးဟာ တလုံးနဲ့ တလုံးအဓိပ္ပာယ်ချင်း ဆက်စပ်ပါတယ်။ ဖာ၊ ဖ၊ ဖား ၃ လုံးဆိုရင်လည်း တလုံးနဲ့တလုံးအဓိပ္ပာယ်ချင်းဆက်စပ်ပါတယ်။ တက်ကျသံမှန်သမျှ အဓိပ္ပာယ်ဆက်စပ်ကြပါတယ်။
တို၊ တို့၊ တိုး ၃ လုံးဟာလည်း အဓိပ္ပာယ်ချင်းဆက်စပ်ပါတယ်။ ထိတွေ့တာဟာ မူလအနက်ပါ။ ဆရာကြီး ဦးထွန်းတင့်က အခုလို ရှင်းပြပါတယ်။
“တိုတယ်ဆိုတာ မမီတာပေါ့။ မမီတဲ့သဘောပေါ့။ လိုသလောက်မရောက်ဘူးပေါ့။ တို့ဆိုရင်တော့ မီရုံပဲရှိတယ်ပေါ့။ ထိတွေ့ရုံပဲရှိတယ်ပေါ့။ ဆက်သွားမယ်ဆိုရင်တော့ တိုးမိတော့မှာပေါ့။ အဲ တိုးဆိုတာကထိတွေ့တာထက်လွန်သွားပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဆက်သွားစရာတောင် မရှိတော့ဘူး။ တိုက်မိသွားပြီ။ ရပ်သွားပြီဆိုတဲ့သဘောပဲ။ တနည်းအားဖြင့်ကြာရှည်တို့ထားတယ်ဆိုတဲ့သဘောပဲ။”
တက်ကျသံဘာသာစကားရဲ့ သဘောက သံစဉ်အနိမ့်အမြင့်အပေါ်လိုက်ပြီး ဒီဂရီအနည်းအများ ကွာခြားနေပါတယ်။
တို့မှာ အဲဒီအနက် အထင်ရှားဆုံးဖြစ်ပါတယ်။ တိုဆိုတာကလည်း ထိတွေ့တဲ့သဘောပဲ။ ဒါပေမဲ့ နည်းနည်း အားနည်းနေတယ်။ အားပျော့နေတယ်ဆိုတဲ့ သဘောပါ။ တိုးဆိုတာကလည်း ထိတွေ့တဲ့သဘောပဲ။ ဒါပေမဲ့ အားကြီးနေတယ်ဆိုတဲ့ သဘောပါ။ ဗမာတက်ကျသံစကားလုံး သုံးလုံးဟာ အမြဲအနက်တူကြပြီး အားအပျော့အပြင်း၊ ဒီဂရီအနိမ့်အမြင့်အမြဲကွာခြားတယ်လို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။ အခု တို၊ တို့၊ တိုးမှာ တိုနဲ့တိုးဟာ ဆန့်ကျင်ဘက် သဘောပါဝင်နေပါတယ်။ ဒါကိုနောင်အလျဉ်းသင့်တော့မှ သီးခြားပြောပါမယ်။
ဒါပေမဲ့ တိုးပွားနဲ့ တိုးတိတ်မှာ ‘တိုး’ ဟာဆန့်ကျင်သကဲ့သို့ အဓိပ္ပာယ်မျိုးဆောင်တာကတော့ ‘တိုး’ ရဲ့ မူလ သဘောနဲ့ ဆိုင်ပါတယ်။ တို့ဟာထိတွေ့တဲ့အနက်ဖြစ်တယ်။ တိုးဟာပို၍ထိတွေ့တဲ့အနက်ဖြစ်တယ်။ တိုးတလုံးတည်းဟာ increase ဆိုတဲ့ အဓိပ္ပာယ်လည်း မဟုတ်ပါဘူး။ decrease ဆိုတဲ့ အဓိပ္ပာယ်လည်း မဟုတ်ပါဘူး။ အဓိပ္ပာယ်နီးစပ်တဲ့ အင်္ဂလိပ်စကားနဲ့ ဥပမာပေးရရင် more ဆိုတဲ့သဘောမျိုးနဲ့ ဆင်တူပါတယ်။ more numbers ဆိုရင် တိုးပွား ဆိုတဲ့ အဓိပ္ပာယ်မျိုး ဖြစ်သွားပါတယ်။ more quiet (quieter) ဆိုပိုပြီးတိုးသွားတယ်။ တိတ်ဆိတ်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်ထွက်ပါတယ်။ ဆိုလိုတာက တိုးပွားဆိုတာဟာ ပွားထက်ပိုအားကြီးပါတယ်။ ပိုပြီးပွားသွားတယ်လို့ပြောတာ။ တိုးတိတ်ဆိုတာဟာလည်း ရိုးရိုးတိတ်တာထက်ပိုအားကြီးပါတယ်။ ပိုပြီးတိတ်သွားတယ်လို့ပြောတာ။ တိုးကိုယ်တိုင်က များခြင်း၊ နည်းခြင်း အဓိပ္ပာယ်မထွက်ပါဘူး။ ပွားကြောင့်များခြင်းအနက်ထွက်သွားပြီး ဆိတ်ကြောင့်အသံမဆူညံခြင်း အဓိပ္ပာယ်ထွက်တာဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Getty Images
အလားတူစကားလုံးတချို့
အလားတူစကားလုံးတချို့လည်း ရှိပါတယ်။ ဆိတ်ညံ ဆိုတဲ့ ဗမာစကားဟာ တိတ်ဆိတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ မဲဇာတောင်ခြေရတုထဲမှာ တောကြီးဆိတ်ညံ၊ ဆည်းကျံကျံ ဆိုတဲ့စာသားမှာ ဆိတ်ညံဆိုတာ တိတ်ဆိတ်တာပါ။ ဘူရိဒတ်ဇာတ်တော်ထဲမှာပါတဲ့ မကြားလူသံ၊ ဆိတ်ညံနှစ်လို့၊ မင်းတို့ပျော်ရာ ဆိုတဲ့စာသားမှာပါတဲ့ ဆိတ်ညံဆိုတာလည်း တိတ်ဆိတ်တာကိုပဲဆိုလိုတာပါ။ ဆိတ်ညံဆိုတာ တိတ်ဆိတ်တယ် ဆိတ်ငြိမ်တယ်ဆိုတဲ့ အဓိပ္ပာယ်ရကြောင်း အထောက်အထားအမြောက်အမြားရှိပါတယ်။ ဒါပေမဲ့ ဆူညံဆိုတာကတော့ ကျယ်လောင်တဲ့ အဓိပ္ပာယ်ရှိပါတယ်။
ကွာဝေးတယ်ဆိုတာက အနီးအနားမှာ မရှိတာကိုဆိုလိုပါတယ်။ စုဝေးတယ်ဆိုတာကတော့ အတူတကွရှိကြတာကိုဆိုလိုပါတယ်။
အချက်အချာကျတယ်။ ဦးချာ၊ အချုပ်အချာ ဆိုတာတွေဟာ မြင့်မြတ်တဲ့သဘော အထွဋ်အထိပ်သဘောဖြစ်ပေမဲ့ နုံချာ၊ ချူချာဆိုတာက အားနည်းပျော့ညံ့တဲ့သဘောဖြစ်ပါတယ်။
ပြောစရာတွေအများကြီးရှိပါသေးတယ်။ ဗမာစာ၊ ဗမာစကားမှာ ရှင်းစရာပြဿနာတွေလည်း အမြောက်အမြား၊ လေ့လာဆည်းပူးစရာတွေကလည်း အမြောက်အမြားပါ။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။