အစ္စရေးရဲ့ ခံစစ်စည်းတွေကို ဖြတ်ကျော်ဖို့ ဟားမတ်စ်တို့ သုံးခဲ့တဲ့ ဒုတိယကမ္ဘာစစ်က နည်းနာ တခု

မိုဟာမက် ဟမ်ဒါ နဲ့ ဟန်နန် ရာဇတ်

ဘီဘီစီ အာရပ် ဘာသာ

ဓာတ်ပုံ ရင်းမြစ်, Hamas

ဓာတ်ပုံ ပုံစာ, ဟားမတ်စ်ရဲ့ အယ်ကာဆမ် တပ်မဟာက သူတို့ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေ အစ္စရေးထဲကို လေထီးနဲ့ဆင်းပြီး ဝင်ရောက်တဲ့ ပုံတွေ ထုတ်ပြန်

ဟားမတ်စ်တို့ စနေနေ့က အစ္စ‌ရေးကို အကြီးအမား တိုက်ခိုက်မှုလုပ်ခဲ့ရာမှာ သူ့ရဲ့ တပ်ဖွဲ့ဝင် တွေက နယ်ခြားစည်းကို ကျော်ပြီး လေထီးနဲ့ ခုန်ဆင်း ဝင်ရောက်တာတွေလည်း ပါဝင်ပါတယ်။

ဟားမတ်စ်ရဲ့ စစ်ရေးတောင်ပံဖြစ်တဲ့ “အက်ဇယ်ဒင် အယ်ကာဆမ် တပ်မဟာ” က ဂါဇာ ကမ်းမြောင်တဝိုက်မှာ ပွဲတော်သွားတဲ့သူတွေ၊ အစ္စရေးမြို့တွေကို တိုက်ခိုက်ခဲ့ ပါတယ်။ အဲဒီစစ်ဆင်ရေးကို “အယ် လပ်ခ်ဆာ ရေကြီးမှု” လျှပ်တပျက်ထိုးစစ် လို့ လည်း ခေါ်ကြပါတယ်။

ပါလက်စတိုင်း တိုက်ခိုက်ရေးသမားတွေဟာ “လေထီးတွေနဲ့ “ ဆင်းလာခဲ့ကြတယ်၊ ပင်လယ်ဘက်ကရော၊ ကုန်းမြေဘက်ကပါ သူတို့ ဝင်လာကြတယ်လို့ အစ္စရေး စစ်တပ် ပြောခွင့်ရသူ ရစ်ချတ် ဟက်က ပြောပါတယ်။

လူမှုမီဒီယာမှာ ဖြန့်ဝေနေကြတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေထဲမှာ အယ်ကာဆမ် တပ်မဟာက တပ်ဖွဲ့ဝင်တွေ လေထီးတွေနဲ့ ဆင်းနေကြတာကို တွေ့ရပါတယ်။ အစ္စရေးကို သူတို့ရဲ့ တိုက်ခိုက်စီးနင်းမှုတွေထဲမှာ ဟားမတ်စ်တို့ ဒီလိုနည်းနာကို သုံးတာက ပထမဆုံးလို့ ဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hamas

ဓာတ်ပုံ ပုံစာ, အယ်ကာဆမ် တပ်မဟာက အစ္စရေးကို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ ပုံတခု

နယ်ခြားတံတိုင်းစည်းရိုးကို လေကြောင်းကနေ ကျော်ဖြတ်

ပါလက်စတိုင်း စစ်သွေးကြွတွေဟာ လူ တယောက် ဒါမှမဟုတ် ၂ ယောက်ထိုင်နိုင်တဲ့ ခုံတွေ အပေါ်မှာထိုင်ပြီး လေထီးနဲ့အတူ လေကြောင်းကနေ ဂါဇာနဲ့ အစ္စရေးကို ပိုင်းခြားထားတဲ့ နယ်ခြားတံတိုင်းကို ကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။

ပန်ကာဒလက်တွေပါတဲ့ မော်တာစက်နဲ့ လေထီးကို သူတို့ ထိန်းကျောင်းပြီး ဂါဇာ ကမ်းမြောင် တဝိုက်က နယ်မြေတွေထဲကို ဝင်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အစ္စရေးတောင်ပိုင်း နယ်မြေတွေကို ပါလက်စတိုင်းလက်နက်ကိုင်တွေ ဝင်ရောက် နိုင်ခဲ့တဲ့နောက် အစ္စရေး-ဂါဇာ စည်းရိုးတွေကို ချိုးဖျက်ပေးနိုင်ခဲ့

ဒုတိယကမ္ဘာစစ်က နည်းနာ

ရန်သူရဲ့ ရှေ့တန်း ခံစစ်စည်းတွေရဲ့ နောက်ဘက်ကို ကျော်လွန်ထိုးဖောက်နိုင်ဖို့ ရည်ရွယ်ချက် နဲ့ စစ်သားတွေကို လေကြောင်းကနေ ချတဲ့အခါ လေထီးတွေကို အသုံးပြုကြပါတယ်။

ဒုတိယကမ္ဘာစစ်မှာ ဂျာမနီကရော၊ မဟာမိတ်နိုင်ငံတွေရဲ့ တပ်တွေကပါ စစ်တိုက်ဖို့ အတွက် လေထီးတပ်ဖွဲ့တွေကို ပထမဆုံး အသုံးပြုခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty images

ဓာတ်ပုံ ပုံစာ, ဒုတိယကမ္ဘာစစ်ပွဲအတွင်း ၁၉၄၄ က ပြင်သစ်၊ နော်မန်ဒီကမ်းခြေကို လေထီးနဲ့ ဆင်းခဲ့ကြတဲ့ အထိမ်းအမှတ် ၇၈နှစ်မြောက် အောင်ပွဲခံ သရုပ်ပြပွဲ ၂၀၂၂ မှာလုပ်စဉ် အမေရိကန် စစ်သားတွေ လေထီးနဲ့ ဆင်းပြခဲ့ကြ

စက်မဲ့ လေယာဉ် ဂလိုက်ဒါနဲ့ ၁၉၈၇က တိုက်ခိုက်မှု

ဟားမတ်စ်တို့ရဲ့ စနေနေ့ကတိုက်ခိုက်မှုဟာ ဟိုးအရင် ပါလက်စတိုင်း လွတ်မြောက်ရေး ပြည်သူ့တပ်ဦး၊ ဂျင်နရယ် တိုင်းစစ်ဌာနချုပ်က ပါလက်စတိုင်း ၂ ယောက်၊ ဆီးရီးယား ၁ ယောက်၊ တူနီးရှား ၁ ယောက်တို့ လုပ်ဆောင်ခဲ့တဲ့ ဂလိုက်ဒါ စစ်ဆင်ရေးနဲ့ ဆင်တူ ယိုးမှားပါ။

၁၉၈၇ ခုနှစ် နိုဝင်ဘာလမှာ သူတို့ဟာ အစ္စရေး စစ်ရေးနေရာတခုကို တိုက်ခိုက်ဖို့ လက်ဘနွန်ကနေ ဂလိုက်ဒါနဲ့ဝင်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၈၇ နိုဝင်ဘာလ ၂၆ ရက်က အစ္စရေး မြောက်ပိုင်းက စစ်စခန်းတခုကို အသေခံ ဝင်တိုက်ခဲ့မှုမှာ အစ္စရေး စစ်သား ၆ ယောက်သေဆုံးပြီး၊ ၇ ယောက် ဒဏ်ရာရခဲ့

မြေပြင်ကနေ တက်နိုင်

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မော်တာစက်ပါဝင်တဲ့ လေထီးတွေကို သုံးပြီး ဒီတိုက်ခိုက်ရေးသမားတွေဟာ မြေပြင် ကနေ လေပေါ်ကိုတက်လာနိုင်ကြပါတယ်။

သူတို့အနေနဲ့ တံတိုင်းတွေ၊ တောင်တွေကို လူကိုယ်တိုင် ကျော်ဖြတ်တက်စရာမလိုခဲ့သလို၊ သူတို့ကို ချပေးဖို့ လေယာဉ်လည်း မလိုပဲ ခရီးသွားနိုင်ခဲ့တာပါ။

လေထီးမှာ ပါဝင်တဲ့ မော်တာစက်ရဲ့အားက တနာရီကို ၅၆ ကီလိုမီတာနှုန်းနဲ့ သွားနိုင်တဲ့အထိ အားရှိပါတယ်။

မြေပြင် အထက် ၅,၀၀၀ မီတာအမြင့်ကနေ အဲဒီ ‌လေထီး ဂလိုက်ဒါ သမားတွေဟာ ၃ နာရီကြာ ပျံသန်းနိုင်ပါတယ်။

လေထီးဂလိုက်ဒါတွေအကြောင်း ရေးထားတဲ့ ဝဘ်ဆိုဒ်တခုအရ ဒီလေထီးတခုဟာ လူ ၄ ယောက်လောက် ဝန်ဖြစ်တဲ့ ၂၃၀ ကီလိုဂရမ်လောက်ကို သယ်ဆောင်နိုင်ပါတယ်။

ထီးလို သဏ္ဍန်နဲ့ ဒီလေထီး ဂလိုက်ဒါတွေမှာ လူ ၁ ယောက်ထိုင်စရာခုံ ဒါမှမဟုတ် လူ ၂ ယောက်တင်နိုင်တဲ့ သုံးဘီးလှည်း တစီး တပ်ထားနိုင်ပါတယ်။

အက်ဇယ်ဒင် အယ်ကာဆမ် တပ်မဟာရဲ့ “စစ်ရေးမီဒီယာ” က တင်ထားတဲ့ ဗီဒီယိုတွေမှာ လူ ၁ ယောက် ဒါမှမဟုတ် ၂ ယောက်ပါဝင်တဲ့ လေထီး ဂလိုက်ဒါ သမားတွေ မြေပြင်ကနေ တက်သွားတာကို တွေ့ရပါတယ်။

တချို့ ဗီဒီယိုတွေမှာ တိုက်ခိုက်ရေးသမားတွေက မြေပြင်ကို မဆင်းခင်၊ အစ္စရေး စခန်းတွေကို ဝင်မစီးခင် လေထဲမှာကတည်းက ပစ်ခတ်နေကြတာကို တွေ့ရပါတယ်။ တချို့ လေထီးတွေက ဆိုင်ကယ်ပေါ်မှာ ထိုင်နေတဲ့ တိုက်ခိုက်‌‌ရေးသမားတွေကို တင်ဆောင်လာတာတွေ့ရပါတယ်။

ခွဲခြားထားတဲ့ စည်းရိုးတွေကို ကျော်ပြီးဖောက်ဝင်တဲ့ လေထီးတပ်ဖွဲ့ကို ဟားမတ်စ် တို့က “ဆာကာ လေကြောင်းတပ်ဖွဲ့ - Saqr Squadron” လို့ အမည်ပေးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂါဇာကမ်းမြောင်ထဲက နေရာအများအပြားကို ဟားမတ်စ် တိုက်ခိုက်ရေးအဖွဲ့ဝင်တွေ ဝင်တိုက်ခဲ့

လေထီးတွေနဲ့ ဆင်းလာတာကို အစ္စရေး စစ်တပ်က ဘာဖြစ်လို့ သတိမပြုမိတာလဲ

ဟားမတ်စ် မီဒီယာက ထုတ်ပြန်တဲ့ ဗီဒီယိုတွေကို ကြည့်ရင် ဂါဇာကမ်းမြောင်ကနေ ရော့ကက်တွေအများအပြား ပစ်လွှတ်နေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး လေထီး ဂလိုက်ဒါတပ်ဖွဲ့ဝင်တွေက ပျံသန်းဝင်ရောက်လာတာကို တွေ့ရပါတယ်။

တချို့က နိမ့်နိမ့်ပဲပျံကြပြီး တချို့က ကောင်းကင် အတော်မြင့်မြင့်အထိ ပျံနေကြ တာကို တွေ့ရပါတယ်။

ဂါဇာတဝိုက်ကနေ သူတို့ကို သာမန်မျက်စိနဲ့ အသေအချာမြင်နိုင်ခဲ့ကြပါတယ်။

ဘာဖြစ်လို့ ဒီလူတွေကို အစ္စရေး တပ်ဖွဲ့တွေက သတိမမူ မိတာလဲလို့ အစ္စရေး မီဒီယာတွေက မေးခွန်းထုတ်နေကြပါတယ်။

လေကြောင်းကနေ ကျော်ဖြတ်ဝင်လာတဲ့ တိုက်ခိုက်ရေးသမားတွေကို လူတွေက သူတို့ဖုန်းတွေနဲ့ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ယူလို့ရအောင် ဖြစ်နေတဲ့အနေအထားမှာ ဘာဖြစ်လို့ အစ္စရေး လေကြောင်းခုခံရေး စနစ်တွေက ဒီလေထီးတွေကို သတိမပြုနိုင် ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းကို အစ္စရေး စစ်တပ်က ဖော်ထုတ်ဖို့ လိုအပ်နေပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ၂၀၂၃ အောက်တိုဘာ ၁၀ ရက်နေ့က အက်ရှ်ခလွန် မြို့ဆီ ဦးတည်လာတဲ့ မစ်ဇိုင်း တွေကို အစ္စရေး လေကြောင်းကာကွယ်ရေး စနစ် (သံမဏိ အမိုးခုံး - Iron Dome) နဲ့ ကြားဖြတ်ဖျက်ချ

သံမဏိ အမိုးခုံး - Iron Dome

အစ္စရေးတွေဟာ စောင့်ကြည့်ရာမှာ ကင်းစခန်းတွေထက်စာရင် နည်းပညာကို သိပ်အားကိုးလွန်း နေသလား။

တချို့ အစီရင်ခံစာတွေအရ အစ္စရေး လေကြောင်းကာကွယ်‌ရေးစနစ်တွေ ဖြစ်တဲ့ သံမဏိ အမိုးခုံး စနစ်၊ ‌ရေဒါ စနစ်တို့က ပျံသန်းလာတဲ့အရာဝတ္တု အငယ်လေးတွေကို သတိမပြုနိုင်ဘူးလို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၁၀ ရက်နေ့က အစ္စရေး တောင်ပိုင်း ဆဒါရော့မှာ ဂါဇာကမ်းမြောင်က ပစ်လွှတ်လိုက်တဲ့ ရော့ကက်တွေကို အစ္စရေး သံမဏိ အမိုးခုံး မစ်ဇိုင်း ကာကွယ်ရေး စနစ်က ကြားဖြတ်တိုက်ခိုက်နေစဉ်

ဘက်ပေါင်းစုံက တိုက်ခိုက်မှု

တိုက်ခိုက်မှု ပထမနေ့မှာပဲ အယ်ကာဆမ် တပ်မဟာမှူး မိုဟာမက် အယ်ဒေ့ဖ်က ထုတ်ပြန်တဲ့ ကြေညာချက်အရ ဟားမတ်စ်တို့ဟာ သူ့ရဲ့ လျှပ်တပြက် တိုက်ခိုက်မှုကို ရော့ကက်ပေါင်း ၅,၀၀၀ ကို ပစ်လွှတ်ပြီး စတင်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဂါဇာက ပစ်လွှတ်လိုက်တဲ့ ရော့ကက်တွေထိမှန်ပြီး အစ္စရေး၊ အက်ရှ်ခလွန်မြို့က မော်တော်ယာဉ်တွေ ပျက်စီးသွား

ရော့ကက်တွေ ပစ်လွှတ်တာနဲ့ တပြိုက်နက်ထဲမှာပဲ ဟားမတ်စ် တိုက်ခိုက်ရေး အဖွဲ့ဝင်တွေဟာ ပင်လယ်ဘက်ကနေ ‌လက်နက်တွေ တပ်ဆင်ထားတဲ့ စက်လှေတွေ၊ လေကြောင်းကနေ လေထီး ဂလိုက်ဒါတွေနဲ့ ဝင်တိုက်ခိုက်ခဲ့ပါတယ်။

လေထီးနဲ့တက်လာပြီး လေကြောင်းကာကွယ်မှုစနစ်တွေကို ကျော်ဖြတ်သွားနိုင်တာက နယ်ခြားစည်းကို ကျော်နိုင်ဖို့အတွက် အဓိကကျတဲ့ အချက်လို့ မီဒီယာတွေနဲ့ စစ်ရေး အစီရင်ခံစာတွေက ညွှန်းဆိုနေပါတယ်။

စစ်ဆင်ရေးစတဲ့ ပထမနေ့မှာ အစ္စရေးက အရပ်သားတွေ နဲ့ စစ်သားတွေ အများအပြား ထိခိုက် ဆုံးရှုံးခဲ့ရပါတယ်။

ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေက အစ္စရေး အရပ်သားနဲ့ စစ်သား စုစုပေါင်း လူ ၁၀၀ ကျော်ကို ပြန်ပေးဆွဲ ဖမ်းဆီးထားပြီး သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထား ပါတယ်။

ဓာတ်ပုံ ပုံစာ, အသက်အရွယ်ကြီးတဲ့ အဖိုးအဖွားတွေ၊ ကလေးငယ်တွေလည်း ဟားမတ်စ် တိုက်ခိုက်ရေး သမားတွေ ဖမ်းဆီးထားတဲ့ အထဲမှာပါဝင်နေ