ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယွမ်စျေးတက်လို့ဆိုပြီး လောက်ကိုင်က မြန်မာလုပ်သားတွေ လစာဖြတ်တောက်၊ လျှော့ချခံရ
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်မြန်မာ နယ်စပ်ဖြစ်တဲ့ လောက်ကိုင်မြို့မှာ အလုပ်သွားရောက်လုပ်ကိုင်ကြတဲ့ မြန်မာအလုပ်သမားတွေကို အလုပ်ရှင်တွေက ယွမ်ငွေ စျေးနှုန်းမြင့်တက်နေလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ လစာလျှော့ချခံရတာ၊ အပြည့်မရတာ၊ လစာလုံးဝမပေးတာတွေ ကြုံနေကြရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အလုပ်သမားတွေက ပြောကြပါတယ်။
ယွမ်စျေးတက်လာတဲ့နောက် မြန်မာငွေနဲ့တွက်ရင် လုပ်ခလစာ ပိုတိုးရလာရမှာ ဖြစ်ပေမယ့် အလုပ်ရှင်တွေက အရင်ရနေကျ မြန်မာငွေတန်ဖိုးနဲ့ပဲ တွက်ချက်ပြီး ယွမ်ငွေကို လျှော့ချလိုက်တာ ဖြစ်ပါတယ်။
မြန်မာငွေတန်ဖိုး ထိုးကျနေချိန်မှာ ဗဟိုဘဏ်က အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂၁၀၀ ကျပ် သတ်မှတ်လိုက်ပြီးတဲ့နောက်မှာ ယွမ်စျေးလည်း တက်လာခဲ့ပြီး မြန်မာအလုပ်သမားတွေကို ခုလို လစာလျှော့ချတာတွေ ဖြစ်လာပါတယ်။
ခေါင်းပုံဖြတ်ခံရတာ ပုံမှန်အခြေအနေလို ဖြစ်နေ
လောက်ကိုင်မြို့ဟာ တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်ပြီး လောင်းကစားရုံ၊ ပျော်ပွဲရုံ၊ ဂိမ်းဆိုင်၊ ကေတီဗီ၊ ဟိုတယ် စတဲ့နေရာတွေမှာ မြန်မာအလုပ်သမားတွေကို အဓိက ခေါ်ယူတတ်ပြီး အိမ်ဆေးသုတ်တာ၊ ကြံခုတ်တာ စတဲ့ အလုပ်ကြမ်းတွေ လုပ်ကိုင်ဖို့လည်း မြန်မာလုပ်သားတွေကို ခေါ်ယူလေ့ရှိပါတယ်။
လောင်းကစားရုံတစ်ခုမှာ လုံခြုံရေး ၈ လအကြာသွားရောက်လုပ်ကိုင်ခဲ့ပြီး လစာလျှော့ချခံရတဲ့အပြင် နောက်ဆုံးလစာပါ မပေးတော့လို့ နေရပ်ပြန်လာသူ အသက်၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးက သူ့တွေ့ကြုံခဲ့ရတာကို အခုလို ပြောပါတယ်။
လစာ ယွမ် ၂၅၀၀ ပေးမယ်ဆိုပြီး ၇ လလုံး ယွမ် ၂၀၀၀ သာ သူတို့ကို ပေးခဲ့ကြောင်းနဲ့ ကုမ္ပဏီသစ်ပြန်ဆောက်ချင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ တစ်အုပ်စုလုံးကို အဲဒီလို ဖြတ်တောက်ခဲ့ကြောင်း သူက ပြောပါတယ်။
အဲဒီလို ဖြတ်တောက်တာတွေက ဖြစ်နေကျဖြစ်ပြီး အခုလမှာတော့ လစာ လုံးဝမပေးတဲ့အတွက် တစ်ဖွဲ့လုံး ပြန်ခဲ့ကြတာလို့ သူက ဆက်ပြောပါတယ်။
အဲဒီလို လောက်ကိုင်ကနေ နေရပ်သိန္ဒီမြို့ကို ပြန်လာတဲ့ကားခ တစ်ယောက်ကို ကျပ် ငါးသောင်း ပေးရပြီး အဲဒီ ကားခကို အိမ်က ပြန်ယူပြီး ပေးရတယ်လို့ ဆိုပါတယ်။
လောက်ကိုင်မှာ တရုတ်နိုင်ငံသားတွေ လာရောက် လုပ်ငန်းထူထောင် လုပ်ကိုင်နေကြတာ အများအပြားရှိပြီး သူ့ရဲ့ အလုပ်ရှင်တွေက တရုတ်နိုင်ငံသားတွေချည်းဖြစ်တယ်လို့ သိရပါတယ်။
လောက်ကိုင်မြို့မှာ အကဖျော်ဖြေရေးသွားရောက်လုပ်ကိုင်နေသူတစ်ဦးကလည်း လစာလျှော့ချတာ၊ မပေးတာတွေက ပုံမှန်အဖြစ်အပျက်လို ဖြစ်နေပြီး လူကုန်အကူးမခံရဖို့ အဓိက သတိထားနေရတယ်လို့ သူ့အတွေ့အကြုံကို ပြောပါတယ်။
လစာလုံးဝမရလို့ အိမ်ပြန်ကြသူတွေ
အခု အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရတာတွေနဲ့ ပတ်သက်ပြီး အလုပ်သမားအခွင့်အရေးတွေ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက အလုပ်သမားတွေအနေနဲ့ ဘယ်နိုင်ငံမှာပဲ သွားရောက်လုပ်ကိုင်သည်ဖြစ်ပါစေ တရားဝင် စာချုပ်ချုပ်ဆိုပြီး လုပ်ကိုင်တာက အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုက ကင်းဝေးနိုင်မယ်လို့ အကြံပြုပါတယ်။
လက်ရှိမှာတော့ လောက်ကိုင်မြို့မှာ လစာလျှော့ချခံရပြီး နေရပ်ပြန်ရောက်လာကြသူတွေဟာ နေရပ်ဖြစ်တဲ့ လားရှိုး၊ သိန္နီ စတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နေရာတွေကို ပြန်ကြဖို့ ပြန်လာစရာ လမ်းစရိတ်တောင်မရှိတဲ့အတွက် နေအိမ်ရောက်မှ ကားခ ရှင်းရတဲ့ အဖြစ်တွေလည်း ရှိနေပါတယ်။
လစာမရတာနဲ့ လစာအလျှော့ချခံရတဲ့သူတွေဟာလည်း အခုရက်ပိုင်းအတွင်းမှာပဲ အများအပြား ရှိနေပြီး နေရပ်ကို ပြန်လာသူတွေကလည်း ဆယ်ဂဏန်း ရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။
ဒါ့အပြင် ဒီလို ငွေစျေးတွေ ထိုးမကျခင်အချိန်ကလည်း အဲဒီဒေသတစ်ဝိုက်မှာ အလုပ်အကိုင် လုပ်ကိုင်ဖို့ အတွက် လစာ ငွေကျပ် သိန်း ဆယ်ဂဏန်းကျော်ပေးချေမယ်၊ လစာ အများအပြားပေးမယ်ဆိုပြီး မက်လုံးပေး ခေါ်ယူတာတွေ၊ သိကျွမ်းသူတွေကတစ်ဆင့် စည်းရုံးခေါ်ဆောင်တာတွေ ရှိခဲ့ပါတယ်။
တကယ်တမ်း အလုပ်လုပ်ကိုင်ရချိန်မှာတော့ လစာ ခေါင်းပုံဖြတ်ခံရတာ၊ တရားမဝင် အွန်လိုင်းဂိမ်းလုပ်ငန်းတွေမှာ လုပ်ကိုင်ရတာနဲ့ လုပ်ငန်းခွင်ကနေ အပြင်ကို လွတ်လွတ်လပ်လပ် သွားခွင့်မရဘဲ ပိတ်လှောင် ခံထားရတာတွေနဲ့ လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေအထိပါရှိလာလို့ အသက်အန္တရယ်ကို စွန့်စားပြီး ထွက်ပြေးခဲ့ရသူတွေလည်း ရှိခဲ့ပါတယ်။