ဘရာဇီး ဘောလုံး ဂန္ထဝင် ပီလီ အသက် ၈၂ နှစ်မှာ ကွယ်လွန်
ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမားကြီးတစ်ဦးလို့ တင်စားခေါ်ကြတဲ့ ဘရာဇီး ဘောလုံးကစားသမားကြီး ပီလီ အသက် ၈၂ နှစ် အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
သူဟာ ဘောလုံးကစားသက်တမ်း ၂၁ နှစ်အတွင်း ပွဲပေါင်း ၁၃၆၃ ပွဲ ကစားခဲ့ပြီး ဂိုးပေါင်း ၁၂၈၁ ဂိုးသွင်းယူထားခဲ့သူပါ။ အဲဒီဂိုးတွေထဲမှာ နိုင်ငံအသင်းအတွက် ၉၂ ပွဲ ကစားခဲ့ပြီး သွင်းဂိုး ၇၇ အထိ ရှိခဲ့ပါတယ်။
ကမ္ဘာ့ဖလားကို သုံးကြိမ် အနိုင်ရခဲ့ဖူးတဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ပြီး ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀ ခုနှစ်တွေမှာ ဘရာဇီး ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့တဲ့နှစ်တွေမှာ ပါဝင်ကစားခဲ့တာပါ။
၂၀၀၀ ပြည့်နှစ်မှာတော့ ဖီဖာက ရာစုနှစ်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ဂုဏ်ပြုချီးမြှောက်ခဲ့ပါတယ်။
ပီလီဟာ ကျောက်ကပ်နဲ့ ဆီးကျိတ်ရောဂါ တို့ကို အခု နှစ်ပိုင်းတွေမှာ ခံစားနေခဲ့ရတာပါ။
သူဟာ ဆေးရုံကို ၂၀၂၂ နိုဝင်ဘာ အကုန်ပိုင်းကတည်းက တက်နေခဲ့ပြီး ကြာသပတေးနေ့မှာတော့ သူ ကွယ်လွန်သွားကြောင်း သူ့ရဲ့သမီး ကီလီ နာဆီမန်တိုက ဆိုရှယ်မီဒီယာကနေ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။
ပီလီ သူ့ရဲ့ ရောဂါအခံတွေရယ်၊ အူမကြီးကင်ဆာတို့ကြောင့် ကွယ်လွန်သွားပြီလို့ ဆေးရုံကလည်း အတည်ပြုပါတယ်။
Edson Arantes do Nascimento ဆိုတဲ့ နာမည်ထက် ပီလီလို့ အများသိကြတဲ့ သူဟာ အသက် ၁၇ နှစ်မှာတင် ကမ္ဘာ့ ဘောလုံး အကျော်အမော် ဖြစ်ခဲ့ပါတယ်။ သူဟာ ၁၉၅၈ ဆွီဒင်မှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲမှာ ဘရားဇီးအသင်း ချန်ပီယံဖြစ်အောင် စွမ်းဆောင်ခဲ့ပါတယ်။
ကလပ်အသင်းပွဲတွေမှာ ပထမဆုံး ပွဲထွက်ခဲ့တာကတော့ သူအသက် ၁၅ နှစ် အရွယ်မှာ ဖြစ်ပြီး ဆန်းတို့စ်အသင်းနဲ့ ပွဲထွက်ကစားခဲ့သူဖြစ်ပါတယ်။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။