ဝိဂါ မွတ်ဆလင် တသန်းလောက်ကို တရုတ်အစိုးရ ထိန်းသိမ်းထားတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိန်းသိမ်းခံထားရသူ ဆွေမျိုးတွေရဲ့ မှတ်ပုံတင် ကဒ်ပြားတွေကို ဝှေ့ယမ်းရင်း ဆန္ဒပြနေကြသူ ဝိဂါတွေကို ၂၀၀၉ခုနှစ်က တွေ့ရစဉ်

တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ဂျန်းပြည်နယ်မှာ လူနည်းစု ဝိဂါ လူမျိုး တသန်းကျော်လောက်ကို အစွန်းရောက်ဝါဒီ တိုက်ဖျက်ရေး စခန်းတွေမှာ တရုတ်အစိုးရက ထိန်းသိမ်း ထားတယ် ဆိုတဲ့ သတင်းတွေ ရထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီတခုက ပြောပါတယ်။

နောက်ထပ် လူ၂သန်းကျော်လောက်ဟာလည်း နိုင်ငံရေး ပညာပေး စခန်းတွေ ရောက်ခဲ့ကြဘွယ် ရှိတယ်လို့ ဆိုပါတယ်။

ဘာသာရေး အစွန်းရောက်မှုကို ထိန်းချုပ်ဖို့ ဆိုပြီး မွတ်ဆလင် ဝိဂါ အတော်များများကို တရုတ်အစိုးရက ထိန်းသိမ်းထားတယ် ဆိုတဲ့ သတင်းတွေ ထွက်နေတာ လအတော်ကြာနေပြီ ဖြစ်ပါတယ်။

လူအများအပြား ထိန်းသိမ်းခံထားရတယ် ဆိုတဲ့ အထောက်အထား စာရွက်စာတမ်းတွေကို Amnesty International နဲ့ Human Rights Watch အပါအဝင် လူ့အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့တွေက ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီထံ တင်ပို့ခဲ့ရာမှာ ဂျီနီဗာမြို့မှာ ၂ရက်ကြာ ကျင်းပနေတဲ့ တရုတ်နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အစည်းအဝေးမှာ အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေး ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီ အဖွဲ့ဝင် Gay McDougall က ဒီအကြောင်း ထုတ်ဖော် တင်ပြလိုက်တာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝိဂါ လူမျိုးတွေဟာ ရှင်ဂျန်းပြည်နယ်မှာ အများဆုံး အခြေစိုက် နေထိုင်တဲ့ မွတ်ဆလင် လူနည်းစုတွေ ဖြစ်

အဲဒီစခန်းတွေမှာ အထိန်းသိမ်းခံနေရသူတွေဟာ တရုတ် သမ္မတ ရှီ ကျင်ပင်းကို သစ္စာ စောင့်သိပါ့မယ်လို့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ရတယ်လို့ ဆိုပါတယ်။

သူတို့ကို ဘာစွဲချက်မှ မရှိပဲ ထိန်းသိမ်းခဲ့ပြီး ကွန်မြူနစ်ပါတီ ကြွေးကြော်သံတွေ ဟစ်ကြွေးခိုင်းခဲ့တယ်။

အစားအစာလည်း ဝဝလင်လင် မကျွေးဘဲ နှိပ်စက်ညှင်းပန်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တယ် လို့ သတင်းတွေက ဆိုပါတယ်။

ဒီစွပ်စွဲချက်တွေကို တရုတ်တို့ဘက်က အခုချက်ချင်း တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

အဖွဲ့ဝင် ၅၀ပါတဲ့ တရုတ် ကိုယ်စားလှယ် အဖွဲ့က တနင်္လာနေ့မှာ ဆက်ကျင်းပမယ့် အစည်းအဝေးမှာ မေးလာတဲ့ မေးခွန်းတွေကို ပြန်ဖြေကြားမယ်လို့ ပြောပါတယ်။

အရင်တုန်းကတော့ ဒီလို စခန်းတွေ ရှိတယ် ဆိုတာနဲ့ ပတ်သက်လို့ တရုတ်အစိုးရက ငြင်းဆိုခဲ့ပါတယ်။