မြန်မာကမြို့တချို့ ကမ္ဘာ့အပူဆုံးစာရင်းဝင်နေချိန် တစ်နိုင်ငံလုံးမီးပြတ်နေ
ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံက မင်းဘူးမြို့အပါအဝင်မြို့တချို့ဟာ ကမ္ဘာ့အပူဆုံးမြို့စာရင်းထဲ ပါဝင်နေချိန်မှာပဲ ပြီးခဲ့တဲ့နာရီပိုင်းအတွင်းကပဲ စနစ်ချို့ယွင်းလို့ဆိုပြီး မြန်မာမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown ဖြစ်ပြီး မီးပျက်တောက်နေပါတယ်။
ဧပြီ ၁ ရက်၊ မွန်းလွဲပိုင်းမှာ မြန်မာက မင်းဘူးမြို့ဟာ အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်နဲ့ ကမ္ဘာအပူဆုံးမြို့ ဖြစ်ခဲ့ပြီး မကွေး၊ ချောက်နဲ့ တောင်ငူမြို့၊ ပြည်မြို့၊ ဟင်္သာတ၊ ဘားအံနဲ့ မိတ္ထီလာမြို့တို့ဟာ အပူဆုံး ၁၅ မြို့ထဲပါခဲ့တာပါ။
လူနေထူထပ်ပြီး တိုက်ခန်းကျဥ်းတွေမှာ နေထိုင်တဲ့လူဦးရေများတဲ့ ရန်ကုန်မြို့ကို ၄ နာရီမီးပေး၊ ၄ နာရီမီးဖျက်တဲ့ပုံစံနဲ့ မီးပေးနေရာကနေ ဒီနေ့မွန်းလွဲပိုင်းမှာတော့ System Breakdownဖြစ်နေတဲ့အတွက် မီးပေးရမယ့် မြို့နယ်တွေမှာပါ မီးပျက်နေပါတယ်။
ပြီးခဲ့တဲ့နှစ် နွေရာသီမှာ လျှပ်စစ်မီးပျက်တောက်ချိန် မီးစက်နှိုးအိပ်ရာကနေ အသက်ဆုံးရှုံးရသူတွေလည်းရှိခဲ့တာပါ။
“အဓိက နွေကာလမှာ ညဘက်တွေ ပြတ်တဲ့ပြဿနာပဲ။ ည ၉ ကနေ ၁ အထိပြတ်ရင် တိုက်ခန်းတွေမှာ ပူတာပေါ့။ အဲဒီ အခြေအနေက ဆိုးတယ်။ အိပ်ရေး ပျက်တယ်။ ကလေးငယ်တွေ လူကြီးတွေ အတွက်တော့ ဆိုးတာပေါ့” လို့ ရန်ကုန်မြို့နေသူတစ်ဦးက ပြောပါတယ်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ကတော့ မင်းလှ-မြောင်းတကာလိုင်း အပြစ်ဖြစ်လို့ ဓာတ်အားစနစ်ပြတ်တောက်နေပြီး ဓာတ်အားပြန်လည်ရရှိရေး ကြိုးပမ်းနေတယ်လို့ လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ပါတယ်။
“ရန်ကုန်တိုင်း၊ အလုံစက်ရုံရှိ Gas Turbine (၁) လုံး သီးခြားမောင်းနှင်ပြီး ဆေးရုံကြီးတွေ ဓာတ်အားရရှိရေး ဦးစားပေး ဆောင်ရွက်နေတယ်” လို့ YESC က ထုတ်ပြန်ထားတာပါ။