စစ်တပ်နဲ့ဝိုင်းဖမ်းခံရတဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းကွယ်လွန်
ဓာတ်ပုံ ရင်းမြစ်, Archive
ဧပြီလ ၁၆ ရက်က အသက် ၉၉ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ သခင်ချန်ထွန်းဟာ တို့ဗမာအစည်းအရုံး၀င် သခင်တွေထဲက နောက်ဆုံးကျန်ရစ်တဲ့ သခင်တဦး ဖြစ်ပြီး ၁၉၃၈-၃၉ ကာလများအတွင်း ကျောင်းသားသပိတ် လှုပ်ရှားမှုတွေမှာ နာမည်ရလာသူပါ။
သူ့ကို ကျောက်ပန်းတောင်းမြို့နယ် မဲထီးရွာမှာ ၁၉၂၁ က မွေးပါတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံကာလမှာ မန္တလေး အမျိုးသားကျောင်းက ပါ၀င်လှုပ်ရှားခဲ့လို့ ထောင်တနှစ်ကျခဲ့ပါတယ်။ ၁၉၃၉ ဖေဖော်ဝါရီလ ၈ ရက်မှာ မန္တလေး ကျောင်းသားသပိတ်ဌာနချုပ်ဖြစ်တဲ့ ဗဟိုအမျိုးသားကျောင်းကို စစ်တပ်နဲ့ဝိုင်းပြီး ကိုချန်ထွန်းတို့ ကျောင်းသားသုံးယောက်ကို ဖမ်းတာ ဖြစ်ပါတယ်။ သူတို့နဲ့ တရက်တည်း ရဟန်းပျို ခေါင်းဆောင်နှစ်ပါးကို ဖမ်းရာမှာတော့ သိမ်ထဲကို ပုလိပ်က ဖိနပ်စီးပြီး ၀င်ဖမ်းတဲ့အတွက် မြို့လုံးကျွတ် အစည်းအဝေးကနေ ကန့်ကွက်ပြီး လူနှစ်သိန်းကျော် စီတန်းလမ်းလျှောက်ရာမှာ ဖြိုခွဲခံရပြီး အာဇာနည် ၁၇ ဦးကျဆုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ထောင်ကလွတ်ပြီးနောက် ကိုချန်ထွန်းဟာ မန္တလေး ဥပစာကောလိပ်မှာလည်း ပညာသင်ခဲ့ပြီး ကျောင်းမဂ္ဂဇင်းမှာ မြန်မာစာ စာတည်းလုပ်ခဲ့ပါတယ်။
နိုင်ငံရေးနယ်ထဲ၀င်
၁၉၄၁ မှာ မန္တလေး ကျောင်းသား သမဂ္ဂ အတွင်းရေးမှူး ဖြစ်ခဲ့ပြီး ၁၉၄၁ နိုဝင်ဘာမှာ မြေအောက်တော်လှန်ရေးအဖွဲ့မှာ ပါဝင်ခဲ့ကာ တို့ဗမာအစည်းအရုံးဝင် သခင်ချန်ထွန်းအဖြစ် လည်း ထင်ရှားလာပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Archive
စစ်အတွင်း ဘီအိုင်အေမှာ ဗိုလ်လင်းယုန်တပ်ကို၀င်ပြီး ဗိုလ်သင်တန်း တက်ခဲ့ပေမယ့် ၀မ်းလျှောပြီး ထွက်ခဲ့ရပါတယ်။နောက် အမရပူရမှာ ၀န်ထမ်းအုပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ဖက်ဆစ်တော်လှန်ရေးမှာ ပါ၀င်ခဲ့ပါတယ်။
စစ်ပြီး ဖဆပလနဲ့ ဆိုရှယ်လစ်ပါတီမှာ မန္တလေးက ပါ၀င်ပြီး ၁၉၅၁၊ ၁၉၅၆ နဲ့ ၁၉၆၀ မှာ တံတားဦးကနေ လွှတ်တော်အမတ် ဖြစ်ခဲ့ပါတယ်။ ၁၉၅၀ မှာ စိုက်ပျိုးရေးနဲ့ သစ်တော၀န်ကြီးရဲ့ ကိုယ်ရေးအတွင်းရေးမှူးဖြစ်ပြီး ၁၉၅၄ မှာ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး၀န်ကြီးဌာန ပါလီမန်အတွင်းဝန်ဖြစ်ကာ နောက်ပိုင်းမှာ စိုက်ပျိုးရေးနဲ့ သစ်တောကို တာ၀န်ယူခဲ့ပါတယ်။
၁၉၅၈ ဖဆပလနှစ်ခြမ်းကွဲချိန်မှာ နုတင်ဘက်ခြမ်းကို လိုက်ပြီး ၁၉၅၉-၆၀ အတွင်း တောင်သူလယ်သမားအစည်းအရုံး ဒုဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။ ၁၉၅၉ က ၁၉၆၂ အတွင်း မန္တလေးတက္ကသိုလ်ကောင်စီ၀င်လည်း ဖြစ်ခဲ့ပါတယ်။ ၁၉၆၀ ကနေ ၁၉၆၂ အတွင်း အာဏာရ ပထစပါတီအကွဲမှာတော့ သခင်အုပ်စုမှာ ပါပါတယ်။
အထူးအရာရှိ
၁၉၆၂ အာဏာသိမ်းပြီးနောက် ၁၉၆၃ ကနေ ၁၉၆၉ အထိ အထူးအရာရှိ အဖြစ် ပြည်သူ့အိုးအိမ်အဖွဲ့ ၊ ပပက (၁၄) စတာတွေမှာ တာ၀န်ခဲ့ယူခဲ့သလို ၁၉၆၅ မှာ ပြည်သူပိုင်သိမ်းခဲ့တဲ့ ဘော်တွင်းမိုင်းမှာလည်း အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။
၁၉၆၉ ကနေ ၁၉၇၆ အထိ ကနေဒါနဲ့ တရုတ်ပြည်ဆိုင်ရာ မြန်မာသံအမတ် ဖြစ်ခဲ့ပါတယ်။
၁၉၈၈ နောက်ပိုင်း ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့မှာ ပါ၀င်ခဲ့ပြီး စစ်အစိုးရနဲ့ အတိုက်အခံတွေကြား အမျိုးသားပြန်လည်စည်းလုံးရေးအတွက် တောင်းဆိုခဲ့ပါတယ်။
သခင်ချန်ထွန်းဟာ တော်လှန်ရေးကောင်စီဝင်ဟောင်း ဗိုလ်မှူးကြီးချစ်မြိုင်နဲ့ ခမည်းခမက် တော်စပ်ပါတယ်။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။