ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်သစ် မြန်မာနိုင်ငံရောက်
မစ္စ ခရစ္စတင်း ရှရနာ ဘာဂနာ (Christine Schraner Burgener) ဟာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရ အပြီး ပထမဆုံးအကြိမ် အဖြစ် မြန်မာပြည်ကို ဇွန်လ ၁၂ ရက်နေ့က ရောက်ရှိလာပါတယ်။
နေပြည်တော်မှာ အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံမယ့်အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်တဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့လည်း သီးခြား တွေ့ဆုံမယ်လို့ ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးရုံးရဲ့ တာဝန်ရှိသူတဦး ဖြစ်တဲ့ မစ္စတာ စတန်နီဆလပ်ဗ် ဆေလင် (Stanislav Saling )က ဘီဘီစီကို ပြောပါတယ်။
ရခိုင်အရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ အထောက်အကူ ပြုစေဖို့ ရည်ရွယ်ချက်နဲ့ မစ္စ ဘာဂနာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က ဒီရာထူး ခန့်အပ်ခဲ့တာ ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးဟောက်ဒိုဆွမ်း က ဘီဘီစီကို ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ လက်ထက်တုန်းက မြန်မာ အစိုးရနဲ့ အဆင်မပြေတာတွေ ရှိခဲ့ပါတယ်။
မစ္စယန်ဟီးလီ ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်က ခန့်ထားတဲ့ အထူး အစီရင်ခံစာ တင်သွင်းသူ အဆင့်သာ ရှိပြီး အခု မစ္စ ဘာဂနာ ကတော့ ကုသလမဂ္ဂ အတွင်းရေးမှူးချုပ်က ခန့်ထားတဲ့ အထူး ကိုယ်စားလှယ်မို့ သူ့လုပ်ပိုင်ခွင့်က ပိုပြီး ကျယ်ပြန့်ကြောင်း ၊ လူ့အခွင့်အရေး ကိစ္စ တခုထဲ မဟုတ်ဘဲ မြန်မာနိုင်ငံ ဆိုင်ရာ ကိစ္စအဝဝ အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ခန့်ထားသူ ဖြစ်တာကြောင့် အတွင်းရေးမှူးချုပ်နဲ့ မြန်မာ အစိုးရအကြား ဆက်သွယ် ဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ သံအမတ်ကြီးက ထောက်ပြခဲ့ပါတယ်။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။