TNLA ဆီသွားတဲ့ သတင်းထောက်တွေ အမှုဖွင့်
ဓာတ်ပုံ ရင်းမြစ်, Lawi Weng Facebook
TNLA နယ်မြေက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး သတင်းသွား ယူလို့ ဖမ်းဆီး ခံထားရတဲ့ ဧရာဝတီနဲ့ ဒီဗွီဘီ သတင်းဌာနက သတင်းထောက် တွေကို ပုဒ်မ ၁၇/၁ နဲ့ တပ်မတော်က အမှုဖွင့် အရေးယူ လိုက်ပါတယ်။
ဒီဗွီဘီ သတင်း ဌာနက သတင်းထောက် ဦးအေးနိုင်နဲ့ ကိုဘုန်းပြည့်အောင် ၊ ဧရာဝတီ သတင်းဌာနက သတင်းထောက် ဦးသိန်းဇော် တို့ကို သီပေါ ရဲစခန်းမှာ မတရား အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ အမှု ဖွင့်ထားကြောင်း သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။
သတင်းထောက်တွေ အပါဝင် လူ ၇ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် တပ်မတော်က ဇွန်လ ၂၆ ရက်နေ့က သတင်း ထုတ်ပြန်ရာမှာ လားရှိုး ရဲစခန်းကို လွှဲပြောင်း ပေးခဲ့ တယ်လို့ ဖော်ပြထားခဲ့ပါတယ်။
ဖမ်းဆီးခဲ့ပြီး ၂ ရက်အကြာမှာ သီပေါ ရဲစခန်းကို လွှဲပြောင်း ပေးခဲ့ ကာ တပ်မတော် အရာရှိ တဦး ကနေ အမှုဖွင့် လိုက်တာ ဖြစ်ပါတယ်။
NLD အမျိုးသားဒီမိုကရေဒီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန် က အခုလို လက်နက်ကိုင် နယ်မြေ တွေကို သွားတာဟာ ဥပဒေ ချိုးဖောက်မှု ဖြစ်တယ် ဆိုတာ မှန်တယ်လို့ Central News Bureau သတင်း ဌာန ကို ပြောပါတယ်။
ဒါပေမယ့် တပ်မတော်က အခုလို အရေးယူတာက မှားယွင်းပြီး၊ အစိုးရ အနေနဲ့သာ အရေးယူ သင့်တယ်လို့လည်း ပြောပါ တယ်။
ပြည်တွင်း နိုင်ငံနဲ့ နိုင်ငံ တကာ မီဒီယာ အဖွဲ့ အစည်းတွေ အပါ အဝင် မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံး ကလည်း သတင်းထောက်တွေ ဖမ်းဆီး ခံရမှု အပေါ် စိုးရိမ်ကြောင်း သတင်း ထုတ်ပြန်ထား ပါတယ်။
ဖမ်းဆီးခံရသူတွေရဲ့ သတင်းဌာနတွေ အနေနဲ့ သတင်းထောက်တွေကို လွှတ်ပေးဖို့ အတွက် မီဒီယာ ကောင်စီ အပါဝင် အစိုးရ တာဝန် ရှိသူတွေဆီလည်း မေတ္တာရပ်ခံစာ ပေးပို့ထားပါတယ်။
သမ္မတ ဦးသိန်းစိန်လက်ထက် ပြည်တွင်းငြိမ်းချမ်းရေး အတွက် ဖိတ်ခေါ်ရာမှာ မီဒီယာတွေနဲ့ သတင်းရယူ ထုတ်ပြန်ခွင့် ဆိုတာ ပါဝင် ခဲ့ပြီး တိုင်းရင်းသား နယ်မြေတွေမှာ သတင်း မီဒီယာတွေ သတင်းသွားရောက် ရယူခဲ့ ရာမှ ပြဿနာ တစုံ တရာ မရှိခဲ့ပေ မယ့် အခုမှာ ပြဿနာတွေ ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။
ဒီဗီဘီနဲ့ ဧရာဝတီ သတင်းဌာနတွေ အနေနဲ့ တော့ ဥပဒေကြောင်း အရ အမှုကို ရင်ဆိုင်သွားဖို့ အတွက် ပြင်ဆင် နေတယ်လို့ သိရပါတယ်။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။