တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးပါတဲ့ ညီလာခံကျင်းပဖို့ UNFCဆွေးနွေး
ဓာတ်ပုံ ရင်းမြစ်, GAM MARYIP FACEBOOK
လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဧပြီလ ၄ ရက်နေ့ကနေ ၂ရက်ကြာ ကျင်းပခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFCရဲ့ အထူးအစည်းအဝေး ပြီးဆုံးသွားပါပြီ။
ဒီအစည်းအဝေးဟာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ အဓိက တွေ့ဆုံ ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒီအစည်းအဝေးနဲ့ ပတ်သက်လို့ သတင်း တစုံတရာ မထုတ်ပြန်ခဲ့ပေမယ့် ပန်ဆန်းညီလာခံကို UNFC အဖွဲ့ဝင်တချို့ သွားတက်ခဲ့ကြတဲ့ ကိစ္စ၊ UNFC အဖွဲ့ဝင် ၅ဖွဲ့ NCA လက်မှတ်ထိုးမယ် ဆိုတဲ့ သတင်း၊ တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံး ပြန်လည် တွေ့ဆုံနိုင်တဲ့ လော်ခီးလာလို၊ မိုင်ဂျာယန်လို ညီလာခံမျိုးကို အခုရက်ပိုင်းအတွင်း ပြန်ကျင်းပနိုင်ရေးတွေကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ အစည်းအဝေးကို အနီးကပ် စောင့်ကြည့်နေတဲ့ သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် စိုင်းမိန်းက ဘီဘီစီကို ပြောပါတယ်။
UNFC အဖွဲ့ဝင်တွေ NCA လက်မှတ်ထိုးရေးက အများကြီး ဆွေးနွေး ရအုံးမှာ ဖြစ်ပြီး တောင်းဆိုထားတဲ့ အချက် ၉ချက်ထဲမှာ အချက် ၁ကနေ ၇ အထိ အချက်တွေကို အစိုးရဘက်က ပြတ်ပြတ်သားသား လက်ခံတာမျိုး မရှိသေးဘူးလို့ သူက ပြောပါတယ်။
UNFC အဖွဲ့အနေနဲ့ သူတို့ ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာတဲ့အတွက် ဝတပ်ဖွဲ့ဘက်က သွားတဲ့ လမ်းကြောင်းက ပိုဖြစ်လာနိုင်မလားဆိုတာကို တဖက်တလမ်းက စဉ်းစားနေပြီး အခု ဒီအစည်းအဝေး အပြီးမှာ ဝတပ်ဖွဲ့ဘက်နဲ့ အမြန်ဆုံး သွားတွေ့ဖို့ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။