မြန်မာပြည်က နိုင်ငံခြား သတင်းထောက် အလုပ်ဖြုတ်ခံရ
ဓာတ်ပုံ ရင်းမြစ်, MOI
အစိုးရစစ်တပ်က ရိုဟင်ဂျာ အမျိုးသမီးတွေ ကို အဓမ္မပြုကျင့်တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်တဲ့ သတင်းကို ရေးသားခဲ့တာကြောင့် နိုင်ငံခြား သတင်းထောက်တဦး အလုပ်ကနေ အဖြုတ်ခံခဲ့ရပြီး ဒီအတွက် မြန်မာနိုင်ငံရဲ့ သတင်း မီဒီယာ လွတ်လပ်ခွင့်တွေ အပေါ် စိုးရိမ်မှုတွေ တိုးလာနေပါတယ်။
အင်္ဂလိပ်လို ထုတ်ဝေတဲ့ မြန်မာတိုင်းမ် သတင်းစာ က သတင်းထောက် Fiona MacGregor ဖီရိုနာ မက်ဂ်ဂရက်ဂါ ဟာ သတင်းစာတိုက်ရဲ့ ဂုဏ်သိက္ခာနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို ထိခိုက်စေတဲ့ အတွက် သူ့ကို သူ့ရဲ့သတင်းစာတိုက်က ချက်ချင်းဆိုသလို အလုပ်ဖြုတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရစစ်တပ်တွေ စစ်ဆင်ရေး လုပ်ဆောင်စဉ် ကျေးရွာတခုမှာ စစ်သားတွေရဲ့ အဓမ္မပြုကျင့်တာကို ခံခဲ့ရတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေ ရှိခဲ့တဲ့ အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း လူ့အခွင့်အရေးအဖွဲ့တခု က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာ အစိုးရ ကတော့ ဒီသတင်းတွေကို မမှန်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။
အခုမြန်မာတိုင်းမ် သတင်းထောက် အလုပ်ဖြုတ်ခံရတာနဲ့ပတ်သက်ပြီး ထိုင်းအခြေစိုက် နိုင်ငံခြားသတင်းထောက်များ အသင်း FCCT က သူတို့အနေနဲ့ စိတ်ပျက်မိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီး သတင်းထောက်ကို အလုပ်ထုတ်ပစ်တဲ့ကိစ္စကို သက်ဆိုင်ရာ သတင်းစာ တိုက်အနေနဲ့ ပြန်စဉ်းစားဖို့ တိုက်တွန်းထားပါတယ်။
အခုလို သတင်းထောက် Fiona MacGregor ဖီရိုနာ မက်ဂ်ဂရက်ဂါ အလုပ်ဖြုတ်ခံရတဲ့ ကိစ္စဟာ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန က သတင်းစာတိုက်အပေါ် ဖိအားပေးတာတွေနဲ့ ဆက်စပ်တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ထိပ်တန်း သတင်းများ
ဆောင်းပါး
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။