ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇန်နဝါရီ ၄ ရက် ထိပ်တန်းသတင်းများ - ခင်ဦးမှာ အရပ်သား ၃၀ နီးပါး ဖမ်းဆီးခံထားရ
စစ်ကိုင်းတိုင်း ခင်ဦးမြို့ရဲ့အနောက်ဘက်ခြမ်းနဲ့ ရေဦးမြို့တောင်ဘက်ခြမ်းကြားထဲက ရွာတွေကို စစ်ကောင်စီတပ်တွေက ဇန်နဝါရီ ၂ ရက်က စတင်စစ်ကြောင်းထိုးပြီးနောက် မနေ့ ဒီဇင်ဘာ ၃ ရက်မှာ အရပ်သား ၃၀ နီးပါးကို ဖမ်းဆီးသွားတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
“လူ သုံးလေးဆယ်လောက် ပါသွားတယ်။ မနေ့ညနေပိုင်းလောက်က ဖမ်းသွားတာ” လို့ သူကပြောပါတယ်။
ရေဦး-ခင်ဦး ကားလမ်းဘေးမှာရှိတဲ့ အင်တိုင်း(မြောက်)ရွာနဲ့ မြင်းဒေါင်းကျေးရွာက ဒေသခံအများစု ဖမ်းဆီးခံရတာဖြစ်ပြီး အဖမ်းခံရတဲ့အထဲမှာ သက်ကြီးရွယ်အိုတွေ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် တောင်ယာလုပ်ကိုင်နေတဲ့သူတွေပါ ပါဝင်တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ပါတယ်။
စစ်တပ် စစ်ကြောင်းထိုးတဲ့ ဇန်နဝါရီ ၂ ရက်ကစပြီး ရေဦးနဲ့ ခင်ဦးမြို့အနီးနား ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံ ၈ ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။
အအေးလွန်ကဲလာတဲ့အချိန်မှာ ထွက်ပြေးတိမ်းရှောင်နေကြရတာကြောင့် စစ်ဘေးရှောင်တွေမှာ အနွေးထည်၊စောင်နဲ့ စား၀တ်နေရေးတွေခက်ခဲနေကြတယ်လို့ စစ်ရှောင်ကူညီသူအချို့ကပြောပါတယ်။၊
စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့ အမေရိကန်ပြော
စစ်အာဏာသိမ်းခံထားရတဲ့မြန်မာက လူထုနဲ့အတူဆက်ပြီးရပ်တည်ထောက်ခံသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဇန်နဝါရီ ၄ ရက်မှာကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ ၇၆ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမေရိကန်ရဲ့ ထုတ်ပြန်ချက်မှာပြောကြားပါတယ်။
ဒါအပြင် စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ကိုလည်းထည့်ပြောထားပြီး မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့သူတွေကို လွှတ်ပေးဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအတွက် နိုင်ငံထဲကို အဟန့်အတားမရှိ ဝင်ရောက်ခွင့်ပေးဖို့ တွေကိုလည်း တိုက်တွန်းပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာလူထုအပေါ်မှာ အစဥ်တစိုက် ထောက်ခံအားပေးခဲ့သလို လူထုရဲ့ အနာဂတ်ကိုယ်တိုင်ပုံဖော်နိုင်ခွင့်ကိုလည်း ပံ့ပိုးနေတယ်လို့ ထည့်ပြောထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက နိုင်ငံတွင်းမှာ စစ်ဆင်ရေးသဖွယ် အကြမ်းဖက်ကျူးလွန်နေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်ဟာ တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု ပန်းတိုင်တွေအတွက် လူထုရဲ့ ခိုင်မာတဲ့ သံန္နိဋ္ဌာန်ကို မှေးမှိန်သွားစေမှာမဟုတ်ဘူးလို့လည်း အဲဒီ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ရုန်းကန်ကြိုးစားနေတဲ့ခရီးလမ်းတလျှောက် ဆုံးရှုံးခဲ့ရတဲ့ အသက်ပေါင်းများစွာအတွက်လည်း အမေရိကန်ပြည်ထောင်စုက ဝမ်းနည်းပူဆွေးပြီး ဂုဏ်ပြုကြောင်း ပြောပါတယ်။
နောင်ချိုတိုက်ပွဲမှာ စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီးတစ်ဦး ဖမ်းဆီးခံရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က သံဘိုကျေးရွာ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ချိန် စစ်တပ် စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီးတစ်ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။
ဇန်နဝါရီလ ၃ ရက် မနက်ပိုင်းမှာ သံဘိုကျေးရွာစခန်းကို မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တအာင်းတပ်(TNLA)တို့က အပြီးသတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲတွေအတွင်း စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီးသက်အောင်အား အရှင်ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
သံဘိုတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိတယ်လို့ ဆိုပေမဲ့ အရေအတွက် ဘယ်လောက်ရှိတယ်ဆို တာကိုတော့ တိတိကျကျ ပြောဆိုတာမရှိပါဘူး။
‘‘ဇန်နဝါရီ ၂ ရက်နေ့တုန်းက တစ်နေ့လုံး တိုက်ပွဲပြင်းထန်ပါတယ်။ ၃ ရက်နေ့ မနက်မှာတော့ အလုံးစုံ သိမ်းနိုင်တာပါ။ အောက်တိုဘာလ ၂၆ မှာစတင်တဲ့ တောင်သမန်စစ်ဆင်ရေး စတင်ဆင်နွှဲနေတာ ဖြစ်ပါတယ်။’’ လို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရ ကိုအော်စမွန်က ပြောပါတယ်။
ဖမ်းဆီးမိတဲ့ ဒုတိယဗိုလ်မှူးကြီးအရေး ဘယ်လိုကိုင်တွယ်ဆောင်ရွက်နေလဲဆိုတဲ့ ဘီဘီစီရဲ့ မေးခွန်း ကိုတော့ သူက ‘‘ဒုဗိုလ်မှူးကြီးကို သုံ့ပန်းဥပဒေအရပဲ ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားပါတယ်’’ လို့ပြောပါတယ်။
သံဘိုတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ဒရုန်းပျံသန်းမှုကို ဖြတ်တောက်တဲ့စက်ကြီးတွေအပါအဝင် လက်နက်ခဲယမ်းတွေကိုလည်း သိမ်းမိခဲ့တယ်လို့ သိရပါတယ်။
သံဘိုကျေးရွာဟာ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအစပ်၊ စစ်ကောင်စီတပ်ရဲ့ စစ်တက္ကသိုလ်တွေရှိရာ ပြင်ဦးလွင်မြို့နဲ့ မိုင်ဆယ်ချီအကွာအဝေးမှာရှိပြီး စစ်ကောင်စီရဲ့ မဆုတ်တမ်းစခန်းဖြစ်တာကြောင့် ပထဝီ အနေထားအရ စစ်ကောင်စီအတွက် အရေးပါတဲ့စခန်းဖြစ်သလို မန္တလေးတိုင်းထဲ စစ်ရေးလှုပ်ရှားမှု တွေလုပ်ဖို့ အခြေအနေကောင်းတွေ ဖန်တီးပေးနိုင်ခဲ့တယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်က ဘီဘီစီကို ပြောထားပါတယ်။
သံဘိုက အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။
ဒါပေမဲ့ စစ်ကောင်စီဘက်က သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်တွေမှာတော့ ဆုတ်ခွာထားရတဲ့စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ဖို့ ပြင်နေသလို သံဘိုကနေ အထွက် ပြင်ဦးလွင်ဘက်အသွား ကျောက်မဲလေးကျေးရွာကိုလည်း တိုက်ခိုက်ဖို့ ပြင်နေတယ်လို့ ရေးသားဖော်ပြနေပါတယ်။
ဖြူးမြို့၊ ကညွတ်ကွင်းမှာ တိုက်ပွဲပြင်းထန်နေ
ရန်ကုန် - မန္တလေးအမြန်လမ်းဟောင်းပိုင်းအသုံးပြုလို့မရတော့
ရန်ကုန်နဲ့ မိုင် ၁၀၀ ကျော်သာဝေးတဲ့ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ KNU/PDF ပူးပေါင်းတပ်တွေကြား ဒီကနေ့ ဇန်နဝါရီ ၄ ရက်မှာ တိုက်ပွဲပြင်းထန်နေပါတယ်။ ဒီလမ်းပိုင်းထဲက ကျောက်တံခါးမြိုနယ်နဲ့ ဖြူးမြိုနယ်ကြား ရန်ကုန်-မန္တလေးကားလမ်း(လမ်းဟောင်း)ပေါ်က ကွင်းချောင်းတံတားဖျက်ဆီးခံထားရလို့ကျိုးကျပျက်စီးသွားပါတယ်။
ဒါ့ကြောင့် ရန်ကုန် - မန္တလေးလမ်းဟောင်းကို အသုံးပြုနေတဲ့ ကုန်တင်ယာဥ်တွေနဲ့ ဆီသယ်ယာဥ်တွေကို အမြန်လမ်းကနေ ဖြတ်သန်းခွင့်ပြုထားတယ်လို့ ဒေသအခြေအနေသိရှိသူတွေကပြောပါတယ်။
ဒါအပြင်ဒီကနေ့မနက်ပိုင်း ပစ်ခတ်မှုတွေကြောင့် အရပ်သား အမျိုးသမီးတစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေက ကညွတ်ကွင်းမြို့၊ ဂုန်းတဲကျေးရွာအနီးက စစ်ကောင်စီတပ်ရဲ့ ကင်းစခန်း ၅ ခုကို ဝင်ရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲပြင်းထန်နေတာလို့ဆိုသလို တော်ဝင်ဒေါင်းစစ်ကြောင်းကနေလည်း ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးမှုရှိတယ်လို့ တော်ဝင်ဒေါင်းစစ်ကြောင်းဘက်က ထုတ်ပြန်ထားပေမယ့် ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
လက်ရှိအချိန်အထိ ကညွတ်ကွင်းမြို့အနီးမှာ တိုက်ပွဲဆက်ပြီး ပြင်းထန်နေတာကြောင့် မြို့အနီးက ကျေးရွာဒေသခံတော်တော်များများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ပဲခူးတိုင်း၊ ဖြူးမြို့ အနီးက ကညွတ်ကွင်းတိုက်ပွဲနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
အင်းစိန်ထောင်ကလွတ်မြောက်လာသူတွေထဲ သတင်းထောက်ကိုကောင်းဆက်လင်းပါဝင်
ဒီကနေ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ စစ်ကောင်စီရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာ သတင်းထောက်ကိုကောင်းဆက်လင်းနဲ့ နိုင်ငံရေးအကျဥ်းသားအနည်းငယ်ပြန်လည်လွတ်မြောက်လာတယ်လို့ အင်းစိန်ထောင်ရှေ့ရှိနေသူတွေကပြောပါတယ်။
ကိုကောင်းဆက်လင်းဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်က ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ဆန္ဒပြ သတင်းယူချိန်မှာ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွဲမှုကြောင့် ပြင်းထန်ဒဏ်ရာတွေရရှိပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမဲ့ ထင်ရှားတဲ့နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးပုဒ်မတွေနဲ့ ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ပါဝင်လာတဲ့ အရေအတွက် အတော်နည်းတယ်လို့ ထောင်တွေရှေ့မှာရှိနေသူအချို့ကပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ စစ်အာဏာသိမ်းချိန်ကစလို့ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၅၆၉၀) ဦးရှိပြီး အဲဒီထဲက (၁၉၈၉၁) ဦးက ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေထဲက (၈၄၃၆) ဦးက ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။
AAPP စာရင်းအရ အာဏာသိမ်း ၃ နှစ်တာကာလအတွင်း နိုင်ငံရေးအကျဉ်းသား အယောက် ၅,၉၀၀ ဝန်းကျင် ပြန်လည်လွတ်မြောက်ထားတာလို့ ဆိုပါတယ်။
ထီးချိုင့်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ ဒေသခံ ၃ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ ဝဲကြီးကျေးရွာကို မနေ့ ဇန်နဝါရီ ၃ ရက်မနက်ပိုင်းက စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသား ၃ ဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့သလို နောက်ထပ် ၃ ဦးလည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ဝဲကြီးကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်တပ်ကပစ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်အချို့လည်း ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“လေယာဉ်နဲ့ ဗုံးကြဲသွားတာ ၃ယောက်ကတော့ ချက်ချင်းဆုံးတယ်၊ အိမ်တွေလည်းပျက်စီးသွားပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဝဲကြီးကျေးရွာဟာ ထီးချိုင့်မြို့နဲ့ ၈မိုင်ကျော်ဝေးပြီး ထီးချိုင့်မြို့နယ်တဝိုက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာမကြာခဏဖြစ်နေတယ်လို့ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့သူ ၃ ယောက်စလုံးကို နီးစပ်ရာဆေးရုံမှာတင်ထားပေမယ့် အဲဒီထဲက တစ်ယောက်ကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ သိရပါတယ်။
ထီးချိုင့်မြို့ပေါ်မှာလည်း စစ်တပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး မြို့ရဲ့ ၃ ပုံ ၂ ပုံဟာ လေကြောင်းပစ်ခတ်မှုတွေနဲ့ မီးရှို့မှုတွေကြောင့် ပျက်စီးသွားပြီလို့ မြေပြင်အခြေအနေသိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
မြို့သိမ်းတိုက်ပွဲစခဲ့တဲ့ ၂၀၂၂ နိုဝင်ဘာ ၁၀ ရက်ကစလို့ ဒီနေ့အထိ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၅၀ နီးပါး သေဆုံးထားပြီး ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်တယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ထီးချိုင့်ဘက်က အခြေအနေနဲ့ပတ်သက်လို့ တစ်စုံတစ်ရာထုတ်ပြန်လာတာ မရှိသေးပါဘူး။
အကျဥ်းသားကိုးထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပြုတယ်လို့ စစ်ကောင်စီထုတ်ပြန်
၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်ဆိုပြီး နိုင်ငံတဝန်းအကျဥ်းထောင်တွေထဲပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးနဲ့ နိုင်ငံခြားသားအကျဉ်းသား၊သူ ၁၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုတယ်လို့ ဒီကနေ့ ဇန်နဝါရီ ၄ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ပြစ်ဒဏ်တွေကို လျှော့ပေါ့ပြီး ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက်တာကြောင့် နောက်တစ်ကြိမ်ထပ်မံပြစ်မှု ကျူးလွန်ပါက အရင် ပြစ်ဒဏ်တွေနဲ့ တစ်ပေါင်းတည်းကျခံရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုတာလို့ ဆိုပါတယ်။
နိုင်ငံခြားသားတွေအနေနဲ့ကတော့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုပြီးနောက်မှာ ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ လည်း ကြေညာထားပါတယ်။
ဒါပေမဲ့ ဒီအထဲမှာ နိုင်ငံရေးအကျဥ်းသားတွေဘယ်လောက်လွှတ်ပေးခဲ့လဲ မသိရသေးသလို နိုင်ငံရေးအကျဥ်းသားအများဆုံးရှိတဲ့ ရန်ကုန် အင်းစိန်၊ သာယာဝတီနဲ့ မန္တလေး အိုးဘိုထောင်တို့ကနေ လွတ်မြောက်ကြတဲ့ အခြေအနေတွေကို ဘီဘီစီကဆက်လက်မေးမြန်းနေပါတယ်။
ကလေး ကြံသာရွာမှာ တိုက်ပွဲပြင်းထန်နေ
ကလေး ကြံသာရွာမှာ တိုက်ပွဲပြင်းထန်နေ
စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းက ကြံသာရွာမှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းထားတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ - ကလေး CDF တို့ကြားတိုက်ပွဲပြင်းထန်နေတယ်လို့ ဘီဘီစီရဲ့ သတင်းရစ်မြစ်တစ်ဦးကပြောပါတယ်။
CDF ကလေးတပ်ဖွဲ့ဘက်ကနေ ကြံသာရွာအခြေစိုက် စစ်တပ်၊ ရဲနဲ့ ပြည်သူ့စစ်တို့ပူးပေါင်းအထိုင်ချထားတဲ့စခန်းကို မနေ့ ဇန်နဝါရီ ၃ ရက်နေ့မှာ ထိုးစစ်ဆင်တိုက်ခိုက်နေရာကနေ တိုက်ပွဲပြင်းထန်နေတယ်လို့ဆိုပါတယ်။
“နေ့လယ် ၁၂ နာရီမှာတစ်ကြိမ်၊ ညနေ ၄ နာရီလောက်မှာတစ်ကြိမ် ကျွန်တော်တို့ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်” လို့ ကလေး CDF ဘက်က ဘီဘီစီကိုပြောပါတယ်။
ဒီကနေ့မနက်ပိုင်းမှာတော့ စစ်တပ်ဘက်က အင်အားဖြည့်တင်းတဲ့အနေနဲ့ အထိုင်စခန်းကို စစ်ကူတချို့ထပ်ရောက်လာတာရှိတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ မနေ့ကတည်းက ဒေသခံတော်တော်များများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ အဲဒီတိုက်ပွဲနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။