ဩဂုတ် ၃၀ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- တရုတ်သမ္မတနဲ့ စစ်ခေါင်းဆောင်တွေ့ဆုံ

ဖတ်ရန်အချိန်: မိနစ် ၅

တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဒီကနေ့ညနေပိုင်းက တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာ တွေ့ဆုံပါတယ်။

ဒါဟာ အာဏာသိမ်းပြီးတဲ့နောက် စစ်ခေါင်းဆောင်ရဲ့ ဒုတိယအကြိမ်မြောက်တရုတ်ခရီးစဥ်ဖြစ်ပြီး သမ္မတရှီနဲ့ တရုတ်မှာပထမဆုံးတွေ့ခွင့်ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလက ရုရှားနိုင်ငံရဲ့ ရင်ပြင်နီချီတက်ပွဲအခမ်းအနားမှာ သူတို့ သီးသန့်တွေ့ဆုံခဲ့ကြပြီး မြန်မာမှာစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တရုတ်သမ္မတနဲ့ စစ်ခေါင်းဆောင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဥ်မှာ ဝန်ကြီးချုပ် ဦးညိုစော လိုက်ပါသွားတာမတွေ့ရဘဲ စစ်ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကို ခေါ်ဆောင်သွားတာတွေ့ရပါတယ်။

တပ်ချုပ်ဖြစ်လာမယ်လို့ ရေပန်းစားနေတဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းလည်း လိုက်ပါသွားတာတွေ့ရပါတယ်။

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေအပါအဝင် ဝန်ကြီးတချို့လည်း လိုက်ပါသွားတာတွေ့ရပြီး ဧရာဝတီတိုင်းဝန်ကြီးချုပ်လည်း လိုက်ပါသွားတယ်။

တရုတ်ခရီးစဥ်အတွင်းမှာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး နဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ် (၈၀) ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားကို စစ်ခေါင်းဆောင် တက်ရောက်မှာဖြစ်ပါတယ်။

ကန့်ဘလူနယ်ထဲက ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းစိုးမိုးရေး စစ်ကြောင်းအခြေအနေ ဘယ်လိုရှိနေလဲ

သြဂုတ်လလယ်ပိုင်းကစပြီး ကန့်ဘလူမြို့နယ်ထဲက ရွှေဘို- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးလာတဲ့ ကန့်ဘလူအခြေစိုက် ၆၀၀၆ အမြောက်တပ်ရင်းက စစ်ကြောင်းဟာ ဒီနေ့ ကျီကျင်းရွာမှာ ရှိနေတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကနေသိရပါတယ်။

"တမြန်နေ့က အဲဒီစကစ စစ်ကြောင်း ရှေ့တက်ထိုးတော့ တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့မှုဖြစ် နောက်ပြန်ဆုတ်သွားရပါတယ်။ စကစဘက်က ထိခိုက်ကျဆုံး များပါတယ်" လို့ ကန့်ဘလူမြို့နယ် ပအဖ ပြန်ကြားရေးတာဝန်ခံက ဘီဘီစီကို ပြောပါတယ်။

အင်အား ၂၀၀ ဝန်းကျင်ရှိတဲ့ ဒီစစ်ကြောင်းဟာ စတင်ဝင်ရောက်ချိန်ကနေ ဒီနေ့အထိ အရပ်သား ၁၀ ဦးထက်နည်းကို သတ်ဖြတ်ပြီး ၄၀ ဦးကိုဖမ်းဆီးထားတယ်လို့ သူကပြောပါတယ်။

ဒီနေ့မှာလည်း ဗျူဟာလမ်းတကြော စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။ ဗျူဟာလမ်းပတ်ဝန်းကျင်ရွာတွေဖြစ်တဲ့ ထိန်တော၊ သရက်တာ၊ ကိုင်းရိုး၊ အင်္ဂါထောင့်၊ ကျေးပင်အပ်နဲ့ ကျီကျင်းရွာတွေက အိမ်ခြေ ၇၀၀ နီးပါးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြို့နယ်ပအဖ အဖွဲ့က စာရင်း ကောက်ယူထားချက်အရသိရပါတယ်။

ဒီနယ်တကြောကို စစ်ကြောင်းမဝင်တာ ကာလတစ်ခုအထိကြာပြီဖြစ်ကာ ဒီလလယ်ကမှ ဗျူဟာလမ်း ဘက်ကို စစ်ကြောင်းဝင်လာခဲ့တာပါ။

ဗျူဟာလမ်းပေါ်မှာ ခရီးသွားကားနဲ့ ကုန်တင်ကားတွေ ပိတ်မိနေတာရှိတဲ့အတွက် အရပ်သားတွေ မထိခိုက်အောင် စစ်ရေးကို သတိထားလုပ်ဆောင်နေရတယ်လို့ မြို့နယ်ပအဖပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ လတ်တလောမှာ‌တော့ စစ်တပ်ဟာ ဒီဗျူဟာလမ်းပေါ်က ယမနေရွာကနေ စံပါယ်နံ့သာရွာအထိ လမ်းပိုင်းကို ပြန်ထိန်းချုပ်ထားပါတယ်။

KIA တပ်ရင်းမှူးက အမျိုးသမီးတစ်ဦးကို ရိုက်နှက်လို့ ဆန္ဒပြ

ဖြည့်စွက်ချက်- ဒီနေ့ ညနေပိုင်းမှာ KIA တပ်ရင်းမှူးနဲ့ ရိုက်နှက်ခံရတဲ့အမျိုးသမီးတို့ ယွမ် ၁၀၀၀၀ လျော်ကြေးနဲ့ ကျေအေးလိုက်ပြီလို့ ဒေသခံရဲ့ပြောပြချက်အရသိရပါတယ်။

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ရွာက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်းမှူး ဗိုလ်မှူး ဂျာလီအောင်က အမျိုးသမီးတစ်ဦးကို ရိုက်နှက်ကာ ထိပ်တုံးခတ်ထားတာကြောင့် ဒေသခံတချို့သြဂုတ် ၃၀ ရက်မှာ ဆန္ဒထုတ်ဖော်နေတယ်လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်က အတည်ပြုပါတယ်။

ကချင်သတင်းဌာနတစ်ခုဖြစ်တဲ့ Kachin News Group မှာတင်ထားတဲ့ ရုပ်သံမှာလည်း" မိန်းကလေးတစ်ဦးကို ဒီလိုလုပ်ထားတယ်ကြည့်။ ကားပေါ်မှာခေါ်တင်ပြီး ဒီလိုလုပ်တာ။ ဒူကဘာ ဂျာလီအောင်က လုပ်တာ" ဆိုပြီး အမျိုးသမီးတွေက ထိပ်တုံးခတ်ခံရတဲ့ မိန်းကလေးရဲ့ဖူးယောင်နေတဲ့ မျက်နှာကို ပြသပြီး ပြောထားကြပါတယ်။

ရုပ်သံဖိုင်အရ အရိုက်ခံရသူ မအာလူးမီးရဲ့ မျက်နှာဟာ ဖူးယောင်နေတာ တွေ့ရပါတယ်။

ဗိုလ်မှူးဂျာလီအောင်နဲ့ ရဲ‌ဘော် ၂ ဦးက ရိုက်နှက်တာကြောင့် ဒီနေ့ လန်ဆယ်က KIA ရုံးရှေ့မှာ ဆန္ဒထုတ်ဖော်နေကြတာလို့ ကချင်သတင်းဌာနကဆိုပါတယ်။

စကားများကြရာကနေ ရိုက်နှက်တဲ့အထိ ဖြစ်တာလို့ ကချင်သတင်းမှာ ဖော်ပြထားပေမဲ့ ဖြစ်စဥ်အသေးစိတ်ကို မသိရသေးပါဘူး။

ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ဘီဘီစီက KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အရှိန်မြင့်လာတဲ့ အင်ဒိုနီးရှားဆန္ဒပြပွဲ သေဆုံးသူ ၃ ဦးရှိလာ

ဆိုင်ကယ်ကယ်ရီသမားတစ်ဦးသေဆုံးပြီးတဲ့နောက် အင်ဒိုနီးရှားနိုင်ငံတဝှမ်းမှာ အရှိန်ပိုမြင့်တက်လာတဲ့ လစာနည်းပါးမှုနဲ့ နိုင်ငံရေးသမားတွေရဲ့အသုံးစရိတ်အပေါ် ဆန္ဒထုတ်‌ဖော်မှုတွေဟာ နိုင်ငံအရှေ့ခြမ်းက မြို့တော်ကောင်စီရုံးကို မီးရှို့တဲ့အထိ ဖြစ်လာပါတယ်။

ဒီဖြစ်စဥ်မှာ သေဆုံးသူ ၃ ဦးရှိတယ်လို့ ဘီဘီစီက သိထားရပါတယ်။

အသက် ၂၁ နှစ်အရွယ် ဆိုင်ကယ်ကယ်ရီသမား Affan Kurniawan ဟာ ဂျာကာတာဆန္ဒပြပွဲကို ဖြိုခွဲတဲ့ ရဲသံချပ်ကာကားနဲ့ တိုက်မိပြီး သြဂုတ် ၂၈ ရက်မှာသေဆုံးခဲ့ရတာပါ။

ဆိုင်ကယ်သမားက အင်ဒိုနီးရှားလွှတ်တော်အနီး ပစ္စည်းသွားပို့ချိန်မှာ ဆန္ဒပြသူတွေကို ဖြိုခွဲဖို့ အရှိန်နဲ့ဝင်လာတဲ့ ရဲသံချပ်ကာကားက တိုက်ချသွားခဲ့တာပါ။

သူ့ရဲ့ အသုဘကို မနေ့ကပြုလုပ်ခဲ့ပြီး လုပ်‌ဖော်ကိုင်ဖက် ကယ်ရီသမားတွေက လိုက်ပါပို့ဆောင်ခဲ့ပါတယ်။

သူသေဆုံးတဲ့အတွက် အင်ဒိုနီးရှားသမ္မတနဲ့ ဂျာကာတာရဲချုပ်တို့က တောင်းပန်ခဲ့ကြပါတယ်။

သမ္မတ ပရာဘိုဝို စုဘီရန်တိုက" ရဲတွေရဲ့ အလွန်အကျူးလုပ်ရပ်ကို အလွန်ထိတ်လန့်စိတ်ပျက်မိတယ်" လို့ ဆိုင်ကယ်သမားရဲ့မိသားစုကို တောင်းပန်စာထဲမှာပြောထားပါတယ်။

သေဆုံးသူရဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ ရဲဌာနချုပ်တွေရှေ့မှာ သေဆုံးသူအတွက် တရားမျှတမှုရဖို့တောင်းဆိုနေကြပါတယ်။

သူအလုပ်လုပ်ခဲ့တဲ့ကုမ္ပဏီဘက်ကလည်း "အစိမ်းရောင်ဂျာကင်အင်္ကျီတွေနောက်မှာ မိသားစုတွေ၊ ဆန္ဒတွေနဲ့ ရုန်းကန်ရမှုတွေ ရှိတယ်" လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်တာလုံးက ဆန္ဒပြပွဲတွေဟာ ကိစ္စရပ်များစွာအပေါ်အခြေခံဖြစ်ပေါ်လာတာဖြစ်ပေမဲ့ အဓိကအကြောင်းရင်းကတော့ လွှတ်တော်အမတ်တွေကို လစာတိုးမြှင့်ပေးလိုက်တာကြောင့်ဖြစ်ပါတယ်။

အင်ဒိုနီးရှားမြို့တော် ဂျာကာတာမှာ သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်ခလစာရဲ့ ၁၀ ဆနီးပါးမြင့်တဲ့ အမေရိကန်ဒေါ်လာ ၃၀၃၀ အထိ တိုးပေးလိုက်တာကြောင့်ဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်သူတွေက လစာတိုးပေးရေး၊ အခွန်လျှော့ချရေးနဲ့ အကျင့်ပျက်ခြစားမှုထိထိရောက်ရောက် ကိုင်တွယ်ရေးအတွက်လည်း တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ သွင်းကုန်ခွန်ကောက်ခံမှု တရားမဝင်ဘူးလို့ အမေရိကန်တရားရုံး ဆုံးဖြတ်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ထုတ်ပြန်တဲ့ သွင်းကုန်ခွန်အများစုဟာ တရားမဝင်ဘူးလို့ အမေရိကန်အယူခံတရားရုံးတစ်ရုံးက ဆုံးဖြတ်လိုက်ပြီဖြစ်တာမို့ သူ့ရဲ့နိုင်ငံခြားရေးမူဝါဒဆိုင်ရာအစီအစဉ်တွေက ကမောက်ကမဖြစ်လာနိုင်တဲ့ တရားရေးရင်ဆိုင်မှုတွေရှိလာနိုင်ပါတယ်။

ကမ္ဘာတစ်ဝန်းက နိုင်ငံအများစုနဲ့ တရုတ်၊ မက္ကဆီကို၊ ကနေဒါတို့အပေါ် ချမှတ်တဲ့ သွင်းကုန်ခွန်တွေအပေါ် ဒီဆုံးဖြတ်ချက်က သက်ရောက်မှုရှိမှာဖြစ်ပါတယ်။

အရေးပေါ်စီးပွားရေးအင်အားအက်ဥပဒေအရ အခွန်ကောက်ခံတာဖြစ်တယ်လို့ ထရမ့်က အဆိုပြုထားတာတွေဟာ ဥပဒေနဲ့ ဆန့်ကျင်နေတာမို့ တရားမဝင်ဘူးလို့ အမေရိကန်က ပြည်ထောင်စုအဆင့် အယူခံတရားရုံးက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

တရားသူကြီး ခုနစ်ဦးက တရားမဝင်လို့ဆုံးဖြတ်ပြီး လေးဦးကတော့ တရားဝင်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ထရမ့်အစိုးရအနေနဲ့ ဒီအမှုကို တရားလွှတ်တော်ချုပ်ကို လျှောက်ထားဖို့ အချိန်ပေးတဲ့အနေနဲ့ ဆုံးဖြတ်ချက်ဟာ အောက်တိုဘာ ၁၄ အထိ သက်ရောက်မှုရှိဦးမှာမဟုတ်ပါဘူး။

"ဒီဆုံးဖြတ်ချက်ကို သက်ရောက်ခွင့်ပေးလိုက်မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုကို လုံးဝဖျက်ဆီးခွင့်ပေးလိုက်တာဖြစ်သွားလိမ့်မယ်" ဟု ထရမ့်က အယူခံတရားရုံးနဲ့ ဆုံးဖြတ်ချက်တို့ကို Truth Social မှာ ဝေဖန်ခဲ့ပါတယ်။

"ဒီနေ့မှာ ပါတီနိုင်ငံရေးအစွဲရှိတဲ့ အယူခံရုံးက ကျွန်တော်တို့ အခွန်တွေကို ဖယ်ရှားပစ်ဖို့ မှားမှားယွင်းယွင်းဆုံးဖြတ်ခဲ့ပါတယ်၊ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုဟာ နောက်ဆုံးမှာ အနိုင်ရမယ်ဆိုတာ သူတို့သိနေပါတယ်" လို့ သူကရေးသားခဲ့ပါတယ်။

"အခွန်တွေကို ဖယ်ရှားလိုက်မယ်ဆိုရင် နိုင်ငံအတွက် တကယ့်ဘေးဆိုးဖြစ်လာပါမယ်၊ ကျွန်တော်တို့ကို ဘဏ္ဍာရေးအရ အားနည်းသွားစေလိမ့်မယ်၊ ကျွန်တော်တို့ အင်အားတောင့်တင်းမှဖြစ်ပါမယ်" လို့ ထရမ့်ကပြောပါတယ်။

သမ္မတတစ်ဦးကို ထူးခြားပြီး ကြီးလေးတဲ့ ခြိမ်းခြောက်မှုတွေရှိလာရင် တုံ့ပြန်ခွင့်ပေးထားတဲ့ နိုင်ငံတကာ အရေးပေါ်စီးပွားရေးအင်အားအက်ဥပဒေ(IEEPA) အရ အခွန်ကောက်ခံတာလို့ ထရမ့်က ခုခံချေပထားပါတယ်။

ကုန်သွယ်ရေးမညီမျှမှုဟာ အမေရိကန်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ပြောပြီး ထရမ့်ဟာ ကုန်သွယ်ရေးနဲ့ပတ်သက်လို့ အမျိုးသားအရေးပေါ်အခြေအနေကြေညာခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ကုန်သွယ်ခွန်ချမှတ်တာဟာ သမ္မတရဲ့လုပ်ပိုင်ခွင့်ထဲမှာမရှိဘဲ ဒီလိုကိစ္စတွေဟာ ကွန်ဂရက်ရဲ့လုပ်ပိုင်ခွင့်ထဲမှာပဲရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ကွန်ဂရက်က အဲဒီဥပဒေကို ၁၉၇၇ ခုနှစ်မှာ အတည်ပြုတုန်းက လုပ်ထုံးလုပ်နည်းကနေ သွေဖည်ပြီး အခွန်ချမှတ်မှုနဲ့ပတ်သက်လို့ သမ္မတကို အကန့်အသတ်မရှိတဲ့ လုပ်ပိုင်ခွင့်ပေးဖို့ ရည်မှန်းချက်မရှိသလောက်ပဲလို့ တရားရုံးက ပြောဆိုခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်းတချို့နဲ့ အမေရိကန်ပြည်ထောင်စုက ပြည်နယ်တချို့ပါဝင်တဲ့ ညွန်ပေါင်းအဖွဲ့တို့ရဲ့ တရားစွဲဆိုမှုအရ တရားရုံးက ဆုံးဖြတ်ပေးခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံတိုင်းက တင်ပို့တဲ့ ကုန်ပစ္စည်းတွေအပေါ် အခြေခံ အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံပြီး နိုင်ငံဒါဇင်ပေါင်းများစွာကိုတော့ အပြန်အလှန် အခွန်ကောက်ခံမယ်လို့ ထရမ့်က ဧပြီမှာ ထုတ်ပြန်တဲ့ သမ္မတဆိုင်ရာအမိန့်ကြေညာချက်ကို တရားစွဲဆိုခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနေ့ဟာ မမျှတတဲ့ကုန်သွယ်ရေးမူဝါဒကနေ အမေရိကန် လွတ်လပ်ရေးရတဲ့နေ့ လို့ ထရမ့်က ကြေညာခဲ့ပါတယ်။ အခွန်တွေဟာ တရားမဝင်ဘူးလို့ နယူးယောက်အခြေစိုက် နိုင်ငံတကာကုန်သွယ်ရေးတရားရုံးက မေမှာ ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါတယ်။ အယူခံနေတုန်းမို့ ဒီဆုံးဖြတ်ချက်ဟာ မသက်ရောက်နိုင်သေးပါဘူး။

အလှူငွေအလွဲသုံးစားလုပ်တဲ့ ထိုင်းဘုန်းကြီးတစ်ပါး ဖမ်းဆီးခံရ

HIV/AIDS လူနာဂေဟာတည်ထောင်ပြီး ထိုင်းမှာနာမည်ကြီးတဲ့ အသက် ၆၅ နှစ်အရွယ် Luang Phor Alongkot ဆိုတဲ့ ဘုန်းကြီးကို ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဗျူရိုက အလှူငွေအလွဲသုံးစားမှုနဲ့ သြဂုတ် ၂၆ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။

သူဟာ လော့ဘူရီခရိုင်ထဲက Wat Phrabatnampu ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ဖြစ်ပြီး ၁၉၉၂ ခုနှစ်ကစတင်ကာ HIV လူနာတွေကို ကူညီတဲ့ လူသားချင်းစာနာထောက်ထားမှုပြယုဂ်တစ်ခုအဖြစ် ပုံရိပ်ဖန်တီးခဲ့သူဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့က ငွေကြေးအလွဲသုံးစားမှုအတွက် ကျောင်းထိုင်ဘုန်းကြီးနဲ့အတူ ဘုရားကျောင်းအလှူငွေရရေး ပူးပေါင်းလုပ်ဆောင်ပေးနေတဲ့ လူမှုကွန်ရက်မှာလူသိများသူ Seksan Sapsubbsakulကိုလည်း ဖမ်းဆီးလိုက်တာပါ။

ထိုင်းသတင်းတွေမှာတော့ သူတို့ နှစ်ဦးဟာ ထိုင်းဘတ်ငွေဘီလျံဆယ်ချီကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ ထိုင်းရဲစစ်ချက်ကို ကိုးကားပြီးဖော်ပြကြပါတယ်။

စုံစမ်းစစ်ဆေးမှုကို ဦးဆောင်ခဲ့တဲ့ ရဲမှူး Charoenkiat Pankaew ကတော့ လူနာတွေကို ကူညီတယ်ဆိုတာ အလှူရှင်တွေကို လှည့်ဖျားဖို့ ဖန်တီးချက်တစ်ခုပဲလို့ဆိုပါတယ်။

"ကနဦးမှာတော့ လူနာတွေကို တကယ်ကူခဲ့တာပါ။ ဒါပေမဲ့ AIDS ကုသမှုတွေ လက်လှမ်းမီရနိုင်လာတာ နဲ့အမျှ ‌ဆေးကုသစရိတ်က နည်းလာတယ်။ တဖက်မှာလည်း အလှူငွေတွေက တိုးလာဆဲပဲ။ လူနာစောင့်ရှောက်စရိတ်က မကုန်သလောက်ဖြစ်နေပေမဲ့ လူနာတွေအတွက် အလှူခံတာပါလို့ပဲ ပြောပြီးအလှူဆက်ခံနေခဲ့တာဖြစ်တယ်" လို့ သူကပြောပါတယ်။

အလှူငွေတွေကို ကုမ္ပဏီလုပ်ငန်းတစ်ခုလိုကောက်ခံလည်ပတ်ပြီး အလွဲသုံးစားလုပ်ခဲ့တာလို့ ဆိုပါတယ်။

အခုဖမ်းခံလိုက်ရတဲ့ ဘုန်းကြီးဟာ Alongkot Polmuk ဆိုတဲ့ သေဆုံးသွားပြီးဖြစ်တဲ့ ကျောင်းဘောလုံး အသင်းကစားဖော်ရဲ့နာမည်ကို ခိုးယူသုံးစွဲထားတာဖြစ်သလို ကစားဖော်ရဲ့မိဘနာမည်ပါသုံးပြီး ဖောင်ဒေးရှင်းဘဏ်အကောင့်တွေဖွင့်ထားတယ်လို့ ထိုင်းသတင်းကဖော်ပြပါတယ်။

နာမည်ကြီးကျောင်းနဲ့ တက္ကသိုလ်ကနေ ပညာသင်ကြားခဲ့တယ်ဆိုပြီးလည်း ပညာရေးမှတ်တမ်းကို လိမ်ညာထားတာပါ။

လက်ရှိမှာတော့ Alongkot Polmukကို လူဝတ်လဲစေပြီး စစ်ဆေးမေးမြန်းတာတွေ ဆက်လက်လုပ် ဆောင်နေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းမှာ ဘုန်းကြီးတွေဟာ‌ စောင့်ထိန်းရမယ့် ကျင့်ဝတ်သီလတွေ ဖောက်ဖျက်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်တာနဲ့ ငွေရေးကြေးရေးရာဇဝတ်မှုတွေ ကျူးလွန်တဲ့ အကြောင်းတွေ ကြားလာရတာ နှစ်အတော်ကြာပါပြီ။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ ရဲတပ်ဖွဲ့က မကောင်းမှုကျူးလွန်တဲ့ဘုန်းကြီးတွေကို သတင်းပေးဖို့ ဖုန်းလိုင်း တစ်ခု ဖွင့်လှစ်ခဲ့ပြီးတဲ့နောက် အမျိုးသမီးတစ်ဦးနဲ့ လိင်ကိစ္စကျူးလွန်ခဲ့သူ ဘုန်းကြီး ၉ ပါးထက်မနည်းကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဂုတ်ထိပ်တံတားကို ပြန်ထိန်းချုပ်ထားတယ်လို့ စစ်တပ်ထုတ်ပြန်

ကျောက်မဲကို စစ်ကြောင်းထိုးဖို့ပြင်

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ တအောင်းတပ် TNLA ထိန်းချုပ်ခဲ့တဲ့ ဂုတ်ထိပ်တံတားနဲ့ အနီးတဝိုက်ကို ပြန်ထိန်းချုပ်နိုင်ပြီလို့ သြဂုတ် ၃၀ သတင်းစာမှာ ထုတ်ပြန်လာပါတယ်။

တအာင်းတပ် TNLA နေရာယူထားတဲ့ ဂုတ်ထိပ် ရှုခင်းသာဘက်ကို သြဂုတ် ၂၈ရက်မှာ ထိန်း ချုပ်နိုင်ခဲ့ပြီးနောက်တစ်ရက်မှာ ဂုတ်ထိပ်တံတားနဲ့ ပတ်ဝန်းကျင်ကို ထိန်းချုပ်လိုက်နိုင်ပြီလို့ ဆိုလာတာပါ။

ဒီနေ့မှာ‌ စစ်တပ်စစ်ကြောင်းဟာ ကျောက်မဲမြို့နဲ့ ၁၇ မိုင်ဝန်းကျင်အကွာမှာရှိတဲ့ နောင်ပိန်လမ်းခွဲက ပင်တိန်ရွာကို ရောက်နေတယ်လို့ မြေပြင်အခြေအနေ သိရှိသူက ပြောပါတယ်။

"နောင်ပိန်ကိုရော ဂုတ်တွင်းကိုရော ထိန်းချုပ်လိုက်ပြီဆိုတော့ စစ်ကြောင်းကထိုးဖို့ လမ်းသာသွားပြီလို့ ယူဆတယ်။ ကျောက်မဲကို ခဏလေးရောက်မယ့် သဘောရှိတယ်" လို့ မြေပြင် အခြေအနေ သိရှိသူက ပြောပါတယ်။

စစ်တပ်က ဇူလိုင် ၁၆ ရက်မှာ တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်ရယူနိုင်ပြီးတဲ့ နောက် ကျောက်မဲဘက်ကို စစ်ကြောင်း ၂ ကြောင်းနဲ့ သြဂုတ် ၁၉ ရက်ကစပြီး ဦးတည်ထိုးစစ်ဆင်ခဲ့တာပါ။

ကျောက်မဲကို ဦးတည်တဲ့ စစ်ကြောင်းဟာ ၁၂ ရက်အတွင်း TNLA နဲ့ တိုက်ပွဲပေါင်း ၄၇ ကြိမ်ဖြစ်ခဲ့တယ် လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

အခုချိန်မှာ စစ်တပ်ရဲ့ တိုက်စစ်က ရှေ့ရောက်လာဖို့ပဲရှိတော့တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

"ရှမ်းမြောက်စစ်ရေးမှာ စစ်တပ် လုပ်ချင်သလို လုပ်ခွင့်ရနေတယ်။ TNLA က SSPP ကိုရင်ဆိုင်နေရ တယ်။ ကျောက်မဲသီပေါက ရှမ်းအဖွဲ့တွေ ကျွမ်းကျင်တဲ့နယ်မြေလည်းဖြစ်တယ်။ နောင်ချိုကနေ ကျောက်မဲအထိ ချီစစ်အကွာအဝေးက ၂၅ မိုင်ရှိတယ်။ အခုက ၃ပုံ ၂ပုံရောက်လာပြီ။ ဂုတ် တွင်းနဲ့ ဂုတ်ထိပ်ကိုလည်း တံတားတွေပါပြင်ပြီးလုပ်ကိုင်နေတယ်ဆိုတော့ နောင်ပိန်ကနေ တက်သွားမယ့် တိုက်စစ်အတွက် ရိက္ခာလက်နက်ခဲယမ်းတွေ ရွှေ့ပြောင်းနေရာချလို့ရသွားပြီ" လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

ကျောက်မဲမြို့နယ်ထဲက စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ ဘီဘီစီက TNLA ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။

စစ်တပ်ရဲ့ ကျောက်မဲမြို့နယ် ထိုးစစ်အတွင်း စစ်ကြောင်းတလျှောက်ရွာတွေကနေ စစ်ရှောင်နေရသူ တစ်သောင်းကျော်ရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတွေကခန့်မှန်းထားပါတယ်။

အသက်မပြည့်သေးသူတွေကို စစ်မှုမထမ်းခိုင်းဖို့ NUG တားမြစ်

အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေမှာ ဝင်ရောက် တာဝန်ထမ်းခွင့်မပြုဖို့ ညွှန်ကြားထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၂၉ ရက်မှာ ထုတ်ပြန်လာပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်း၊တပ်ဖွဲ့တွေကို ဝင်ရောက်လာရင်လည်း မိဘတွေဆီ ပြန်အပ်နှံပြီး ဆွေးနွေးပညာပေးတာ၊ ပညာသင်ကြားနိုင်ဖို့ ဆောင်ရွက်တာတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကလေးသူငယ်တွေ စစ်မှုထမ်းရတာကနေ ကာကွယ်ဖို့အတွက် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာဥပဒေတွေ၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော် စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လိုက်နာရမယ့် လမ်းညွှန်ချက်နဲ့ထုတ်ပြန်ချက်တွေကို လိုက်နာတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ရင်း၊ တပ်ဖွဲ့တွေဖြစ်လာအောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် မေ ၉ ရက်မှာ ထုတ်ပြန်တဲ့ တပ်သားသစ် စုဆောင်းရေး မူဝါဒ ၁၀ ချက်မှာ အသက် ၁၈ နှစ်ပြည့်ပြီးသူကိုသာ တပ်ဖွဲ့ဝင်အဖြစ်လက်ခံရမယ်လို့ သတ်မှတ်ဖော်ပြထားတာဖြစ်ပါတယ်။

ဒီအချက်တွေကို လိုက်နာဖို့လည်း NUG က ကြပ်မတ်နေပြီး ဖောက်ဖျက်ကျူးလွန်ရင် စစ်ဘက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ စစ်ဆေးအရေးယူမယ်လို့ သြဂုတ် ၂၉ ရက်ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

၂၀၂၁ နောက်ပိုင်းကာလတလျှောက် NUG က မိသားစုထံ ပြန်လည်အပ်နှံခဲ့တဲ့ ကလေးသူငယ် စစ်မှုထမ်း အရေအတွက်ကို ဘီဘီစီက ဆက်သွယ်‌မေးမြန်းထားဆဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ အချက်အလက်အရ ကမ္ဘာတဝှမ်းမှာ ၂၀၀၅ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ကလေးစစ်သား ၁၀၅,၀၀၀ ဦး စစ်မှုထမ်းစုဆောင်းခံခဲ့ရတယ်လို့ဆိုထားပြီး လက်တွေ့မြေပြင်မှာ ဒီထက်များနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။