ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, စစ်ခေါင်းဆောင်ကို ဒုသမ္မတအဖြစ် ပြည်သူ့လွှတ်တော် ရွေးချယ်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒုတိယသမ္မတအဖြစ် ပြည်သူ့လွှတ်တော်မှာ မဲပေး ရွေးချယ်တဲ့ သတင်းအပါအဝင် မတ်လ ၃၁ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာ ဖြစ်ပါတယ်။

အနှစ်ချုပ်

  • မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မိုဘိုင်းဖုန်းတွေထဲ ဆင်းကဒ်ထည့်မသုံးရင် အခွန်ဆောင်ရမယ်လို့ စစ်ကော်မရှင်က ကြေညာပြီးတဲ့နောက် ရန်ကုန်မြို့က ဈေးဝယ်စင်တာတွေနဲ့ ဖုန်း အော်ပရေတာ အရောင်းဆိုင်ခွဲတွေမှာ ဆင်းကတ်ဝယ်သူတွေနဲ့ eSIM လျှောက်သူတွေ ပြည့်နှက်
  • ပြည်သူ့လွှတ်တော်မှာ စစ်ခေါင်းဆောင် ဒုသမ္မတဖြစ်လာ၊ အမျိုးသားလွှတ်တော်မှာ နန်းနီနီအေး က ဒုတိယသမ္မဖြစ်ပြီး တပ်ကိုယ်စားလှယ်တွေ ကတော့ စစ်ကော်မရှင် ဝန်ကြီးချုပ် ဦးညိုစောကို ရွေးချယ်တင်မြှောက်ခဲ့
  • ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ ဦးစိုင်းညွန့်လွင် တို့ပါဝင်တဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (PCB) ဖွဲ့စည်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ ပြန်လွှတ်ဖို့ တောင်းဆို

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်/ကျဉ်းအားလုံးကို လွှတ်ပေးဖို့ PCB တိုက်တွန်း

    နေပြည်တော်မှာ တပ်ပိုင်းဆိုင်ရာအပြောင်းအလဲပြုလုပ်တာနဲ့ လွှတ်တော်ခေါ်နေချိန်မှာပဲ ပြည်တွင်းနိုင်ငံရေးအင်အားစုတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(PCB)ကို ဖွဲ့စည်းပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ CDM တွေကို အရေးမယူဖို့ စတဲ့အချက် ၉ ချက်ကို စုပေါင်း တောင်းဆိုလိုက်ပါတယ်။

    PCB မှာ ၈၈ ကျောင်းသားမျိုးဆက်က ကိုမြအေး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ဥက္ကဋ္ဌ ဦးစိုင်းညွ့န်လွင်၊ ရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဋ္ဌ ဦးသာထွန်းလှတို့ အပါအဝင် အခြား ပြည်တွင်းနိုင်ငံရေးအင်အားစုတချို့က PCB မှာ ပါဝင်တာဝန်ယူထားပါတယ်။

    ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်သူလူထုရဲ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေးအတွက် မူဝါဒတူတဲ့အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ၂၀၂၃ ခုနှစ်ကတည်းက တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်မှာ ဖွဲ့စည်းလိုက်တာလို့ ဒီအဖွဲ့က ပြောပါတယ်။

    PCB အနေနဲ့ သင့်တင့်မျှတတဲ့နိုင်ငံရေးပတ်ဝန်းကျင် ဖန်တီးကာ ပဋိပက္ခနဲ့သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကနေတဆင့် ဖက်ဒရယ်ဒီမိုကရေစီ အခြေခံဥပဒေ ပြဋ္ဌာန်းပြီး ဒီဥ‌ပဒေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်ခြင်း ကသာ နိုင်ငံရဲ့ အရင်းခံ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ်လို့လည်း ယုံကြည်ထားတယ်လို့ ဆိုပါတယ်။

    ဒီအဖွဲ့အရဲ့ ဆန္ဒသဘောထားထဲမှာ ပြည်ပကိုရောက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အင်အားစုအသီးသီးနဲ့ လူပုဂ္ဂိုလ်တွေအနေနဲ့ ကိုယ့်သဘောဆန္ဒနဲ့ ဂုဏ်သိက္ခာရှိရှိ ပြည်တော်ပြန်နိုင်ရေး ကြိုးစားကြဖို့ နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်အောင်ဆောင်ရွက်နိုင်ဖို့ကိုလည်း အာဆီယံ၊ ကုလသမဂ္ဂ၊ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတဲ့အချက်တွေ ကြေညာထားပါတယ်။

  2. ပြည်သူ့လွှတ်တော်မှာ စစ်ခေါင်းဆောင် ဒုတိယသမ္မတဖြစ်လာ

    ဒီနေ့ နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်ရဲ့ ဒုသမ္မတ မဲပေးရွေးချယ်မှုမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆန္ဒမဲ ၂၄၇ မဲ နဲ့ ပြည်သူ့လွှတ်တော်က တင်သွင်းတဲ့ ဒုတိယသမ္မတ ဖြစ်လာပါတယ်။

    ဒီနေ့ ပြည်သူ့လွှတ်တော်ကို တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၆၃ ယောက်ရှိပြီး ၃ ယောက်က ခွင့်တိုင်ပါတယ်။

    ပြည်သူ့လွှတ်တော်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆန္ဒမဲ ၂၄၇ မဲ ရခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစညပါတီ) ရဲ့ တောင်တွင်းကြီးမဲဆန္ဒနယ်က ဒေါက်တာကျော်ဆွေကတော့ ကတော့ ဆန္ဒမဲ ၁၀ မဲ၊ ပယ်မဲ ၃ မဲ သာရရှိခဲ့တာပါ။

    အမျိုးသားလွှတ်တော်မှာတော့ နန်းနီနီအေးက မဲအများဆုံးရပြီး ဒုတိယသမ္မတ ဖြစ်လာပါတယ်။ နန်းနီနီအေးက မဲအများဆုံးရခဲ့တာကြောင့် မြန်မာနိုင်ငံရေးသမိုင်းတစ်လျှောက် ပထမဆုံးထွက်ပေါ်လာတဲ့ အမျိုးသမီးဒုတိယသမ္မတဖြစ်လာပါတယ်။

    တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ကတော့ စစ်ကော်မရှင်ရဲ့ လက်ရှိဝန်ကြီးချုပ် ဦးညိုစောကို ဒုတိယသမ္မတ အဖြစ်ရွေးချယ်တင်မြောက်ခဲ့ပါတယ်။

    ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ ၃ ခုက တင်လာတဲ့ ဒီဒုသမ္မတ သုံးဦးစာရင်းကို ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ပြီး သမ္မတရွေးချယ်စိစစ်ရေးအဖွဲ့ဖွဲ့ကာ သမ္မတအရည်အချင်း ပြည့်မီ၊ မမီ စိစစ်ပြီး ရွေးချယ်တင်မြှောက်ရမှာပါ။

    မဲအများဆုံးရသူက သမ္မတ ဖြစ်လာမှာဖြစ်ပြီး၊ ဒုတိယမဲအများဆုံးရသူက ဒုတိယသမ္မတ ၁ ၊ နဲ့ တတိယမဲအများဆုံးရသူက ဒုတိယသမ္မတ ၂ ဖြစ်လာမှာပါ။

  3. IMEI မှတ်ပုံတင်စနစ် - နိုင်ငံသားတွေအတွက် ဒစ်ဂျစ်တယ်ထိန်းချုပ်မှု နောက်တစ်ခုလား

    မြန်မာ့လူဦးရေ သန်း ၅၀ ကျော်မှာ ဖုန်းအသုံးပြုသူက သန်း ၆၀ ကျော်အထိရှိနေတယ်လို့ ဒစ်ဂျစ်တယ်နဲ့ ဖုန်းဆက်သွယ်ရေးအဖွဲ့တွေရဲ့အစီရင်ခံစာတွေမှာ ဖော်ပြပါတယ်။

    နိုင်ငံ့လူဦးရေထက် သန်းနဲ့ချီပြီး ဖုန်းအသုံးပြုတာ ပိုများတဲ့မြန်မာမှာ မိုဘိုင်းဖုန်းတစ်လုံး အသုံးပြုသူရဲ့အချက်အလက်တွေကို စောင့်ကြည့်နိုင်တဲ့နေရာမှာ အခရာအကျဆုံးဖြစ်တဲ့ IMEI ကုတ် နံပါတ်ကို မှတ်ပုံတင်ကြဖို့ စစ်ကော်မရှင်က ပြောပါတယ်။

    ဧပြီလ ၁ ရက်ဟာ ဖုန်းတွေကို မှတ်ပုံတင်ရမယ့် နောက်ဆုံးရက်ဖြစ်ပါတယ်။

    ဒီအချိန်မှာပဲ စစ်ကော်မရှင်က မိုဘိုင်းဖုန်းတွေကို အခွန်ကောက်နိုင်ဖို့နဲ့ ဖုန်းတွေကို တရားမဝင်တင်သွင်းတာ မဖြစ်တော့အောင် ဖုန်းမှာပါတဲ့ နိုင်ငံတကာသက်သေခံ ကုတ် (IMEI Code)ကို မှတ်ပုံတင်ဖို့ ပြောလာတာဖြစ်ပါတယ်။

    ဒါပေမဲ့ ဒီကုတ်ကို မှတ်ပုံတင်လိုက်ရင် ဖုန်းပိုင်ရှင် ဘယ်နေရာမှာ ရောက်နေတယ်၊ ဘာတွေအတွက် ဖုန်းကို အသုံးပြုနိုင်တယ်ဆိုတာမျိုးကို နည်းပညာပိုင်းအရ အာဏာပိုင်တွေလည်း သိနိုင်တာမို့ ပုဂ္ဂိုလ်ရေးအချက်အလက်လုံခြုံမှုအပိုင်းကို စိုးရိမ်ကြောင်း ပြည်တွင်းက မိုဘိုင်းဖုန်းသုံးစွဲသူတွေက ပြောကြပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။

  4. စစ်ကော်မရှင်က IMEI မှတ်ပုံတင်ခိုင်းတဲ့ နောက်ဆုံးရက်မှာ ဖုန်းဆင်းကတ်နဲ့ အရောင်းဆိုင်တွေမှာ တန်းစီသူတွေများ

    မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မိုဘိုင်းဖုန်းတွေထဲ ဆင်းကဒ်ထည့်အသုံးပြုဖို့ စစ်ကော်မရှင်က ကြေညာပြီးတဲ့နောက် ရန်ကုန်မြို့က ဈေးဝယ်စင်တာတွေနဲ့ ဖုန်း အော်ပရေတာ အရောင်းဆိုင်ခွဲတွေမှာ ဆင်းကတ်ဝယ်သူတွေနဲ့ eSIM လျှောက်သူတွေ ပြည့်နှက်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

    “ရွှေဂုံတိုင်၊ ကြက်လျှာစွန်းနားက Mytel ဆိုင်မှာဆိုလည်း လူတွေက ကြိတ်ကြိတ်တိုးပဲ။ အကုန်လုံး တန်းစီနေကြတာ ” လို့ ဗဟန်းမြို့နယ် နေထိုင်သူတစ်ဦးက ပြောပါတယ်။

    ရန်ကုန်မြို့၊ မြန်မာပလာဇာ ဈေးဝယ်စင်တာက ဖုန်းဆိုင်တွေမှာလည်း တန်းစီနေတဲ့လူတန်းရှည်ကြီးတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

    IMEI မှတ်ပုံတင်စနစ်ကြောင့် ဖုန်းဆင်းကတ် ဝယ်ယူသူနဲ့ အရောင်းဆိုင်တွေဘက်က လိုအပ်ချက်ကို ဖြည့်နိုင်စွမ်း ကွာဟနေတာ၊ မှတ်ပုံတင်စနစ်အပြောင်းအလဲမှာ နည်းပညာ အကွာအဟဖြစ်နေတာတွေက မိုဘိုင်းဖုန်း သုံးစွဲသူတွေ အခုလို တန်းစီမြင်နေရတဲ့အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တယ်လို့ ဖုန်းအရောင်းဆိုင်နဲ့ နည်းပညာသမားတွေက ပြောပါတယ်။

    “ဖုန်းတစ်လုံးကို အော်ပရေတာ ဆင်းကတ်နဲ့ ချိတ်လိုက်ပြီဆိုကတည်းက Device Info(စက်ရဲ့အချက်အလက်) က ပါသွားမှာပဲ။ ဆင်းကဒ် နှစ်ခုရှိရင် နှစ်ခုထည့်ထားရမယ်တို့ ဘာတို့ အဲလောက်အထိ မလိုဘူး။ မက်ဆေ့ တစ်စောင် ဝင်ထားရင်ကို ရတယ်။ ဖုန်းတွေမှာ မက်ဆေ့အဝင်အထွက် ရှိနေရင် ပြဿနာမရှိဘူး။ အဓိကကတော့ ကောင်တာထဲမှာ ထည့်ရောင်းထားတဲ့ပါကင်ပိတ်ဖုန်းတွေကတော့ ဆင်းကဒ်ထည့်ဖို့ မက်ဆေ့ အဝင်အထွက်ဖြစ်ဖို့ လိုပါတယ်” လို့ CEIR အကြောင်း လေ့လာထားတဲ့ နည်းပညာကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

    ပြည်တွင်းမှာ မိုဘိုင်းဖုန်းတွေကို အခွန်ကောက်နိုင်အောင် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register- CEIR)ကို စတင်ကျင့်သုံးမယ်လို့ စစ်ကော်မရှင်က မတ်လ ၅ ရက်နေ့မှာ ကြေညာခဲ့တာပါ။

    မတ်လ ၃၁ ရက်အထိ မိုဘိုင်းဖုန်းတွေထဲ ဆင်းကတ်ထည့်သုံးထားတာ မရှိရင် ဧပြီ ၁ ရက်ကစပြီး အခွန်ဆောင်ရမယ်လို့ စစ်ကော်မရှင်က ကြေညာထားတာပါ။

    CEIR ဝက်ဘ်ဆိုဒ်မှာ ဂဏန်း ၁၅ လုံး ရှိတဲ့ မိုဘိုင်းဖုန်းရဲ့ မူရင်းအမှတ်အသား (IMEI) ကို ရိုက်ထည့် ပြီး ဒဏ်ကြေးဆောင်ပြီးမှသာ ဆက်ပြီးအသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

  5. မင်္ဂလာပါ။ မတ် ၃၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။

    နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။