ဂင်းနစ်စံချိန် မှတ်တမ်းဝင် ကမ္ဘာ့အသက်အကြီးဆုံး ခွေးကြီး ဘော်ဘီ

Bobi has beaten the Guinness World Record for oldest dog that has stood for decades

ဓာတ်ပုံ ရင်းမြစ်, GUINNESS WORLD RECORDS

ဓာတ်ပုံ ပုံစာ, ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းမှာ ဆယ်စုနှစ်များစွာ တည်နေခဲ့တဲ့ ကမ္ဘာ့အသက်အရှည်ဆုံး ခွေးစံချိန်ကို ချိုးနိုင်ပြီး စံချိန်သစ် တင်ခဲ့တဲ့ ဘော်ဘီ

ပေါ်တူဂီနိုင်ငံက အသက် ၃၀ အရွယ်ရှိပြီ ဖြစ်တဲ့ ခွေးကြီး တကောင်ဟာ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး ခွေးကြီးအဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်း တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဘော်ဘီလို့ ခေါ်တဲ့ ခွေးသက်ရှည်ကြီးဟာ ပုံမှန်အားဖြင့် သက်တမ်း ၁၂ နှစ်ကနေ ၁၄ နှစ်အရွယ်အထိ နေနိုင်တဲ့ Rafeiro do Alentejo ခွေးမျိုးစိတ်က ဘာသွေးမှ မရောတဲ့ မျိုးကောင်း မျိုးသန့် ခွေးကြီး တကောင် ဖြစ်ပါတယ်။

အရင်က ကမ္ဘာ့စံချိန်မှတ်တမ်းတင်နိုင်ခဲ့တဲ့ အသက်အရှည်ဆုံး ခွေးကြီးကတော့ သြစတေးလျက ဘလူဝီလို့ ခေါ်တဲ့ ခွေးကြီး ဖြစ်ပါတယ်။ ၁၉၃၉ ခုနှစ် မှာ သေဆုံးသွားခဲ့တာ ဖြစ်ပြီး အဲဒီအချိန်က ဘလူဝီဟာ အသက် ၂၉ နှစ်နဲ့ ၅ လ အရွယ် ဖြစ်ပါတယ်။

အခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာတော့ ဘော်ဘီဟာ အသက် ၃၀ နဲ့ ၂၂၆ ရက် ရှိပြီ ဖြစ်ပြီး သူ့ အသက်အရွယ်နဲ့ အရဆို တော်တော် ကျန်းမာနေသေးတယ်လို့ ဆိုနိုင်ပါတယ်။

သူ့ အသက်အရွယ်နဲ့ ပတ်သက်လို့ ပေါ်တူဂီက National Union of Veterinarians က စီမံပေးနေတဲ့ အစိုးရရဲ့ အိမ်မွေး တိရစ္ဆာန်ဆိုင်ရာ အချက်အလက်တွေအရ ပြောနိုင်တာ ဖြစ်တယ်လို့ ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းများ ဌာနက ပြောပါတယ်။

ဘော်ဘီဟာ ပေါ်တူဂီ အနောက်ဘက် ကမ်းခြေပေါ်က Conqueiros ရွာကလေးမှာပဲ နေထိုင်လာခဲ့တာ ဖြစ်ပါတယ်။ ကော်စတာ မိသားစုရဲ့ ခြံအတွင်းက အဆောက်အအုံ တလုံးအတွင်းမှာ တခြား ခွေးပေါက်ကလေး ၃ ကောင်နဲ့ အတူ သူ့ကို မွေးခဲ့တာ ဖြစ်ပါတယ်။ သူ့ကို မွေးဖွားစဉ်က အသက် ၈ နှစ် ရှိပြီ ဖြစ်တဲ့ လီယွန်နယ် ကော်စတာက အဲဒီအချိန်က သူ့မိဘများဆီမှာ တိရစ္ဆာန်တွေ အဆမတန် များနေခဲ့လို့ အဲဒီ ခွေးလေးတွေကို ရှင်အောင် ဆက်မမွေးခဲ့ကြောင်းနဲ့ ဘော်ဘီက လွတ်သွားခဲ့တာ ဖြစ်တယ်လို့ ပြောပြပါတယ်။

Part of the secret to Bobi's longevity is said to lie in the peaceful environment he lives in

ဓာတ်ပုံ ရင်းမြစ်, GUINNESS WORLD RECORDS

ဓာတ်ပုံ ပုံစာ, ဘော်ဘီအသက်ရှည်ရခြင်း အကြောင်းတခုက အေးချမ်းတဲ့ နေရာတခုခုမှာ သက်သက်သာသာ လဲလျောင်းနေတတ်တာ ဖြစ်ပါတယ်။

လီယွန်နယ်နဲ့ သူ့ အစ်ကိုတွေက ဘော်ဘီ ကျန်နေသေးတာကို သူတို့ မိဘတွေမသိအောင် ဖုံးထားခဲ့ကြပါတယ်။ နောက်ဆုံး ပေါ်သွားတဲ့ အခါမှာတော့ ဘော်ဘီ့ကို မိသားစု ဝင်လို ဆက်ဆံခဲ့ကြပြီး သူတို့ စားတဲ့ အစားကိုသာ ဘော်ဘီ့ကို ကျွေးကြတဲ့ အထိ ဖြစ်ပါတယ်။

သံဘူးနဲ့ ထည့်ထားတဲ့ တိရစ္ဆာန်စာ စားမလား၊ အသားတုံး စားမလားဆို ဘော်ဘီက တုံ့ဆိုင်းနေတာမျိုး မရှိဘဲ လူစားတာကိုပဲ ရွေးပါတယ်လို့ မစ္စတာ ကော်စတာက ပြောပါတယ်။ ဘော်ဘီ စားနိုင်ဖို့ အတွက်တော့ အစာတွေကို ရေထဲ စိမ်ပြီး ဟင်းခတ်မှုန့်တွေကို အရင် ဖယ်ပေးရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြီးခဲ့တဲ့ ၂၀၁၈ အတွင်းကတော့ ဘော်ဘီ့ အသက်ရှူကြပ်ပြီး လဲကျသွားလို့ ဆေးရုံ ပြေးတင်ကြရပါတယ်။ အဲဒီ တကြိမ်က လွဲပြီး ဘော်ဘီဟာ တသက်လုံး ကျန်းမာရေး ဒုက္ခ သိပ်မရှိဘဲ နေနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဘော်ဘီအသက်ရှည်ရခြင်း အကြောင်းတခုက အေးချမ်း ဆိတ်ညံတဲ့ နေရာမှာ နေထိုင်ရခြင်းကြောင့် ဖြစ်မယ်လို့ မစ္စတာ ကော်စတာက ယူဆပါတယ်။ နောက် ဒီအသက်ရှည်ခြင်းက မျိုးရိုးလိုက်တာ မျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘော်ဘီ့ အမေဆို အသက် ၁၈ နှစ် အထိ နေသွားနိုင်ခဲ့ပါတယ်။ အခုတော့ ဘော်ဘီလည်း ဇရာကြောင့် လမ်းသိပ်မလျှောက်နိုင်သလို မျက်စိတွေလည်း မှုန်လာနေပါပြီ။ မစ္စတာ ကော်စတာကတော့ ဘော်ဘီဟာ ကော်စတာ မိသားစုတွေ မွေးမြူခဲ့ကြတဲ့ တိရစ္ဆာန် မျိုးဆက်များစွာနဲ့ ကြုံခဲ့ရတဲ့ အင်မတန် ထူးခြားတဲ့ ရှားရှားပါးပါး ခွေးကြီးပါပဲလို့ ဆိုပါတယ်။

ဘော်ဘီ ကမ္ဘာ့အသက်အရှည်ဆုံး အဖြစ် သတ်မှတ် မခံရခင် သီတင်း ၂ ပတ်လောက်မှာ တခြား ခွေးသက်ရှည် တကောင်ကို ဂင်းနစ် ကမ္ဘာ့ စံချိန် အဖြစ် မှတ်တမ်းတင်ခဲ့ကြပါသေးတယ်။ သူကတော့ စပိုက်ခ်လို့ ခေါ်တဲ့ ချီဟွာဟွာ ခွေးဖြစ်ပြီး အသက် ၂၃ နှစ် ရှိပြီ ဖြစ်ပါတယ်။

အခုတော့ ဂင်းနစ်က သူတို့ မှတ်တမ်းတွေကို အသစ်ရေးတင်လိုက်ပြီ ဖြစ်ပြီး ဘော်ဘီ သည်သာလျှင် ကမ္ဘာ့ပေါ်မှာ အသက်အကြီးဆုံးနဲ့ သမိုင်းအသက်အရှည်ဆုံး ခွေးကြီး ဖြစ်ပါတယ်။