ယူကေမှာ ဖျော်ဖြေပွဲပြီးဆုံးသွားတဲ့ တေလာဆွစ်ဖ်ဝင်ငွေ စံချိန်သစ်တင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယူကေပရိသတ် ၁.၂ သန်း ရှေ့မှောက်မှာ ဖျော်ဖြေခဲ့တဲ့ တေလာဆွစ်ဖ်
ဖတ်ရန်အချိန်: မိနစ် ၃

ပေါ့ပ် အဆိုတော် တေလာဆွစ်ဖ်ဟာ သူ့ရဲ့ Eras Tour လို့ခေါ်တဲ့ ကမ္ဘာလှည့်ဖျော်ဖြေမှုအစီအစဉ်ရဲ့ ဥရောပ ခရီးစဉ်ဖျော်ဖြေပွဲကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။

လန်ဒန်က ၀င်ဘလေ အားကစားကွင်းထဲ ဖျော်ဖြေခဲ့တဲ့ပွဲမှာ သိန်းသောင်းချီ လာရောက် အားပေးသူတွေကြောင့် အရင်က ရှိထားပြီးသား စံချိန်ကို ကျော်လွန်ခဲ့ပါတယ်။

သူနဲ့အတူ အင်္ဂလိပ် အဆိုတော်အဖွဲ့ Florence + The Machine သာမက အမေရိကန် အဆိုတော်လည်းဖြစ်၊ တေးရေးဆရာနဲ့ ထုတ်လုပ်သူလည်း ဖြစ်တဲ့ Bleachers တီးဝိုင်းက ရှေ့ထွက် အဆိုတော် Jack Antonoff တို့နဲ့လည်း ပူးတွဲ ဖျော်ဖြေမှုတွေ လုပ်ခဲ့ပါတယ်။

ဒါ့အပြင် တေလာဆွစ်ဖ်ဟာ နောက်ထွက်မယ့် အခွေသစ်ထဲက So Long, London ဆိုတဲ့ သီချင်းကို ပရိသတ် အတွက် ပထမဆုံး တိုက်ရိုက်တင်ဆက် ဖျော်ဖြေပေးခဲ့ပါတယ်။

ဒီဖျော်ဖြေပွဲဟာ အခုနှစ် နွေရာသီမှာ သူ့အတွက် ၈ ကြိမ်မြောက် ဝင်ဘလေကွင်းမှာ ဖျော်ဖြေတာ ဖြစ်ပြီး ၁၉၈၈ ခုနှစ်တုန်းက မိုက်ကယ် ဂျက်ဆင် တင်ထားတဲ့ တကိုယ်တော် ဖျော်ဖြေမှု စံချိန် အပါအဝင် ကျန်အားလုံးကို ကျော်ဖြတ် သွားခဲ့ပါတယ်။

''ပရိသတ်ကြီးကြောင့် ကျွန်မလည်း ဒီ ဝင်ဘလေကွင်းကြီးထဲမှာ ၈ ကြိမ်မြောက် တကိုယ်တော် ဖျော်ဖြေပွဲ တင်ဆက် နိုင်ခဲ့ပါပြီ၊ ကျွန်မတို့အနေနဲ့ အတိုင်းအဆ မရှိလောက်အောင်ကို ကျေးဇူးအထပ်ထပ် တင်မိပါတယ်''လို့ တေလာဆွစ်ဖ် က သူ့ပရိသတ်ကို ပြောကြားခဲ့ပါတယ်။

ဒီပွဲဟာ အကောင်းဆုံးပွဲတစ်ပွဲပါပဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Eras Tour ဟာ စံချိန်တင် ဝင်ငွေရခဲ့ပြီး တနှစ်ကျော်ကြာ သတင်းခေါင်းကြီးပိုင်းမှာ နေရာယူခဲ့

တေလာဆွစ်ဖ်ဟာ ယူကေ မှာတင်ဘဲ ပရိသတ်ပေါင်း ၁.၂ သန်း နီးပါးကို ဖျော်ဖြေခဲ့ပြီး တိုင်းပြည်စီးပွားရေး အတွက် သန်းတထောင်လောက် ဝင်ငွေ ရှာပေးခဲ့သူပါ။

လန်ဒန်မှာ သူဖျော်ဖြေခဲ့တဲ့ အကြိမ် အရေအတွက်ဟာ သူ့ခရီးစဉ်အတွင်း တခြား မြို့တွေမှာ ဖျော်ဖြေခဲ့တာထက် ပိုများပါတယ်။

လန်ဒန်က ပရိသတ်ကြီးရေ၊ ရှင်တို့ကို ဖျော်ဖြေရတာ အမြဲတမ်း အားရပြီး ဘဝမှာ အကောင်းဆုံး ဖျော်ဖြေမှုပါလို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ပွဲမှာ သူက ပြောသွားခဲ့ပါတယ်။

''အခုလိုမျိုး ခံစားမှုမျိုး ကျွန်မ အရင်က မဖြစ်ဖူးခဲ့ပါဘူး၊ ဒီလို ပရိသတ်မျိုး မကြုံခဲ့ရဖူးပါဘူး။ အရမ်းကို ကြည်နူးစရာကောင်းပါတယ်၊ ပရိသတ်ကြီးလည်းကျွန်မရဲ့ သီချင်း စာကြောင်းတိုင်းကို မှတ်မိနေကြတာမို့၊ ဒါဟာ ကျွန်မ အိပ်မက်တွေ အကောင်အထည်ပေါ်လာသလိုပါပဲ'' လို့ တေလာဆွစ်ဖ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တေလာဆွစ်ဖ်နဲ့ ဖလောရင့်စ် ဝေါ့လ်ချ် တို့နှစ်ယောက် Florida!!!သီချင်း ပူးတွဲ ဖျော်ဖြေစဉ်

တေလာဆွတ်ဖ်ဟာ သူ့ရဲ့ နောက်ဆုံး ဖျော်ဖြေချိန်မှာ Florence + The Machine အဖွဲ့က အဆိုတော် Florence Welch နဲ့ နှစ်ယောက်တွဲပြီး Florida!!!သီချင်း ဆိုသွားခဲ့ပါတယ်။

ဗြိတိန်က အဆိုတော် တယောက်ဖြစ်တဲ့ အဆိုတော် Florence Welch ကို မြင်ရချိန်မှာ ပရိသတ်ရဲ့ အော်ဟစ်မြူးတူးသံတွေ အကြီးအကျယ် ကြားခဲ့ပြီး အမျိုးသမီး အဆိုတော် နှစ်ယောက်ဟာ အတူတွဲ လမ်းလျှောက်လို့ တနည်း၊ မျက်နှာချင်းဆိုင် တဖုံ သံပြိုင်ဟစ်ကြွေး ဖျော်ဖြေခဲ့ကြပါတယ်။

တေလာဆွတ်ဖ် ရဲ့ Eras Tour ဖျော်ဖြေပွဲတလျှောက် အထူးခြားဆုံးကတော့ ပုံမှန်ဖျော်ဖြေမှုတွေမှာ သီဆိုလေ့ မရှိတဲ့ သီချင်းနှစ်ပုဒ် ဆိုပြခဲ့တာဘဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တေလာဆွစ်ဖ် နဲ့ Jack Antonoff တို့ ဖျော်ဖြေစဉ်

ပြီးခဲ့တဲ့ သီတင်းတုန်းကလည်း တေလာဆွစ်ဖ်ဟာ အက်ဒ် ရှီးရန်း နဲ့ Endgame သီချင်းနဲ့ Thinking Out Loud တို့ကို အတူတွဲ သီဆို ဖျော်ဖြေခဲ့ကြပါတယ်။

နောက်ဆုံးနေ့မှာတော့ သူရဲ့ ဂရမ်မီဆုဆွတ်ခူးခဲ့တဲ့ တေးအယ်ဘမ်တွေ ဖြစ်တဲ့ Folklore နဲ့ Midnights တွေ ထဲကလိုပဲ ပူးတွဲ ဖျော်ဖြေပေးခဲ့သူ Jack Antonoff ရဲ့ အကူအညီနဲ့ ဖျော်ဖြေမှုတွေလည်း လုပ်ခဲ့ပါတယ်။

ဒါ့အပြင် သူတို့နှစ်ယောက်ပေါင်းပြီး ဂစ်တာတီးကာ Death By A Thousand Cuts သီချင်းနဲ့ Getaway Car သီချင်းတွေကိုလည်း ဆိုပြခဲ့ပါတယ်။

လန်ဒန်ပရိသတ်နဲ့ အချိန်ကြာအဆက်ပြတ်နေခဲ့တဲ့ တေလာဆွစ်ဖ်ရဲ့ ပထမဆုံး ဖျော်ဖြေမှု

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီနောက် တေလာဆွစ်ဖ်ဟာ စန္ဒယား တီးပြီး သူ့ရဲ့ အခုနောက်ဆုံးထွက်ခဲ့တဲ့ တေးအယ်လ်ဘမ် The Tortured Poets Department ထဲက So Long, London သီချင်းနဲ့ ဖျော်ဖြေခဲ့ပါတယ်။

ဒီသီချင်းကို သူဖျော်ဖြေပါ့မလား ဆိုပြီး ပရိသတ်က ရက်အတန်ကြာ စောင့်ဆိုင်းခဲ့တာပါ။ ဒီသီချင်းဟာ သူ့ရဲ့ အရင် ရည်းစား ဗြိတိသျှ ရုပ်ရှင် မင်းသား Joe Alwyn နဲ့ အသည်းကွဲခဲ့စဉ် စပ်ဆိုထားတဲ့ သီချင်းလို့ အများက မှတ်ယူနေကြပါတယ်။

သူတို့နှစ်ယောက် ချစ်ကြိုက်ခဲ့စဉ်၊ ကိုဗစ် ကပ်ရောဂါ ကာလအတွင်း လန်ဒန်က Primrose Hill အရပ်မှာ နေထိုင်ခဲ့ကြပြီး ချစ်သူ Joe Alwyn ကို ရည်ညွန်းကာ London Boy ဆိုတဲ့ သီချင်းကို ရေးသား ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ခြောက်နှစ်ကြာလာတဲ့ အခါ သူတို့ နှစ်ယောက် ဆက်ဆံရေးဟာ မနှစ်က ကွဲသွားခဲ့ပြီး အဲဒီကွဲသွားတဲ့ အချိန်ဟာ တေလာဆွတ်ဖ် မြောက်အမေရိကတိုက်မှာ Eras Tour ဖျော်ဖြေပွဲ ကျင်းပခဲ့ပြီး တလအကြာမှာ ဖြစ်ပါတယ်။

On So Long, London ဆိုတဲ့ သီချင်းကတော့ လန်ဒန်က အချစ်ဇာတ်လမ်း အဆုံးသတ်သွားတဲ့ အကြောင်းပါ။ ''မင်း ငါ့ကို Heath ... အရပ် က အိမ်မှာ ထားခဲ့တယ်၊ ကျွန်မ ရှင့်ကို စိတ်ပျက်တယ်၊ ကျွန်မရဲ့ နုနယ်ပျိုမြစ်မှုတွေ အကုန်လုံး လှူလိုက်ပါပြီ'' လို့ သီချင်းထဲမှာ ရေးသားထားပါတယ်။

ဓာတ်ပုံ ပုံစာ, သူစင်ပေါ်က လှုပ်ရှားမှုမှမှုမှန်သမျှ မပြတ် ရိုက်ယူနေတဲ့ လန်ဒန် ပရိသတ်

တေလာဆွစ်ဖ်ရဲ့ ၃ နာရီခွဲကြာ ဖျော်ဖြေပွဲ အဆုံး သူစင်ပေါ်က ဆင်းသွားပြီနောက်မှာ ပရိသတ်တွေ စတင်ထွက်ခွာစဉ် ကွင်းထဲက စခရင်ကြီးနောက်ခံနဲ့ သူ့ရဲ့ သီချင်း ဗီဒီယို အတွက် ရိုက်ကူးရေး လုပ်ဆောင်ခဲ့ပါတယ်။

ကန့်လန်ကာ နောက်ကွယ်က မြင်ကွင်းတွေ ရိုက်ကူးရေးမှာ Eras tour ရဲ့ ကြီးမား ခန့်ညားမှုနဲ့ သူရဲ့ ခရီးသွားရာ လမ်းကြောင်း အပြင် သူ့ရဲ့ "stage dive" သီချင်းကို လေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။

အသည်းကွဲပေမဲ့လည်း ရှေ့ဆက်နိုင်တယ်(I Can Do It With A Broken Heart) နာမည်နဲ့သီချင်း က သံစဉ် နောက်ခံနဲ့ သီချင်းဗီဒီယိုဟာ လတ်တလော ထွက်ရှိတဲ့ အယ်လ်ဘမ်ရဲ့ ကြော်ငြာ သီချင်း ဖြစ်ပါတယ်။

ဒီဗီဒီယိုမှာ သူ့ဖျော်ဖြေပွဲ ခရီးစဉ် အဖွင့်ပြကွက်တွေ ပါဝင်ပြီး ရည်းစားဟောင်း Alwyn နဲ့ ကွဲတုန်းက စိတ်ခံစားမှုတွေ ထင်ဟပ်စေခဲ့ပါတယ်။

''ကျွန်မ ဖျော်ဖြေတဲ့ သီချင်းတွေ အားလုံးမှာ ပရိသတ်က ထပ်ဆိုပါ၊ ထပ်ဆိုပြပါဦး ဆိုတဲ့ အသံတွေကြောင့် အံ့သြတုန်လှုပ်ရပါတယ်'' လို့ ဖျော်ဖြေမှာ ပြောဆိုသွားခဲ့ပါတယ်။