ဓာတ်ပုံတွေက ပြောတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဘဝမှတ်တမ်း

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရဲ့ ပုံတူဓာတ်ပုံ
ဖတ်ရန်အချိန်: မိနစ် ၆

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ရိုမန်ကက်သလစ် အသင်းတော်ကို ဆယ်စုနှစ်တစ်ခုကျော်ကြာ ဦးဆောင်ခဲ့အပြီး သက်တော် ၈၈ နှစ်မှာ ပျံလွန်တော်မူသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဗာတီကန်နန်းတော် စိန့်ပီတာ ဘာဆေးလီကာ ကျောင်းဆောင်ရဲ့ လသာဆောင်ပေါ်ကနေ ပုပ်ရဟန်းမင်းကြီးက ဝတ်ပြုသူ ထောင်ပေါင်းများစွာကို "ပျော်ရွှင်စရာ အီစတာပွဲတော် ဖြစ်ပါစေ" ဆိုပြီး ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။ ဒါက ပျံလွန်တော်မမူခင် လူထုရှေ့မှောက် နောက်ဆုံး တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဘီးတပ်လှည်းပေါ်မှာ ထိုင်ရင်း ပုပ်ရဟန်းမင်းကြီးက စိန့်ပီတာ ရင်ပြင်ပေါ်က ဝတ်ပြုသူတွေကို လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Tiziana Fabi/Getty Images

ဓာတ်ပုံ ပုံစာ, ဘီးတပ်လှည်းပေါ်မှာ ထိုင်ရင်း ပုပ်ရဟန်းမင်းကြီးက ဝတ်ပြုသူတွေကို လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့

ကာဒီနယ်ဘုန်းတော်ကြီး ဟော်ဟေး မာရီယို ဘယ်ဂိုလီယို ဟာ ၂၀၁၃ ခုနှစ်မှာ ပုပ်ရဟန်းမင်း ဘန်းနဒစ် (၁၆) ရဲ့ အရိုက်အရာနေရာမှာ ဆက်ခံဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ သူဟာ အပြင်လူတစ်ဦး ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဟာ ရိုမန်ကက်လစ် အသင်းတော်ကို ဦးဆောင်တဲ့ ပထမဆုံး လက်တင် အမေရိကန် လူမျိုးလည်းဖြစ်၊ ပထမဆုံး ယေဇူးအသင်းဝင်လည်းဖြစ်ပြီး သူလိုပုဂ္ဂိုလ်မျိုးကို ပုပ်ရဟန်းမင်းအဖြစ် ခန့်အပ်တာမျိုးက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ဘဝမှတ်တမ်းကို ထင်ဟပ်ပြနေတဲ့ ဓာတ်ပုံတချို့ကို ကြည့်ကြရအောင်ပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပုပ်ရဟန်းမင်း ဖရန်စစ် (ယာ) က ပုပ်ရဟန်းမင်း အီမယ်ရစ်တပ်စ် ဘန်းနဒစ် (၁၆) ကို ကြိုဆိုနှုတ်ဆက်နေစဉ်

ဟော်ဟေး မာရီယို ဘယ်ဂိုလီယို ကို ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်မှာ အာဂျင်တီးနားနိုင်ငံ ဗြူနိုအေးရိစ်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး ကမ္ဘာပေါ်မှာ သြဇာအလွှမ်းမိုးဆုံး ဘာသာရေးခေါင်းဆောင်တွေထဲက တစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Jesuit General Curia via Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၄၀ ပြည့်လွန်နှစ်ပိုင်းတွေအတွင်း ဗြူနိုအေးရိစ်မြို့က ကျောင်းသားငယ်အဖြစ် ဟော်ဟေး မာရီယို ဘယ်ဂိုလီယို ကိုတွေ့ရပုံ

နိုင်ငံရွှေ့ပြောင်းလာသူ အီတာလျံလူမျိုး လက်လုပ်လက်စား မိသားစုတစ်စုမှာ မွေးဖွားလာခဲ့သူ ဟော်ဟေး မာရီယို ဘယ်ဂိုလီယို မောင်နှမ ၅ ယောက်ထဲမှာ အကြီးဆုံးဖြစ်ပြီး သူ့ရဲ့ ကလေးဘဝ အစပိုင်းမှာဘာသာတရားကို လေးလေးနက်နက် ကိုင်းရှိုင်းရင်း ကြီးပြင်းလာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Jesuit General Curia / Getty Images

ဓာတ်ပုံ ပုံစာ, နေ့စွဲမဖော်ပြထားတဲ့ ဒီဓာတ်ပုံထဲမှာ ဘုန်းတော်ကြီးဖြစ်ခါစ ဟော်ဟေး ဘယ်ဂိုလီယို (အပေါ်ဆုံးအတန်း ၊ ဝဲဘက်ကနေ ဒုတိယ) ကို ဗြူနိုအေးရိစ်မြို့မှာ သူ့ရဲ့မိသားစုဝင်တွေအတူ တွေ့ရပုံ

၁၉၆၉ ခုနှစ်က ဘုန်းကြီးအဖြစ် ခန့်အပ်ခံခဲ့ရအပြီးမှာ ဘယ်ဂိုလီယို ဟာ ယေဇူး အသင်းတော်မှာ ရာထူးတစ်ဆင့်ပြီး တစ်ဆင့် အလျင်အမြန် တက်လာခဲ့ပြီး ၁၉၇၃ ခုနှစ်မှာ အာဂျင်တီးနား ယေဇူးအသင်းတော်ရဲ့ ပြည်နယ်အဆင့် အကြီးဆုံးခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, API / GAMMA / Gamma-Rapho via Getty Images

ဓာတ်ပုံ ပုံစာ, ဟော်ဟေး ဘယ်ဂိုလီယို (ပွဲတော်ခွက် ကိုင်ထား) ကို ၁၉၇၆ ခုနှစ်က တွေ့ရစဉ်

၁၉၉၈ ခုနှစ်မှာ ဘယ်ဂိုလီယို ဟာ ဗြူနိုအေးရိစ်မြို့ရဲ့ ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၂၀၀၉ ခုနှစ် သြဂုတ်လ ၇ ရက်နေ့က ဗြူနိုအေးရိစ်မြို့မှာ ဟော်ဟေး ဘယ်ဂိုလီယို က ဝတ်ပြုသူတွေကို နှုတ်ဆက်နေပုံ

ဆင်းရဲသားတွေဆီ အရောက်သွားပြီး လူသားချင်း စာနာထောက်ထား၊ ဂရုတစိုက် အားပေးခဲ့တာတွေ၊ ရိုးရိုးတိုက်ခန်းလေးတစ်ခုမှာပဲ နေထိုင်ခဲ့ပြီး အများသုံး ဘတ်စ်ကား၊ ရထားတွေနဲ့ပဲ သွားလာခဲ့တာတွေ၊ အထက်ရုံးခန်းတွေမှာ နေရာပေးတာကို လက်မခံဘဲ လူမှုအသိုင်းအဝိုင်းနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံခဲ့တာတွေကြောင့် ဘုန်းတော်ကြီး ဟော်ဟေး ဘယ်ဂိုလီယို နာမည်ရလာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, ၂၀၀၈ ခုနှစ်က ဂိုဏ်းချုပ်ဘုန်းတော်ကြီးအဖြစ် တာဝန်ယူနေစဉ် ဟော်ဟေး ဘယ်ဂိုလီယို ကို ဗြူနိုအေးရိစ်မြို့ မြေအောက်ရထားပေါ်မှာ တွေ့ရစဉ်

၂၀၀၁ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် (၂) က ဟော်ဟေး ဘယ်ဂိုလီယို ကို ကာဒီနယ်တစ်ဦးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ သူဟာ ရိုမင်ကက်သလစ်အသင်းတော်ရဲ့ အရပ်ဘက် ဝန်ဆောင်မှုလုပ်ငန်းမှာ တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၂၀၀၈ ခုနှစ်က ဆုတောင်းဝတ်ပြုပွဲတစ်ခုအတွင်း ကာဒီနယ် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဟော်ဟေး ဘယ်ဂိုလီယို က မူးယစ်ဆေးစွဲ လူနာတစ်ဦးရဲ့ ခြေထောက်ကို ဆေးပေးနေပုံ

၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာတော့ ရိုးရိုးစင်းစင်း အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ ပုပ်ရဟန်းမင်းကြီးသစ် ဖရန်စစ် ဟာ စိန့်ပီတာ ရင်ပြင်ကို လှမ်းမျှော်တွေ့ရနိုင်တဲ့ လသာဆောင်ပေါ်ကနေ ဝတ်ပြုသူတွေကို ပထမဆုံးအကြိမ် လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့ပါတယ်။

သူဟာ သဘာဝပတ်ဝန်းကျင်၊ တိရစ္ဆာန်နဲ့ ကျေးငှက်တွေကို ကာကွယ်စောင့်ရှောက်တဲ့ အက်စီစီမြို့က သူတော်စင် စိန့်ဖရန်စစ် ကို ဂါရဝပြုတဲ့အနေနဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဆိုတဲ့ အမည်သစ်ကို ခံယူခဲ့ပြီး သနားကြင်နာမှု၊ လူသားချင်းစာနာမှု၊ လူမှုရေးမျှတမှု ကိစ္စရပ်တွေမှာ အခိုင်အမာ အလေးအနက် ဆောင်ရွက်သွားမယ်လို့ ဂတိပြုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, L'Osservatore Romano / Reuters

ဓာတ်ပုံ ပုံစာ, ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အဖြစ် ခန့်အပ်ခံခဲ့ရအပြီး ဟော်ဟေး ဘယ်ဂိုလီယို က လူအုပ်ကြီးကို လက်ဝှေ့ယမ်းနှုတ်ဆက်နေပုံ

ဆီးရီးယားနိုင်ငံဖွား ဂရက်ဂရီ (၃) ပျံလွန်တော်မူခဲ့တဲ့ ၇၄၁ ရာစုကတည်းကစလို့ ဥရောပလူမျိုး မဟုတ်တဲ့ ဘုန်းတော်ကြီး တစ်ပါးမှ ပုပ်ရဟန်းမင်းကြီးအဖြစ် ခန့်အပ်မခံခဲ့ရပါဘူး။

အခု ပုပ်ရဟန်းမင်းကြီးရဲ့ ရှေးရိုးအတိုင်းမဟုတ်တဲ့ နောက်ခံသမိုင်းကြောင်းကြောင့် ရိုမန်ကက်သလစ် အသင်းတော် အသစ်ပြန်လည်မွေးဖွားလာရေးနဲ့ ဘာသာရေးလုပ်ငန်းစဉ် ခိုင်မာလာရေးတွေမှာ အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၁၄ ခုနှစ် သြဂုတ်လက စိန့်ပီတာ ရင်ပြင်မှာ လူအုပ်ကြီးကို ပုပ်ရဟန်းမင်းကြီး လက်ဆွဲနှုတ်ဆက်နေပုံ

ရာထူး စလက်ခံယူခဲ့ကတည်းကိုက ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဟာ ပုပ်ရဟန်းမင်းကြီးအနေနဲ့ ရိုးစင်းမှု၊ ဝန်ဆောင်မှုကိုပဲ အဓိကထား အာရုံစိုက် လုပ်ဆောင်သွားမယ်ဆိုတာကို ပြတ်ပြတ်သားသား ထုတ်ဖော် ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၁၈ ခုနှစ်က အီတလီနိုင်ငံတောင်ပိုင်းမှာ တခြားဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့အပြီး အီဂျစ် ကော့ပ်တစ် အော်သိုဒေါ့စ် ပုပ်ရဟန်းမင်းကြီး တာဝါဒရော့စ် ငြိမ်းချမ်းရေးအထိမ်းအမှတ် ချိုးဖြူ တစ်ကောင် လွှတ်ပေးနေတာကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပြုံးပြီး ကြည့်နေပုံ

အရှေ့ပိုင်း အော်သိုဒေါ့စ် ခရစ်ယာန်အသင်းတော်နဲ့ နှစ်ပေါင်းထောင်ချီ မသင့်မမြတ် ဖြစ်နေတာကို ပြန်ကုစားဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အားထုတ် ကြိုးပမ်းခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အင်္ဂလီကန်၊ လူသာရန်၊ မက်သဒစ် စတဲ့ တခြား ခရစ်ယာန်အသင်းတော်တွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အစ္စရေးနဲ့ ပါလက်စတိုင်း သမ္မတတွေကို သူ့နဲ့အတူ ငြိမ်းချမ်းရေး ဝတ်ပြုဆုတောင်းဖို့ စည်းရုံးသိမ်းသွင်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ်က ဗာတီကန်နန်းတော်မှာ အပတ်စဉ် လူထုနဲ့တွေ့ဆုံမှုအပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က ခရစ်ယာန် မယ်သီလရှင်တွေကို နှုတ်ဆက်နေပုံ

သူ့ရဲ့ ပုပ်ရဟန်းမင်းကြီး သက်တမ်းအတွင်းမှာ စိန်ခေါ်မှုတွေ မရှိဘဲ မနေခဲ့ပါဘူး။ ရှေးရိုးအစဉ်အလာ စည်းမျဉ်းတွေကနေ သူ ရှောင်ခွာသွားတယ်လို့ ယူဆနေတဲ့ ကက်သလစ်အသင်းတော်တွင်းက ရှေးရိုးစွဲ အသင်းဝင်တွေဆီက အာခံ ဆန့်ကျင်မှုတွေနဲ့ ပုပ်ရဟန်းမင်းကြီး ကြုံတွေ့ခဲ့ရပါတယ်။

ပုပ်ရဟန်းမင်း ရာထူးသက်တမ်းအစမှာပဲ လိင်တူချင်းစိတ်ဝင်စားသူတွေနဲ့ ပတ်သက်လို့ သူ့ကို မေးကြည့်ခဲ့ရာမှာ သူက "လူတွေကို ဝေဖန် အဆုံးအဖြတ်ပေးရအောင် ကျွန်တော်က ဘယ်သူမို့လဲ" ဆိုပြီး ပြန်ဖြေခဲ့တဲ့အတွက် ဟိုးလေးတကြော် ဖြစ်သွားခဲ့ရပါတယ်။

သူ့ရဲ့ ပုပ်ရဟန်းမင်းကြီး ဘဝမှာ အကြီးမားဆုံး စိန်ခေါ်မှုကြီးကတော့ ကလေးငယ်တွေကို မတော်မတရား ပြုကျင့်မှုအပေါ် ကိုင်တွယ်ဖြေရှင်းဖို့ သူပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NurPhoto via Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ်က စိန့်ပီတာရင်ပြင်မှာ လူအုပ်ကြီးနဲ့ အပတ်စဉ် တွေ့ဆုံနှုတ်ဆက်မှုအတွင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို တွေ့ရစဉ်

ကလေးငယ်တွေအပေါ် မတော်မတရားပြုကျင့်မှုတွေကို အထက်အဆင့် ဘုန်းတော်ကြီးတွေထံ သတင်းပို့ကြဖို့ အသင်းတော်ဝင်တွေကို ပုပ်ရဟန်းမင်းကြီးက အမိန့်ထုတ်ထားပြီး သတင်းပေးသူတွေကို ခြိမ်းခြောက်အပြစ်ပေးတာမျိုး မလုပ်ရဘူးလို့ ပြောထားပေမဲ့လည်း ဒီအမိန့်ကို တကယ်တမ်း လိုက်နာတာမျိုး မရှိကြဘူးဆိုတာ ဖော်ထုတ်တွေ့ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ်က ဗာတီကန်စီတီးမြို့မှာ အသက် ၉၅ နှစ်အရွယ် အဘွားအိုတစ်ဦးကို ပုပ်ရဟန်းမင်းကြီး ကောင်းချီးပေးနေစဉ်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၈ ရက်က ကက်သလစ် ခရစ်ယာန်အသင်းတော် အထူးဂျူဗလီနှစ် စတင် ကျင်းပခဲ့ပါတယ်။

ဒီအချိန်ကာလအတွင်း စိန့်ပီတာ အပါအဝင် ရောမမြို့က အရေးပါတဲ့ ဘုရားကျောင်းဆောင်တွေရဲ့ တံခါးမကြီးတွေကို ဖွင့်လှစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ကက်သလစ်အသင်းတော် ဂျူဗလီ အထိမ်းအမှတ်နှစ် စတင်တဲ့အနေနဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က စိန့်ပီတာ ဘာဆေးလီကာ ကျောင်းဆောင်ရဲ့ တံခါးပေါက်ကို ဖွင့်နေပုံ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဟာ ၂၀၂၄ ခုနှစ် G7 စက်မှုထိပ်သီးနိုင်ငံများ ညီလာခံကို တက်ရောက်ခဲ့ပြီး G7 ညီလာခံကို ပထမဆုံး တက်ရောက်တဲ့ ပုပ်ရဟန်မင်းကြီး ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bloomberg via Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ် အီတလီနိုင်ငံ ဆဗယ်လက်ထရီမြို့မှာ ကျင်းပတဲ့ G7 စက်မှုထိပ်သီးနိုင်ငံများ အစည်းအဝေးမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကို အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ နဲ့အတူ ယှဉ်တွဲ ဓာတ်ပုံရိုက်ခံနေစဉ် တွေ့ရပုံ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က အထူးသဖြင့် ယူကရိန်းနဲ့ ဂါဇာမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေလို ပဋိပက္ခမျိုးတွေကြောင့် လူသားချင်းစာနာ ကယ်ဆယ်ရမယ့် အခြေအနေမျိုးတွေ အကြီးအကျယ် ရင်ဆိုင်လာရဖွယ် ရှိတယ်လို့ အီတလီနိုင်ငံက ဖိုရမ်တစ်ခုမှာ မီးမောင်းထိုး ပြောပြသွားခဲ့ပါတယ်။

ဒါ့အပြင် AI အသုံးပြုမှုတွေကြောင့် လူ့ကျင့်ဝတ်နဲ့ လူ့အခွင့်အရေးတွေအပေါ် အန္တရာယ်ရှိလာနိုင်တယ်လို့လည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က သတိပေးခဲ့ပြီး ကမ္ဘာတဝန်း စည်းမျဉ်းချမှတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ် ဇွန်လ ၇ ရက်နေ့က ဂါဇာဒေသ ငြိမ်းချမ်းရေး ဝတ်ပြုဆုတောင်းဖို့ အစ္စရေးနဲ့ ပါလက်စတိုင်း သံအမတ်ကြီးတွေကို ဗာတီကန်ဥယျာဉ်မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အတူဖိတ်ခေါ်ခဲ့

"My Story Through History" လို့ အမည်ပေးထားတဲ့ သူ့ရဲ့ ဘဝအတ္ထုပတ္တိ စာအုပ်ထဲမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကျန်းမာရေးဆိုးဝါးမှုတွေ ဆက်တိုက်ဖြစ်ခဲ့အပြီး သူတာဝန်ကနေ အနားယူဖွယ်ရှိတယ်ဆိုတဲ့ထင်ကြေးပေး ပြောဆိုမှုတွေရှိနေတဲ့ကြားက သူတာဝန်ကနေ နုတ်ထွက်မယ့် အလား အလာမျိုးမရှိဘူးလို့ ရေးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဝတ်ပြုသူ လူအုပ်ကြီးနဲ့ တွေ့ဆုံနှုတ်ဆက်ဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဗာတီကန်နန်းတော်က ပုပ်ရဟန်းမင်းကြီး ပေါလ် (၆) ခန်းမဆီ ရောက်ရှိလာစဉ်

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာ လေပြွန်ရောင်တဲ့ ရောဂါဖြစ်နေကြောင်း စမ်းသပ်တွေ့ရှိခဲ့အပြီး ဆေးရုံတင်ခဲ့ပါတယ်။ အဲဒီနောက် ကျန်းမာရေးအရ နောက်ထပ် စိုးရိမ်စရာရှိတာကြောင့် ဆေးကုသမှုတွေ လုပ်ဖို့ သူ့ကို ဆေးရုံမှာ ဆက်ထားထားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဟာ တုတ်ကောက်နဲ့ သူ့ကိုယ်သူ ထိန်းပြီး လမ်းလျှောက်ခဲ့ရ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဟာ သနားကြင်နာမှု၊ လူသားချင်းစာနာမှု၊ လူမှုရေး မျှတမှု အမြင်တွေနဲ့ ကမ္ဘာတဝန်းက ကက်သလစ်ခရစ်ယာန် ဘာသာဝင် ၁ ဒသမ ၂ ဘီလျံကို ဦးဆောင်ခဲ့ပြီး ကက်သလစ်အသင်းတော်ကြီးရဲ့ အမြင့်ဆုံး ရာထူးနေရာမှာ ရှိနေပေမဲ့ ရိုးစင်းစွာ နေထိုင်ပြီး တာဝန်ထမ်းရွက်ခဲ့မှုကြောင့် ကြီးမားတဲ့ ကောင်းကျိုးကို ဖော်ဆောင်နိုင်ကြောင်း ထင်ဟပ်ပြသ သွားနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပုပ်ရဟန်းမင်းကြီး ဖရန်စစ် လက်ဝှေ့ယမ်း နှုတ်ဆက်နေပုံ