ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒီဇင်ဘာ ၂၃ ရက် ထိပ်တန်းသတင်းများ - မန်တုံမြို့ကို TNLA ထိန်းချုပ်
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊မန်တုံမြို့ကို တအာင်းတပ် (TNLA) က ဒီကနေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
မန်တုံကနေ နမ္မတူကို စစ်ရှောင်လာသူတွေကရော လားရှိုးဒေသခံတွေကပါ ဒီသတင်းကို အတည်ပြုသလို ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ ရွှေဖီမြေကလည်း မန်တုံမြို့ကို တအာင်းတပ် က သိမ်းပိုက်လိုက်ပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။
TNLA တပ်တွေက မန်တုံအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ-၁၃၀) ကို ဒီဇင်ဘာ ၁၄ ရက်ကတည်းက ထိုးစစ်ဆင်ခဲ့ပြီး ၁၀ ရက်ကြာ တိုက်ခိုက်ခဲ့ပြီးမှ သိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ မန်တုံမြို့ဘက်ခြမ်းကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေပြီး လေကြောင်းတိုက်ခိုက်နေတာတွေကြောင့် မန်တုံမြို့ကို ပြန်လို့မရသေးဘူးလို့ ဒေသခံစစ်ရှောင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မန်တုံမြို့တိုက်ပွဲမှာ ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၂ ရက်အတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ် ၄၀ ကျော် ပြုလုပ်ခဲ့တာကြောင့် အရပ်သားနေအိမ်တွေပါ ပျက်စီးပြီး ထိခိုက်သေဆုံးတာတွေရှိတယ်လို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။
မန်တုံမြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီးအတည်ပြုနိုင်ဖို့ ဘီဘီစီက TNLA ပြန်ကြားရေးဌာနကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။
စစ်ကောင်စီဘက်ကလည်း မန်တုံတိုက်ပွဲနဲ့ပတ်သက်လို့ တစ်စုံတစ်ရာထုတ်ပြန်လာခြင်းမရှိသေးပါဘူး။
မန်တုံ အနီးက နမ္မတူမြို့မှာလည်း ဒီနေ့ မနက်ပိုင်းမှာ စစ်တပ်က လက်နက်ကြီးနဲ့ မြို့အစပ်ကကျေးရွာတွေကို ပစ်ခတ်နေတာတွေရှိတယ်လို့ နမ္မတူဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
TNLA ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဒီဇင်ဘာ၂၂ ရက် တစ်ရက်တည်းမှာပဲ စစ်တပ်က နမ္မတူမြို့က ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ အကြိမ် ၈၀ ထက်မနည်းပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ကိုလည်း TNLA တပ်တွေက ဒီဇင်ဘာ ၁၅ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိအချိန်ထိ ထိန်းချုပ်ထားပါတယ်။
ရခိုင်မှာ ဒေသခံ ၁၈ ဦး ဖမ်းဆီးခံရတယ်လို့ အေအေထုတ်ပြန်
ရခိုင်ပြည်နယ်က စစ်တွေ၊ သံတွဲနဲ့ တောင်ကုတ်မြို့တွေမှာ မနေ့ကတစ်ရက်တည်း ဒေသခံ ၁၈ ဦး ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ မြောက်ပိုင်းညီနောင်၃ဖွဲ့က ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ စစ်တွေမြို့က ၁၁ ဦး၊ တောင်ကုတ်က ၆ ဦး နဲ့ သံတွဲမြို့က ၁ ဦးပါဝင်ပြီး တောင်ကုတ်မှာ ၃ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အနီးနားကျေးရွာတွေကနေ စစ်တွေမြို့မဈေးမှာ ဈေးဝယ်ဖို့ ရေလမ်းကလာတဲ့ ရွာခံတွေကို ဈေးအနီးက ကိုရီးယားဆိပ်ကမ်းမှာ ဖမ်းဆီးခဲ့တာလို့ မြို့မဈေးအနီးမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
“ကုန်းကြောင်းရော ရေကြောင်းရော နှစ်ခုလုံးမှာ စစ်တပ်က အဝင်အထွက်ကို ပိတ်ထားတာ တစ်လကျော်နေပြီ။ ရိက္ခာမရှိတော့ စစ်တွေမြို့အနီးက ရွာတွေက မြို့ပေါ်ကို ရေလမ်းကနေခိုးဝင်ပြီး ဈေးလာဝယ်ကြတာပေါ့။ အဲဒီလူတွေကို ဖမ်းနေတာ။ မနေ့ကတော့ ၁၀ ယောက်ကျော်ဖမ်းသွားတယ်” လို့ သူက ပြောပါတယ်။
ရခိုင်မှာတိုက်ပွဲတွေပြန်ဖြစ်ခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကနေ လက်ရှိအချိန်အထိ စစ်တွေအပါအဝင် မြို့တော်တော်များများကို တစ်မြို့ကနေတစ်မြို့ သွားလာလို့မရအောင် မြို့ အဝင်အထွက်တွေကို ပိတ်ထားတယ်လို့ ဆိုပါတယ်။
စစ်တွေ၊ သံတွဲ၊ တောင်ကုတ်အပါအဝင် မောင်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲနဲ့ မြောက်ဦးတို့မှာလည်း ဒေသခံတော်တော်များများက စစ်တပ်ရဲ့ ဖမ်းဆီးတာခံနေရတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အေအေရဲ့ ဒီဇင်ဘာ ၁၄ ရက် ထုတ်ပြန်ချက်ထဲမှာလည်း ဒီဇင်ဘာ ၁၀ ရက်ဝန်းကျင်အတွင်း စစ်တွေ၊ မင်းပြားနဲ့ ပေါက်တောမြို့နယ်က ဒေသခံ ၅၀ ကျော်ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ကြေညာထားပါတယ်။
စစ်တွေမြို့ဒေသခံတစ်ဦးကတော့ လမ်းကြောင်းတွေပိတ်ထားတာကြောင့် ရိက္ခာတွေပြတ်လပ်ပြီး စားရေးသောက်ရေးခက်ခဲတဲ့ အခြေအနေကို ရင်ဆိုင်နေရသလို ကုန်ဈေးနှုန်းအဆမတန်မြင့်တက်တာတွေ ကြုံနေရတယ်လို့ ဘီဘီစီကိုပြောပါတယ်။
“ဆန်တစ်အိတ်ကို နှစ်သိန်းခွဲဖြစ်နေပြီ။ စက်သုံးဆီကလည်း တစ်လီတာကို နှစ်သောင်းခွဲဆိုတော့ မြို့ထဲသွားလာဖို့ ဆိုင်ကယ်တောင်မစီးနိုင်တော့ဘူး၊ ဆက်ပြီးတောင့်ခံဖို့ မဖြစ်နိုင်တော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရှမ်းမြောက်က ဘဏ်တွေ ဘယ်လို အလုပ်လုပ်နေလဲ
ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေ ကြောင့် မူဆယ် နဲ့ လားရှိုးလို မြို့ကြီးတွေက ဘဏ်တွေ မှာ ငွေသွင်း၊ ငွေထုတ် နဲ့ ပတ်သက်တဲ့ အပြောင်းအလဲတွေ ကြုံနေရလို့ အဆင်မပြေမှုတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
“ဘဏ်မှာငွေသွားလွှဲတာ လက်မခံဘူး။ အကောင့်ထဲကနေ ထုတ်တာလည်း မရခဲ့ဘူး”လို့ ပုဂ္ဂလိက ဘဏ်အသုံးပြုသူ မူဆယ်မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
နောက်ထပ်မြို့ခံတစ်ဦးရဲ့အပြောအရ မူဆယ်မှာရှိတဲ့ ပုဂ္ဂလိက ဘဏ်တချို့မှာ ငွေလွှဲတာအပြင် ငွေသွင်း၊ ငွေထုတ်ဝန်ဆောင်မှုတွေ လုပ်လို့ရနေပေမယ့် ငွေထုတ်မယ်ဆိုရင်တော့ အကောင့်လက်ကျန်ငွေရဲ့ ၂၀ ရာခိုင်နှုန်းသာ ပေးထုတ်တော့တယ်လို့ သိရပါတယ်။
မူဆယ်က ဘဏ်ဝန်ဆောင်မှုအခြေအနေတွေနဲ့ပတ်သက်လို့ ဘီဘီစီက ပုဂ္ဂလိကဘဏ်တစ်ခုမှာ လုပ်ကိုင်နေတဲ့ ဘဏ်အရာရှိတစ်ဦးကို မေးကြည့်တဲ့အခါမှာတော့ နယ်မြေအခြေအနေကိုကြည့်ပြီး ဘဏ်တွေ ပိတ်လိုက်၊ ဖွင့်လိုက် လုပ်နေရတာတွေရှိတယ်လို့ ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ရဲ့ မြို့တော် လားရှိုးမှာ ဆိုရင်လည်း ဘဏ်တွေကို အချိန်ပိုင်းသာ ဖွင့်တယ်လို့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။
‘’Special account ကနေတောင် သိန်း ၂၀ ပဲ အများဆုံးထုတ်လို့ရတယ်’’ လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်က လားရှိုးမှာ ATM ကနေ ကျပ် ဆယ်သိန်းအထိ ငွေသားထုတ်ယူနိုင်တဲ့ အခြေအနေကနေ လက်ရှိမှာတော့ ငွေထုတ်မရတဲ့အခြေအနေကို ရောက်သွားတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။
ဘဏ်တွေအနေနဲ့ ငွေတိုက်ထဲမှာ ငွေအများကြီးရှိရင်လည်း ဘဏ်အတိုက်ခံရရင် ငွေကြေးဆုံးရှုံးမှု များမှာ စိုးရိမ်ရသလို ငွေထုတ်ပေးတာ များရင်လည်း ဘဏ်မှာငွေလျှော့သွားမှာ စိုးရိမ်နေရတဲ့ အခြေအနေလို့ ဘဏ်အရာရှိတစ်ဦးက ရှမ်းပြည်နယ်မြောက်ပိုင်းက ဘဏ်တွေရဲ့အခြေအနေအကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။