စက်တင်ဘာလ ၂၀ ရက် ထိပ်တန်းသတင်းများ - စစ်တပ်ရဲ့ လက်နက်တွေသိမ်းဆည်းရမိတယ်လို့ TNLA ထုတ်ပြန်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA) လှုပ်ရှားတဲ့ မန္တလေး - ရှမ်းအဆက်မိုးကုတ်မြို့နယ်ထဲနဲ့ ရှမ်းမြောက်၊ မူဆယ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ TNLA ကြား စက်တင်ဘာ ၂၀ ရက်ဒီကနေ့ ညနေအထိ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

မိုးကုတ်မြို့နယ်နဲ့ ‌နောင်ချိုဘက်ဆက်နေတဲ့ ဒေသထဲက အဲဒီတိုက်ပွဲမှာ စက်တင်ဘာ ၁၈ ရက်နဲ့ ၂၀ ရက် ၃ ရက်အတွင်း လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

'' အရင်နေ့ကညောင်ကုန်းရွာက အမျိုးသမီးတစ်ဦးထိပြီးပွဲချင်းပြီးသေတယ်။ နောက် ဒီနေ့ကအဲဒီဘက်ကပဲ အမျိုးသားတစ်ဦးလက်နက်ကြီးထိသေပါတယ်။ ဒဏ်ရာရတာက ၂ ယောက်ရှိထားတယ် '' လို့ မိုးကုတ်နယ်ထဲပါတဲ့ ဖြူရောင်ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။

စက်တင်ဘာ ၁၅ ရက်က မိုးကုတ် နဲ့ ကုန်းစံနဲ့ ဖြူ ရောင်ကျေးရွာအနီးမှာ စစ်တပ်နဲ့ TNLA တို့ပြင်းထန် တိုက်ပွဲစဖြစ်ခဲ့ပြီး ကုန်းစံရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ လူနေအိမ်တချို့ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

တခါ မူဆယ်မြို့နယ်ထဲက စယ်လန့်ရွာဘက်မှာလည်း ဒီကနေ့ စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲတွေဆက်ရှိနေပြီးလက်နက်ကြီးပစ်ခတ်သံတွေ ကို တနေကုန်ကြားနေရတယ်လို့ မူဆယ်ဒေသခံကပြောပါတယ်။ စစ်ကောင်စီတပ်က နမ့်ဖတ်ကာအမြောက်တပ်ကနေ လက်နက်ကြီးနဲ့ စယ်လန့်ဘက်ကိုလှမ်းပစ်နေတာလို့ မူဆယ်ဒေသခံကဆိုပါတယ်။

TNLA ဘက်က မနေ့ စက်တင်ဘာ ၁၉ ရက်ညပိုင်းထုတ်ပြန်ချက်မှာ‌တော့ မနေ့က တစ်ရက်တည်း မိုးကုတ်၊ ရှမ်းမြောက် မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်မှာ နှစ်ဖက်ကြား တိုက်ပွဲ ၇ ကြိမ် ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိတယ်လို့ဖော်ပြပါတယ်။

နှစ်ဖက်တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး သေနတ် ၅ လက်၊ ဗုံးသီး တွေအပြင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မူဆယ်မြို့နယ် စယ်လန့်ရွာအနီးကတိုက်ပွဲတွေကြောင့် မူဆယ်ဘက်က စယ်လန့်၊ မန်ကန်၊ မိုင်းဆတ်၊ နမ့်ကတ် စတဲ့ကျေးရွာခံတွေဟာ နီးစပ်ရာနဲ့ နမ့်ခမ်းမြို့နယ် ဘက်ကိုတိမ်းရှောင်နေကြရတယ်လို့ ဒေသခံအချို့ကပြောပါတယ်။

ချင်းတွင်းမြစ်ထဲ ရေယာဥ်နစ်မြုပ်မှုကနေ အလောင်း ၁၂ လောင်းထက်မနည်းပြန်တွေ့

ချင်းတွင်းမြစ်ထဲ ရေယာဥ်နစ်မြုပ်မှုကနေ အလောင်း ၁၂ လောင်းထက်မနည်းကို ပြန်တွေ့ထား

မင်းကင်းနယ်ထဲက ချင်းတွင်းမြစ်ကြောင်းမှာနစ်မြုပ်ခဲ့တဲ့ စစ်သင်္ဘောရေယာဥ်တန်းမှာပါတဲ့ အမြန်ရေယာဥ်( ဒေသအခေါ် ဖလပ်ဝမ်းပြားသင်္ဘော) တစ်စီးတိမ်းမှောက်မှုကနေ ရုပ်အလောင်း ၁၂ လောင်းထက်မနည်းကို ရှာတွေ့ထားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံအချို့က ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက် ၁၁ နာရီအထိ သတင်းအရ မင်းကင်းနယ်၊ ပန်းဆက်ရွာခံ ၅ ဦးကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိထားတယ်လို့ ပန်းဆက်ရွာ‌‌ဒေသခံတစ်ဦးကအတည်ပြုပါတယ်။

''ရွာက စီးသွားတာ ၁၀ ယောက်စီးသွားတာပါ။ အခု ၅ ယောက်ကို အသက်ရှင်လျက်ပြန်တွေ့ပါတယ်။ နောက်ထပ် ၅ ယောက်ကိုတော့ မသိသေးပါဘူး။ စီးသွားတဲ့သူတွေက မုံရွာမှာ တက္ကသိုလ်တက်ဖို့ ဖောင်တင်သွားတဲ့ကျောင်းသားတွေ နဲ့ ကျန်းမာရေးဆေးသွားပြတဲ့သူတွေပါတယ် '' လို့ ‌ပန်းဆက်ဒေသခံကပြောပါတယ်။

စက်တင်ဘာ ၁၉ ရက်က ချင်းတွင်းမြစ်အတွင်း စစ်ကိုင်းတိုင်း၊ မင်းကင်းနယ်ရေလမ်းကြောင်းတစ်နေရာ မောက္ကထော်အောက်ဘက် ရှဲနတ်တောင်ခြေအနီး မှာ စစ်သင်္ဘောတန်းထဲပါတဲ့ အမြန်ရေယာဥ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တာလို့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ ( SRF) က ပြောပါတယ်။

SRF ရဲ့ အပြောအရ သင်္ဘောပေါ်မှာ လူ ၁၀၀ကျော်ပါပြီး လိုက်ပါစီးနင်းသူတွေအများစုဟာ စစ်တပ်ထောက်ခံသူ (အရပ်အခေါ်ပျူစောထီး)တွေဖြစ်တယ်လို့ ပြောဆိုပါတယ်။

'' ရေယာဥ်မောင်း ၂ ယောက်ပဲလွတ်တယ်။ ရေယာဥ်ပေါ်မှာ လိုက်ပါတာက ညွှန်မှူးပါတယ်၊ စစ်သား ၅ ယောက်ပါတယ်၊ ဆရာ၊ဆရာမတွေနဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေပါတယ်၊ ပျူမိသားစုတွေပါတယ် စုစုပေါင်း ၁၀၀ လောက်ပါပါတယ် '' လို့ SRF က တာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။

လိုက်ပါစီးနင်းသူအရေအတွက်နဲ့ အဲဒီလူတွေကဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးတာကြောင့် ဒေသခံတွေနဲ့ ဆက်လက်အတည်ပြုမေးမြန်းနေပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ ‌ခန္တီးမြို့ကထွက်ခွာလာတဲ့ ရေယာဥ်တစ်စီး မင်းကင်းမြို့နယ် မောက္ကတော်ကျေးရွာအနီးက ရေဝဲအတွင်းနစ်မြုပ်ခဲ့ပြီး ဒီဖြစ်စဥ်ကို စိစစ်ဆဲလို့ ဖော်ပြထားပါတယ်။

Money Changer အခု တစ်ရာကျော်ကို ဗဟိုဘဏ်ရုပ်သိမ်း

နိုင်ငံခြားငွေ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင်ရကုမ္ပဏီ (၁၂၃)ခုရဲ့ Money Changer လိုင်စင်တွေကို စက်တင်ဘာ ၁၉ ရက်မှာ စစ်ကောင်စီ ဗဟိုဘဏ်က ရုပ်သိမ်းလိုက်ပါတယ်။

ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေ လိုက်နာခြင်းမရှိလို့ အမှုဆောင်ကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ လိုင်စင်ရုပ်သိမ်းရတာလို့ ထုတ်ပြန်ပြီး ဘယ်အချက်တွေကို မလိုက်နာတာလဲဆိုတာကိုတော့ အသေးစိတ်မဖော်ပြပါဘူး။

ပြီးခဲ့တဲ့ နှစ်လ အတွင်းမှာ ဗဟိုဘဏ်က Money Changer (၂၃) ခု ကို ပိတ်သိမ်းခဲ့ပြီး အခု ရာကျော်ပိတ်သိမ်းမှုကတော့ အများဆုံးလိုင်စင် ရုပ်သိမ်းမှုလည်း ဖြစ်ပါတယ်။

‘’အခုရုပ်သိမ်းလိုက်တဲ့ ကုမ္ပဏီအများစုက တကယ်အလုပ်မလုပ်တော့တဲ့ ကုမ္ပဏီတွေများတယ်’’ လို့ နိုင်ငံခြားငွေ လဲလှယ်ရေးလုပ်ငန်း လုပ်နေသူတစ်ဦးက ပြောပါတယ်။

ဗဟိုဘဏ်ရည်ညွှန်းစျေး တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဟာ ပြင်ပပေါက်စျေး နဲ့ ကျပ်ထောင်ဂဏန်းဝန်းကျင် ကွာဟနေတာကြောင့် Money Changer တွေအနေနဲ့ အလုပ်လုပ်ဖို့ မဖြစ်နိုင်လောက်အောင်ပဲလို့ ပိတ်သိမ်းခံလိုက်ရတဲ့ ကုမ္ပဏီတစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဆေးကုသခွင့်ရရေး မလေးရှားအမတ်တွေ တောင်းဆို

မြန်မာစစ်တပ်အနေနဲ့ နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ မလေးရှားလွှတ်တော်အမတ် ၁၀၀ ကျော်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မလေးရှားအမတ် ထရီဆာကော့ခ်က ဦးဆောင်တဲ့ဒီတောင်းဆိုလွှာကို လွှတ်တော်အမတ် ၁၃၅ ဦးက လက်မှတ်ထိုး ထားတာပါ။

‘’သူ့ကျန်းမာရေးရယ်၊ နာမကျန်းလွယ်ဖြစ်တတ်တဲ့အသက်အရွယ်ရောက်နေတာရယ်ကိုလည်း စိုးရိမ်မိတယ်။ ပြင်ပက ဆရာဝန်တွေနဲ့ ဆေးကုသခွင့်ပေးဖို့ မြန်မာစစ်တပ်အနေနဲ့ ခွင့်ပြုသင့်ပါတယ်’’ လို့ တောင်းဆိုချက်မှာပါရှိပါတယ်။

အာဆီယံဒေသတွင်း ရှေ့နေတွေအနေနဲ့လည်း မြန်မာပြည်သူတွေနဲ့အတူရပ်တည်ပြီး တရားလက်လွတ် ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျဥ်းသားတွေ လွတ်မြောက်ရေးတောင်းဆိုကြဖို့ကိုလည်း အမတ်တွေက တိုက်တွန်းထားပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလအစောပိုင်းမှာ ပြင်းထန်တဲ့သွားကိုက်ဝေဒနာ ခံစားနေရပြီး ကျန်းမာရေးအနည်းငယ် ချို့ယွင်းတာမျိုး ရှိတယ်လို့ ဘီဘီစီက သိရှိခဲ့ရပါတယ်။

သွားကိုက်သက်သာစေဖို့ Antibiotics - ပိုးသတ်ဆေးတချို့ သောက်နေရတာကြောင့်လည်း ပျို့အန်တာမျိုးဖြစ်ခဲ့တာကို သိရတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ဘီဘီစီကို ပြောခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို စိုးရိမ်တဲ့အကြောင်း ဗြိတိန်မှာနေထိုင်တဲ့ သားဖြစ်သူ ကင်အဲရစ်က မီဒီယာတွေကို ပြောထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းမာရေးပုံမှန်စစ်ဆေးတာတွေလုပ်ပေးနေတယ်လို့ ဘီဘီစီကို အခုလအစောပိုင်းမှာ ပြောထားပါတယ်။