အမေရိကန် ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ ပထမဆုံး လိင်ပြောင်းအထက်လွှတ်တော်အမတ်
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆာရာ မက်ခ်ဘရိုက်ဒ်ဟာ ဒဲလ်လာဝဲ မဲဆန္ဒနယ်မှာ အနိုင်ရပြီးတဲ့နောက် အမေရိကန် ဆီးနိတ် အထက်လွှတ်တော်မှာ ပထမဦးဆုံးသော လိင်ပြောင်းသူ ဆီးနိတ် အမတ်ဖြစ်လာပါတယ်။
ဒီမိုကရက်တစ်ပါတီဝင်တစ်ယောက်ဖြစ်တဲ့သူဟာ ရီဘတ်ပလီကန်ပြိုင်ဖက် စတိဗ် ဝါရှင်တန်ကို အနိုင်ရခဲ့တာပါ။
အဲဒီမဲဆန္ဒနယ်မှာ ဒီမိုကရက် ဟယ်ရစ်စ် မက်ခ်ဒိုဝဲလ် ရာထူးကနေ အနားယူ သွားပြီးတဲ့နောက် လစ်လပ်သွားတဲ့ သူ့နေရာအတွက် ပြိုင်ခဲ့ကြတာပါ။
မစ္စ မက်ခ်ဘရိုက်ဒ်ဟာ အထက်လွှတ်တော်အမတ် သက်တမ်း ၆ နှစ်တာ ကာလကို တာဝန်ယူ ရမှာပါ။
အသက် ၃၀ နှစ် အရွယ်ရှိတဲ့ မစ္စ မက်ခ်ဘရိုက်ဒ်ဟာ လူ့အခွင့်အရေးအဖွဲ့ တစ်ခုဖြစ်တဲ့ LGBT advocacy group မှာ ပြန်ကြားရေးအတွင်းရေးမှူးလုပ်ခဲ့ပြီး သမ္မတ အိုဘားမားလက်ထက်တုန်းက အိမ်ဖြူတော်မှာ အလုပ်သင်တစ်ယောက်အဖြစ် လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
အခုသူဟာ အမေရိကန်နိုင်ငံမှာ လိင်ပြောင်းထားသူတွေထဲ အဆင့်အမြင့်ဆုံး ရာထူးကို ထမ်းဆောင်ရ မယ့်သူ ဖြစ်လာပါပြီ။
လိင်ပြောင်းထားသူ အသက် ၂၆ နှစ်အရွယ် တေလာ စမောလည်း အောက်လွှတ်တော် ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး ဗားမွန့်ပြည်နယ်က ပထမဦးဆုံးသော လိင်ပြောင်းသူ ကွန်ဂရက် အမတ်ဖြစ်လာပါတယ်။
နယူးရော့ခ်မှာတော့ အသက် ၃၂ အရွယ် ရစ်ချစ် တိုးရက်စ်က ကွန်ဂရက် လွှတ်တော်ထဲမှာ ပထမဆုံး လိင်တူချစ်သူ လူမည်း အမတ်ဖြစ်လာပါပြီ။
ရွေးကောက်ပွဲမတိုင်မီအချိန်က ဆီးနိတ် အထက်လွှတ်တော်အတွင်းမှာ စုစုပေါင်း အထက် လွှတ်တော်အမတ် ၁၀၀ ယောက်ရှိပြီး နေရာ ၅၃ နေရာကို ရီဘတ်ပလီကန်ဘက်က ရထားပါတယ်။
ဆီးနိတ်အမတ် သုံးပုံ တစ်ပုံ အရေအတွက် အတွက် ရွေးကောက်ပွဲကို နှစ်နှစ် တစ်ကြိမ် ကျင်းပလေ့ရှိပါတယ်။
ဒီနှစ် အမေရိကန်ရွေးကောက်ပွဲဟာ သမ္မတရွေးကောက်ပွဲနဲ့ အတူ အထက်လွှတ်တော်အမတ် စုစုပေါင်း အရေအတွက်ရဲ့ သုံးပုံ တစ်ပုံ ဖြစ်တဲ့ အမတ် နေရာ ၃၅ ခုကို ရွေးချယ်တင်မြှောက်ရမှာပါ။
အခုရွေးကောက်ပွဲမှာ သမ္မတလောင်း နှစ်ယောက် အကြိတ်အနယ် မဲရလဒ်တွေ ရနေသလို အထက်လွှတ်တော်မှာ ဘယ်ပါတီဖက်က အသာရမလဲ ဆိုတာလည်း ရှင်းရှင်းလင်းလင်း ထွက်ပေါ်မလာသေးပါဘူး။
ဒီရွေးကောက်ပွဲမှာပဲ အောက်လွှတ်တော်မှာရှိတဲ့ စုစုပေါင်း အမတ်နေရာ ၄၃၅ နေရာအတွက် ရွေးချယ် တင်မြှောက်နေကြပြီး ဘယ်ပါတီ အသာစီးရမလဲဆိုတာ အဖြေမထွက်သေးပါဘူး။
၂နှစ်သက်တမ်း ရှိတဲ့ အောက်လွှတ်တော်မှာတော့ ရွေးကောက်ပွဲမတိုင်မီမှာ ဒီမိုကရက်တစ် အမတ်တွေက လွှမ်းမိုးထားခဲ့ပါတယ်။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။