နိုင်ငံတကာကို အကာအကွယ်ပစ္စည်း နဲ့ ပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီ အကူအညီတောင်း

နိုင်ငံတကာကို အကာအကွယ်ပစ္စည်း နဲ့ ပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီ အကူအညီတောင်းတဲ့သတင်းအပါအဝင် မတ် ၃၁ ရက် ငလျင်ဒဏ်သင့် နောက်ဆက်တွဲသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ဘန်ကောက် ချပ်တူချပ် ကယ်ဆယ်ရေးအခြေအနေ ထိုင်းဝန်ကြီးချုပ်သွားရောက်ကြည့်ရှု
  • နိုင်ငံတကာကို အကာအကွယ်ပစ္စည်း နဲ့ ပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီ အကူအညီတောင်း
  • စစ်ကိုင်းမြို့မှာ အစားအသောက်နဲ့ရေ ဝယ်မရတာကြောင့် အကူအညီလိုအပ်
  • အမရပူရမြို့၊ ဘုံးအိုးကျေးရွာ ငလျင်ကြောင့် လူ ၂၀၀ နီးပါးသေဆုံးထား
  • ငလျင်အပြီး အလောင်းထည့်အိတ်တွေ ဈေးခုန်တက်
  • ဘန်ကောက်မှာ ငလျင်ထပ်လှုပ်
  • ထိုင်းက မြန်မာကို အခမဲ့ဖုန်းခေါ်ဆိုခွင့် ဧပြီ ၅ ရက်အထိရမယ်
  • စစ်ကိုင်းကို မလေးရှားကယ်ဆယ်ရေးအဖွဲ့ ရောက်
  • မန္တလေးမှာ ငလျင်ထပ်လှုပ်
  • ငလျင်ကြောင့်ဆုံးပါးသွားတဲ့ အစ္စလာမ်ဘာသာဝင်တွေအတွက် အိဒ်နေ့မှာ ဆုတောင်း
  • တေးသံရှင် ဂျေညီညီ ကွယ်လွန်
  • မန္တလေး Great Wall ဟိုတယ် ပြိုကျမှုမှာ နာရီ ၆၀ ခန့်ပိတ်မိနေတဲ့ အမျိုးသမီး ၁ ဦး လွတ်မြောက်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မတ်လ ၃၁ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. မြန်မာ့ငလျင် သေဆုံးသူ နှစ်ထောင်ကျော်ရှိလာ

    တစ်ရက်အတွင်း သေဆုံးသူ ၃၅၀ ကျော်တိုးလာတာ ဖြစ်ပါတယ်
    ဓာတ်ပုံ ပုံစာ, တစ်ရက်အတွင်း သေဆုံးသူ ၃၅၀ ကျော်တိုးလာတာ ဖြစ်ပါတယ်

    ဒီကနေ့ ညနေပိုင်း စာရင်းတွေအရ ငလျင်ကြောင့် သေဆုံးသူ ၂၀၅၆ ဦးရှိလာပြီး ဒဏ်ရာရသူ ၃,၉၀၀ ကျော်နဲ့ ပျောက်ဆုံးသူ ၂၇၀ ကျော် ရှိနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

    မနေ့က တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေအရ သေဆုံးသူ ၁,၇၀၀ ကျော်ပဲရှိလို့ တစ်ရက်အတွင်း ၃၅၀ ကျော်တိုးလာတာ ဖြစ်ပါတယ်။

    အလားတူ ဒဏ်ရာရသူကလည်း လူ ၅၀၀ ကျော်တိုးလာပါတယ်။

    အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကူညီကယ်ဆယ်ရေးသမားတချို့ကတော့ ဌာနဆိုင်ရာတွေ လက်လှမ်းမမီတာရှိနိုင်တဲ့အတွက် တရားဝင်ထုတ်ပြန်ချက်ထက် မြေပြင်မှာ အရေအတွက်ပိုနိုင်တယ် လို့ သုံးသပ်ကြပါတယ်။

    နိုင်ငံတကာကပါ ဝိုင်းဝန်းကူညီကယ်ဆယ်နေကြပြီး အပျက်အစီးတွေကြား ပိတ်မိနေသူတွေထဲက အသက်ရှင်လျက် လွတ်မြောက်လာသူတချို့လည်း ရှိနေပါတယ်။

  3. မြန်မာ့ငလျင် ကူညီဖို့ ဒေါ်လာ ၈ သန်း အရေးပေါ် လိုကြောင်း WHO ပြော

    အသက်ကယ်ဆယ် ကုသမှုတွေ လုပ်နိုင်ရေးအတွက် အကူအညီငွေ ဒေါ်လာ ၈ သန်း အရေးပေါ် လိုအပ်နေ
    ဓာတ်ပုံ ပုံစာ, အသက်ကယ်ဆယ် ကုသမှုတွေ လုပ်နိုင်ရေးအတွက် အကူအညီငွေ ဒေါ်လာ ၈ သန်း အရေးပေါ် လိုအပ်နေ

    မြန်မာနိုင်ငံအလယ်ပိုင်းက အားပြင်းငလျင်ဒဏ်သင့်ခဲ့သူတွေကို အသက်ကယ်ဆယ် ကုသမှုတွေ လုပ်နိုင်ရေးအတွက် အကူအညီငွေ ဒေါ်လာ ၈ သန်း အရေးပေါ် လိုအပ်နေတယ် လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

    ကူးစက်ရောဂါတွေ ဖြစ်ပွားမလာအောင် ဟန့်တားနိုင်ရေးအပါအဝင် လာမယ့် ရက်ပေါင်း ၃၀ မှာ မရှိမဖြစ် လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ လှူဒါန်းကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပန်ကြားလိုက်တာပါ။

    ငလျင်ဒဏ်ခံရသူတွေအတွက် အမြင့်ဆုံးအဆင့် အရေးပေါ် ကယ်ဆယ်ရေးအကူအညီတွေ ပေးနေရာမှာ ၂၄ နာရီအတွင်း အရေးပေါ် ဆေးအထောက်အပံ့ပစ္စည်း ၃ တန်နီးပါး ပေးပို့ခဲ့ပြီး ကမ္ဘာတဝန်း အရေးပေါ် ဆေးကုသရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့WHO က ဆိုပါတယ်။

    မတ်လ ၃၁ ရက် ညနေပိုင်း ထုတ်ပြန်ချက်အရ ငလျင်ကြောင့် သေဆုံးသူ ၂၀၅၆ ဦးရှိလာပြီး ဒဏ်ရာရသူ ၃,၉၀၀ ကျော်နဲ့ ပျောက်ဆုံးသူ ၂၇၀ ကျော် ရှိနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

  4. လေးရက်အတွင်း စစ်ကိုင်းသုသာန်မှာ လူ ၂၂၀ သင်္ဂြိုဟ်ပြီးပြီ

    မတ် ၃၀ရက်က အဆောက်အဦတစ်ခုအောက်ကနေ ရုပ်အလောင်း သယ်ထုတ်လာတဲ့ စစ်ကိုင်းက ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

    ဓာတ်ပုံ ပုံစာ, မတ် ၃၀ရက်က အဆောက်အဦတစ်ခုအောက်ကနေ ရုပ်အလောင်း သယ်ထုတ်လာတဲ့ စစ်ကိုင်းက ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ

    အင်အားပြင်းငလျင်ကြောင့် အဆောက်အဦပြိုကျတဲ့အောက် ပိတ်မိသေဆုံးသူ ၂၂၀ ရဲ့ ရုပ်အလောင်း တွေကို စစ်ကိုင်းမြို့ သုသာန်မှာ သင်္ဂြိုဟ်ပြီးဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တချို့ဆီက သိရပါတယ်။

    ဒီအရေအတွက်ဟာ ၂၈ ရက် ငလျင်လှုပ်အပြီးကနေ မတ် ၃၁ ရက်အထိ ၄ ရက်တာ အရေအတွက် ဖြစ်ပါတယ်။

    “ဒီအရေအတွက်က အစ္စလာမ်ဘာသာဝင်တွေရဲ့ အလောင်းတွေမပါဘူး။ သူတို့ သင်္ချိုင်းနေရာက မြို့အပြင်ကို ဖြတ်သွားမရလို့ မန္တလေးကို သယ်ပြီး အသုဘချကြတယ်” လို့ ကယ်ဆယ်ရေးသမား တစ်ယောက်က ပြောပါတယ်။

    စစ်ကိုင်းက ဗလီ ၅ ခုမှာ ၃ ခုက ပြိုကျပြီး သောကြာနေ့ ဝတ်ပြုနေတဲ့အတွက် ရာကျော်သေဆုံးခဲ့ရသလို စစ်ကိုင်းတောင်ပေါ် ဗုဒ္ဓဘာသာ သီလရှင်၊ဘုန်းကြီးကျောင်း အပျက်အစီးတွေအောက်ကလည်း အသက်ရှင်လျက်ကယ်နိုင်သူမရှိသေးဘူးလို့ သူကပြောပါတယ်။​

  5. စစ်ကိုင်း မြတ်ကိုယ်ပိုင်ကျောင်းမှာ ကလေးနဲ့ဆရာမ ၁၁ ဦးပိတ်မိနေသေး, ကျောင်းအုပ်ကြီးအလောင်း မလေးရှားအဖွဲ့အကူအညီနဲ့ ဒီနေ့ထုတ်ယူနိုင်

    မတ် ၃၀ ရက် စစ်ကိုင်း မြတ်ကိုယ်ပိုင်ကျောင်း ကယ်ဆယ်ရေး အခြေအနေ

    ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

    ဓာတ်ပုံ ပုံစာ, မတ် ၃၀ ရက် စစ်ကိုင်း မြတ်ကိုယ်ပိုင်ကျောင်း ကယ်ဆယ်ရေး အခြေအနေ

    ကျောင်းသား၊ကျောင်းသူနဲ့ ဆရာ၊ဆရာမ ဒါဇင်ကျော် ပိတ်မိခဲ့တဲ့ စစ်ကိုင်းမြို့က မြတ်ကိုယ်ပိုင် အထက်တန်းကျောင်းမှာ ကလေး ၈ ဦးနဲ့ ဆရာမ ၃ ဦး ပိတ်မိနေဆဲပဲလို့ ကယ်ဆယ်ရေးတာဝန်ယူထားသူတစ်ဦးက ပြောပါတယ်။

    ဒီမနက်မှာတော့ မလေးရှားအဖွဲ့ အကူအညီနဲ့ ကျောင်းအုပ်ဆရာမကြီးကို ရုံးခန်းနေရာကနေ ထုတ်ယူနိုင်ခဲ့တယ်လို့ သူကပြောပါတယ်။

    “မလေးရှားအဖွဲ့က လူဘယ်မှာရှိနိုင်တယ်ဆိုတာ ရှာနိုင်တဲ့စက်ပါတယ်။ ယန္တရားကြီးကလွဲရင် အစုံပါကြတော့ ကယ်ဆယ်ရေးပိုလုပ်ရ မြန်လာတယ်” လို့ သူက ပြောပါတယ်။

    ရှေ့ရက်တွေက မြတ်ကိုယ်ပိုင်အထက်တန်းကျောင်းကနေ ဆရာမ၂ ဦးနဲ့ ဆရာ ၁ ဦးကို အသက်ရှင်ရက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

    “အရင်ရက်တွေမှာ ကူပါဆိုတဲ့အသံတွေကြားရတယ်။ ဒီရက်တော့ ဘာသံမှမကြားရတော့ ကလေးတွေ အသက်ရှိပါဦးမလား မသေချာဘူး”လို့ ကယ်ဆယ်ရေးသမားက ပြောပါတယ်။​

    စစ်ကိုင်းတံတားအဆင်းက လေးကျွန်းမြေအုတ်ကျောင်း ပြိုကျတဲ့နေရာကနေ ကလေး ၂ ဦးအလောင်း ဒီနေ့ သယ်ထုတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    ဒီကျောင်းရဲ့ ဓမ္မစကူးလ်က ကလေးရာချီ အုတ်ပုံအောက် ပိတ်မိနေတယ်ဆိုတဲ့ အချက်အလက်ကို ဘီဘီစီက ကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့ဆီကို ဆက်သွယ်အတည်ပြုနေဆဲဖြစ်ပါတယ်။

  6. မတ် ၃၁ ကနေ ဧပြီ ၆ ရက် အထိ ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့သတ်မှတ်

    နေပြည်တော် စစ်တပ်ဆေးရုံမှာ တွေ့ရတဲ့ စစ်ခေါင်းဆောင်

    ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရန်

    ဓာတ်ပုံ ပုံစာ, နေပြည်တော် စစ်တပ်ဆေးရုံမှာ တွေ့ရတဲ့ စစ်ခေါင်းဆောင်

    မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် အသက်ဆုံးရှုံးမှုနဲ့ ပျက်စီးဆုံးရှုံးခဲ့တာတွေအတွက် မတ် ၃၁ ရက် ကနေ ဧပြီ ၆ ရက်အထိ ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတ်မှတ်ကြေညာလိုက်ပါတယ်။

    အဲဒီတစ်ပတ်တာကို နိုင်ငံတော်အလံ တိုင်တစ်ဝက် လျှော့ပြီး လွှင့်ထူကြဖို့ သတ်မှတ်ထားပါတယ်။

    ဒီနေ့ မတ် ၃၁ ရက် မနက်ပိုင်းမှာပဲ စစ်ခေါင်းဆောင်က‌ နေပြည်တော်၊ စစ်တပ်ဆေးရုံမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရထားတဲ့ စစ်ကောင်စီဝန်ထမ်း၊ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို သွားရောက်ကြည့်ရှုတယ်လို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်လ်တွေမှာ ဖော်ပြထားပါတယ်။

  7. ဘန်ကောက် ချပ်တူချပ် ကယ်ဆယ်ရေးအခြေအနေ ထိုင်းဝန်ကြီးချုပ်သွားရောက်ကြည့်ရှု

    ဆောက်လုပ်ရေးပြိုကျတဲ့နေရာ ရောက်လာတဲ့ ထိုင်းဝန်ကြီးချုပ် နဲ့ မြန်မာအလုပ်သမားအရေးလှုပ်ရှားသူ

    ဓာတ်ပုံ ရင်းမြစ်, Khaosod English

    ဓာတ်ပုံ ပုံစာ, ထိုင်းဝန်ကြီးချုပ် နဲ့ မြန်မာအလုပ်သမားအရေးလှုပ်ရှားသူ

    ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ ဘန်ကောက် ချပ်တူချပ်က စာရင်းစစ်ရုံးကယ်ဆယ်ရေး အခြေအနေတွေကို ဒီနေ့ သွားကြည့်ခဲ့ပါတယ်။

    အထပ် ၃၀ ကျော်တဲ့ ဒီအဆောက်အအုံ ပြိုကျမှုမှာ ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးလုပ်လာတာ ၄ ရက်မြောက်နေ့ရောက်လာပြီ ဖြစ်ပါတယ်။

    မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူတစ်ဦးကလည်း ပိတ်မိနေသူတွေကို ကယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ဆီ အကူအညီတောင်းခံခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။​

    “ဝန်ကြီးချုပ်ကလည်း ဘယ်နိုင်ငံသား ဖြစ်နေပါစေ အကောင်းဆုံးကူညီဖို့ ကယ်ဆယ်ရေးတွေကို အင်ပြည့်အားပြည့် အားလုံးက လုပ်ဆောင်ပေးနေပါတယ်။ အားတင်းထားပါ” လို့ ဝန်ကြီးချုပ်က မြန်မာ အလုပ်သမားအရေးဆောင်ရွက်သူကို ပြောပြီးဖေးမခဲ့ပါတယ်။​

    ကယ်ဆယ်ရေးလုပ်ဆောင်ချိန် ၇၂ နာရီကျော်လာပေမဲ့ ဆက်လက်ရှာဖွေသွားမယ်လို့လည်း ဘန်ကောက်မြို့တော်ဝန်ကဆိုထားပါတယ်။

    ဒီအဆောက်အဦအောက်မှာ ၇၉ ဦး ပိတ်မိနေဆဲဖြစ်ပြီး ၁၁ ဦးသေဆုံးတယ်လို့ ထိုင်းအစိုးရက ထုတ်ပြန် ထားပါတယ်။​

  8. ကျောက်ဆည်မြို့တွင်းငလျင်ဒဏ်သင့်အပျက်အစီးမြင်ကွင်းများ

    ပြင်းထန်တဲ့ ငလျင်ကြီးကို မန္တလေးကျောက်ဆည်၊ စစ်ကိုင်းနဲ့နေပြည်တော်တို့က အပြင်းထန်ဆုံး ခံစားခဲ့ရပါတယ်။

    ကျောက်ဆည်က ပုဂ္ဂလိကမူကြိုတစ်ခုမှာဆို ကလေးငယ် တစ်ဒါဇင်နဲ့ ဆရာမတစ်ဦးသေဆုံးခဲ့ပါတယ်။

    ငလျင်လှုပ်ပြီး လေးရက်ကြာတဲ့ မတ်လ ၃၁ ရက်နေ့အထိ မြို့တွင်းအပျက်အစီးတွေပြည့်နေဆဲဖြစ်ပါတယ်။

    ကျောက်ဆည်မြို့တွင်းငလျင်ဒဏ်သင့်အပျက်အစီးမြင်ကွင်းများ

    ဓာတ်ပုံ ရင်းမြစ်, BBC Burmese

    ကျောက်ဆည်မြို့တွင်းငလျင်ဒဏ်သင့်အပျက်အစီးမြင်ကွင်းများ

    ဓာတ်ပုံ ရင်းမြစ်, BBC Burmese

    ကျောက်ဆည်မြို့တွင်းငလျင်ဒဏ်သင့်အပျက်အစီးမြင်ကွင်းများ

    ဓာတ်ပုံ ရင်းမြစ်, BBC Burmese

  9. နိုင်ငံတကာကို အကာအကွယ်ပစ္စည်း နဲ့ ပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီ အကူအညီတောင်း

    နေပြည်တော်မှာ တိုက်ပြိုကျလို့ မီးသတ်တပ်ဖွဲ့တွေ ကယ်ဆယ်နေတဲ့ မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, MFSD

    ဓာတ်ပုံ ပုံစာ, နေပြည်တော်မှာ တိုက်ပြိုကျလို့ မီးသတ်တပ်ဖွဲ့တွေ ကယ်ဆယ်နေတဲ့ မြင်ကွင်း

    ငလျင်ဒဏ်သင့်ဒေသတွေမှာ ကယ်ဆယ်ရေးတွေလုပ်နေတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေအတွက် အကာအကွယ်ပေးမယ့် ဦးထုပ်၊ မျက်မှန်နဲ့ လက်အိတ်တွေ နိုင်ငံတကာက အကူအညီပေးဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ် ၃၁ ရက်မှာ ပြောပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ၊ မီးသတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အတွက် အကာအကွယ်ပစ္စည်းတွေ လိုအပ်တယ်လို့ သူက ဆိုပါတယ်။

    ကယ်ဆယ်နေတဲ့သူတွေမှာ မာကျောတဲ့ အင်္ဂတေတွေ၊ အုတ်တွေနဲ့ သံချောင်းတွေဖယ်ထုတ်တဲ့အခါ အဲဒီအကာအကွယ်ပစ္စည်းတွေ ဝတ်ဆင်ဖို့ လိုတယ်လို့ သူက ရှင်းပြပါတယ်။

    ဒါ့အပြင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ နေရာတွေမှာ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက တောင်းဆိုထားပါတယ်။

    “ဆောက်လုပ်ရေးအတွက် ဘိလပ်မြေတွေ၊ သံချောင်းတွေ၊ ကတ္တရာတွေ ဒါတွေအတွက်လည်း လှူဒါန်းနိုင်ဖို့ တိုက်တွန်းတယ်” လို့ သူကပြောပါတယ်။

    မတ်လ ၃၁ ရက်မနက်ပိုင်း ထုတ်ပြန်ချက်အရ ငလျင်ကြောင့် သေဆုံးသူ ၁,၇၀၀ ကျော်လာပြီး ဒဏ်ရာရသူ ၃,၄၀၀ ကျော်နဲ့ ပျောက်ဆုံးသူ ၃၀၀ ကျော် ကို ဆက်လက်ရှာဖွေနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

  10. စစ်ကိုင်းမြို့မှာ အစားအသောက်နဲ့ရေ ဝယ်မရတာကြောင့် အကူအညီလိုအပ်

    စစ်ကိုင်းငလျင်ဒဏ်သင့်သူတွေဆီ အစားအသောက် ဝေနေတဲ့ အခြေအနေ

    ဓာတ်ပုံ ရင်းမြစ်, SS

    ဓာတ်ပုံ ပုံစာ, စစ်ကိုင်းငလျင်ဒဏ်သင့်သူတွေဆီ အစားအသောက် ဝေနေတဲ့ အခြေအနေ

    ငလျင်ဒဏ်သင့်ထားတဲ့ စစ်ကိုင်းမြို့မှာ အစားအသောက်နဲ့သောက်သုံးရေ ဝယ်ယူလို့မရတဲ့အပြင် အကူအညီပေး သူတွေ လာရောက်တာ နည်နေသေးတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ စစ်ကိုင်းမြို့နေသူက ဘီဘီစီကိုပြောပါတယ်။

    “ပိုက်ဆံရှိတောင် ရောင်းမယ့်သူမရှိတာပါ။ အဓိက လိုနေတာ အစာနဲ့ရေပါပဲ” လို့ သူကပြောပါတယ်။

    မီးမလာတာနဲ့ ရေစင်တွေပျက်ကုန်တာကြောင့် သောက်ရေကို ကူညီသူတွေလာဝေမှ ရနိုင်ကြတာပါ။

    “ဆေးရုံမှာလည်း လူနာတွေပုံနေသေးတယ်။ ဆေးဝယ်မရဘူး။ တချို့သွားရခက်တဲ့နေရာကဆို ဒဏ်ရာရလည်း ဆေးမရှိလို့ ဒီတိုင်းနေနေရတယ်” လို့ စစ်ကိုင်းမြို့ပေါ်နေသူက ပြောပါတယ်။

    အက်ရာဖြစ်နေတဲ့ စစ်ကိုင်းတံတားက ယာဥ်ငယ်တွေသာ ပေးဖြတ်သေးတာကြောင့် ကယ်ဆယ်ရေးပစ္စည်းနဲ့ အဖွဲ့တွေလာရောက်ဖို့ အခက်အခဲရှိနေပါသေးတယ်။​

  11. အမရပူရမြို့၊ ဘုံးအိုးကျေးရွာ ငလျင်ကြောင့် လူ ၂၀၀ နီးပါးသေဆုံးထား

    မတ် ၃၀ ရက်က ငလျင်ကြောင့် ဘုံးအိုးရွာမှာ ပြိုကျခဲ့တဲ့ အဆောက်အဦတစ်ခု

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မတ် ၃၀ ရက်က ငလျင်ကြောင့် ဘုံးအိုးရွာမှာ ပြိုကျခဲ့တဲ့ အဆောက်အဦတစ်ခု

    အမရပူရမြို့နယ်ထဲက ဘုံးအိုးကျေးရွာမှာ ငလျင်ကြောင့် ဗလီကျောင်းဆောင်တွေ ပြိုကျပျက်စီးပြီး မတ် ၂၈ ကနေ ၃၀ ရက်အတွင်း လူ ၂၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ရွာခံတွေက ဘီဘီစီကို ပြောပါတယ်။

    “သေဆုံးသူအားလုံးကို မနေ့ (မတ် ၃၀ရက်) ကပဲ မြေမြှုပ်သင်္ဂြိုဟ်လိုက်တယ်” လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။

    ငလျင်ကြောင့် ဗလီ ၄ ခုလုံး ပြိုကျ ပျက်စီးခဲ့ပြီး နောက်ထပ် ဗလီ ၅ လုံးကတော့ အနည်းအကျဉ်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ရွာခံတွေက ဆိုပါတယ်။

    ဒါ့အပြင် အစ္စလာမ်ဘာသာဝင် တက္ကသိုလ်ဘုန်းကြီးကျောင်း ၂ ထပ်ဆောင်လည်း ပြိုကျသွားပြီလို့ သိရပါတယ်။

    မနေ့ မတ် ၃၀ ရက်ကလည်း မန္တလေးမြို့ရဲ့ အနောက်မြောက်ဘက် ၂၈ ကီလိုမီတာအကွာ မတ္တရာမြို့နယ်ထဲကို ဗဟိုပြုပြီး ပြင်းအား ၅ မဂ္ဂနီကျုရှိတဲ့ ငလျင်ထပ်လှုပ်ခဲ့ပါတယ်။

    ဘုံးအိုးရွာဟာ အမရပူရမြို့ တောင်ဘက်ခြမ်းမှာရှိပြီး အမရပူရမြို့နဲ့ ၇ ဖာလုံသာ ကွာဝေးသလို အစ္စလာမ်ဘာသာဝင်တွေပဲ နေထိုင်တဲ့ရွာဖြစ်ပါတယ်။

    လက်ရှိမှာ ငလျင်ဒဏ်ခံထားရတဲ့ ဘုံးအိုးရွာမှာ သောက်ရေသန့်၊ အစားအသောက်၊ ဆေးဝါး၊ အဝတ်အထည်နဲ့ ယာယီနေထိုင်ဖို့ တဲတွေ အရေးတကြီးလိုအပ်နေတယ်လို့ ကူညီကယ်ဆယ်နေသူတွေက ပြောပါတယ်။

    ဒါ့အပြင် ကယ်ဆယ်ရေးအဖွဲ့တွေလည်း မလာသေးတာကြောင့် ရွာခံတွေ ကိုယ်ထူကိုယ်ထ စနစ်နဲ့ပဲ ကယ်ဆယ်ရေးလုပ်နေရတယ်လို့ သိရပါတယ်။

  12. ငလျင်အပြီး အလောင်းထည့် အိတ်တွေ ဈေးခုန်တက်

    မတ် ၃၀ ရက်က Dead Body အိတ်နဲ့ သယ်ဆောင်လာတဲ့ ငလျင်ကြောင့် သေဆုံးသူရဲ့အလောင်း

    ဓာတ်ပုံ ရင်းမြစ်, မီးသတ်

    ဓာတ်ပုံ ပုံစာ, စစ်ကိုင်းမြို့ ဆွမ်းဦးပုညရှင်ဘုရားမှာ မတ် ၃၀ ရက်က Dead Body အိတ်နဲ့ သယ်ဆောင်လာတဲ့ ငလျင်ကြောင့် သေဆုံးသူရဲ့အလောင်း

    မတ် ၂၈ ရက် ငလျင်အပြီး လူထောင်ဂဏာန်းသေဆုံးနေချိန်မှာ သေဆုံးခန္ဓာတွေ သိမ်းဆည်းဖို့ အလောင်းထည့်အိတ် ဈေးတွေ ခုန်တက်နေတယ်လို့ ရန်ကုန်ဈေးကွက်ကနေ ဘီဘီစီ စုံစမ်းသိရပါတယ်။

    အရင်ဈေး ငွေကျပ် ၉၀၀၀ ကနေ အခု Dead Body အိတ် တစ်လုံးကို ငွေကျပ် တစ်သောင်းကြားကနေ နှစ်‌သောင်းအထိ ပေးဝယ်နေရတာ ဖြစ်ပါတယ်။​

    Dead Body အိတ်တွေလိုအပ်ချက်ကြောင့် ရန်ကုန်က ပလတ်စတစ်စက်ရုံတစ်ခုကတော့ ပလတ်စတစ်လိပ်တွေ အခမဲ့မေးမယ်လို့ ကြေညာထားပါတယ်။​

    “အိတ်ချုပ်ရင် အချိန်မမီမှာစိုးလို့ ပလတ်စတစ်အလိပ်တွေ လိုသလိုဖြတ်သုံးလို့ရအောင်ပေးတာပါ။ အခု အကူအညီ တောင်းတဲ့ ဖုန်းခေါ်လာတာ အကြိမ် ၁၀၀ လောက်ရှိပါပြီ” လို့ ဒေါ်မြသန်းနဲ့သားများ ပလတ်စတစ် စက်ရုံပိုင်ရှင်က ဘီဘီစီကို ပြောပါတယ်။

    လတ်တလော ရန်ကုန်က စက်ရုံကိုလာယူသူတွေကို ရှိသလောက် ထုတ်ပေးနေပြီး စစ်ကိုင်းနဲ့မန္တလေး ဘက်ကို မနက်ဖြန် ကားဂိတ်သွားချပေးမယ်လို့ သူက ပြောပါတယ်။​

    ငလျင်ကြောင့် သေဆုံးသူ ၁၇၀၀ ဝန်းကျင်နဲ့ ထိခိုက်ဒဏ်ရာက သူ ၃၄၀၀ ရှိတယ်လို့ စစ်ကောင်စီက မနေ့ညက ပြောထားပြီး မတ်လ ၃၁ ရက် အချက်အလက်အသစ်ထုတ်ပြန်တာမရှိသေးပါဘူး။

    စစ်ကိုင်းမှာတော့ အလောင်းကထွက်တဲ့ အနံ့တွေ ဆိုးဆိုးရွားရွားခံစားနေကြရတယ်လို့ ဒေသခံတချို့က ဆိုပါတယ်။​

    ဒေါ်မြသိန်း ပလတ်စတစ် စက်ရုံ ဖုန်း 095155450/095051355

  13. ဘန်ကောက်မှာ ငလျင်ထပ်လှုပ်

    မတ်လ ၃၁ ရက် ငလျင် ကြောင့် မြေညီထပ်မှာ ဆင်းနေကြသူတချို့

    ဓာတ်ပုံ ရင်းမြစ်, Aung Kyaw

    ဓာတ်ပုံ ပုံစာ, မတ်လ ၃၁ ရက် ငလျင် ကြောင့် မြေညီထပ်မှာ ဆင်းနေကြသူတချို့

    အင်အားပြင်းငလျင် လှုပ်ခတ်ပြီး လေးရက်မြောက်ဖြစ်တဲ့ မတ်လ ၃၁ ရက် ၁၁ နာရီခွဲ ဝန်းကျင်မှာ ဘန်ကောက်က နေရာတချို့မှာ ငလျင် လှုပ်သွားပါတယ်။

    မတ် ၂၈ ရက်ကလောက် မပြင်းထန်ပေမဲ့ ကွန်ဒိုအုပ်ချုပ်ရေးအဖွဲ့တချို့က အခန်းထဲမှာရှိနေသူတွေကို အောက်ဆင်းကြဖို့ သတိပေးခဲ့ပါတယ်။

    အထပ်မြင့်တိုက်တွေများတဲ့ ဘန်ကောက်မှာ ၂၈ ရက် ငလျင်ကြောင့် ချက်တူချက်ဈေးအနီးက ဆောက်လက်စ အစိုးရရုံး ပြိုကျကြောင့် မနေ့ကထိ သေဆုံးသူ ၁၂ ဦးရှိလာပြီဖြစ်ပါတယ်။

  14. ထိုင်းက မြန်မာကို အခမဲ့ခေါ်ဆိုခွင့် ဧပြီ ၅ ရက်အထိရမယ်

    ထိုင်းကနေ မြန်မာကို ဖုန်းခေါ်ဆိုနေသူ တစ်ဦး
    ဓာတ်ပုံ ပုံစာ, ထိုင်းကနေ မြန်မာကို ဖုန်းခေါ်ဆိုနေသူ တစ်ဦး

    ထိုင်းရောက် မြန်မာတွေအသုံးများတဲ့ True နဲ့ dtac ဆင်းမ်ကတ်တွေကနေ မြန်မာကို ဧပြီ ၅ ရက် ညသန်းခေါင် အထိ အခမဲ့ ခေါ် ဆိုခွင့်ပေးမယ်လို့ ဆက်သွယ်ရေးအော်ပရေတာ ကုမ္ပဏီဘက်က မတ် ၃၁ ရက်မှာ ကြေညာလာပါတယ်။

    မြန်မာကို ၁၅ မိနစ် နဲ့ ထိုင်းက အော်ပရေတာတူ ဆင်းမ်ကတ်အချင်းချင်း ၁၅ မိနစ် အခမဲ့ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။

    မနေ့က ထိုင်းအစိုးရတယ်လီကွန်းကုမ္ပဏီက မြန်မာကိုအခမဲ့ ခေါ်ဆိုခွင့် ကြေညာခဲ့ပေမဲ့ ခေါ်ဆိုမရသူတွေ ရှိခဲ့တာပါ။

    ဖုန်း မခေါ်ခင် *900*8351# ကို နှိပ်ပြီး အခမဲ့ခေါ်ဆိုခွင့် အရင်ရယူဖို့ လမ်းညွှန်ထားပါတယ်။

    ပြီးရင်တော့ dtac ဆို 00400 95 နောက်မှာ မြန်မာဖုန်းနံပါတ်ထည့်ပြီးခေါ်ရမှာဖြစ်ပြီးTrue ဆိုရင်တော့ 00600 95 နောက်မှာ မြန်မာဖုန်းနံပါတ်ထည့်သွင်းခေါ်ဆိုရမှာပါ။

    အခမဲ့ခေါ်ဆိုခွင့်မိနစ်လက်ကျန်ကို dtacဆို *101*1# နဲ့ True ဆို *510*006# နှိပ်ပြီး စစ်ဆေးနိုင်ပါတယ်။

    ဘီဘီစီက dtac နဲ့ စမ်းသပ်ခေါ်ဆိုချက်အရတော့ ဖုန်းဘေလ်ထဲက မဖြတ်ဘဲ ခေါ်ဆိုလို့ရပါတယ်။

  15. စစ်ကိုင်းကို မလေးရှားကယ်ဆယ်ရေးအဖွဲ့ ရောက်

    ကယ်ဆယ်ရေးအခြေချစခန်းဆောက်နေတဲ့ မလေးရှားအဖွဲ့

    ဓာတ်ပုံ ရင်းမြစ်, Pasukan Mencari Dan Menyelamat Khas Malaysia

    ဓာတ်ပုံ ပုံစာ, ကယ်ဆယ်ရေးအခြေချစခန်းဆောက်နေတဲ့ မလေးရှားအဖွဲ့

    တရုတ်၊ရုရှား၊အိန္ဒိယနဲ့အာဆီယံနိုင်ငံတွေက စေလွှတ်လာတဲ့ နိုင်ငံခြားကယ်ဆယ်ရေးတပ်ဖွဲ့တွေထဲမှာ မလေးရှားအဖွဲ့ MAS -01 ဟာ စစ်ကိုင်းငလျင်ကို ပထမဆုံးရောက်တဲ့ ကယ်ဆယ်ရေးအဖွဲ့ဖြစ်လာပါတယ်။

    မလေးရှားကယ်ဆယ်ရေးအဖွဲ့ မြန်မာကို ရောက်အပြီး ၂၄ နာရီအကြာမှာတော့ စစ်ကိုင်းထဲကို ရောက်ပြီလို့ အဖွဲ့က မတ် ၃၁ ရက်မှာ ထုတ်ပြန်လာတာပါ။

    ငလျင်အပြီး ၄ ရက်မြောက်နေ့မှ စစ်ကိုင်းကို နိုင်ငံတကာအဖွဲ့ဝင်လာတာဖြစ်ပြီး ရှေ့ရက်တွေမှာ ဒေသခံကယ်ဆယ်ရေး သမားနဲ့ မီးသတ်တပ်ဖွဲ့တွေကသာ ကယ်ဆယ်ရေးလုပ်နေကြတာပါ။

    သေဆုံးသူ ၈၈ ဦးတွေ့ရှိပြီး အသက်ရှင်သူ ၃၆ ဦးကယ်ဆယ်ထားတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပေမဲ့ သေဆုံးသူ ဒီထက်များနိုင်တယ်လို့ ဒေသခံတွေက ဘီဘီစီကို မတ် ၃၀ ရက်မှာ ပြောပါတယ်။​

    စစ်ကိုင်းရောက်ရောက်ချင်းပဲ ကယ်ဆယ်ရေးအထိုင်စခန်းချပြီး ဒေသအရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

    မလေးရှားကယ်ဆယ်ရေးအဖွဲ့မှာ ကယ်ဆယ်ရေးသမားတွေအပြင် ဆရာဝန်တွေ၊ဆေးဘက်အကူတွေ ပါပြီး မြန်မာက ငလျင်ဒဏ်သင့် ဒေသ ၂ ခုမှာ ၁၄ ရက်ဆက်တိုက် ကယ်ဆယ်ရေးလုပ်နိုင်စွမ်းရှိတယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။

  16. မန္တလေးမှာ ငလျင်ထပ်လှုပ်

    မန္တလေးက ဦးလှသိန်းဗိမာန်ပြိုကျပြီး ပိတ်မိနေတဲ့ သံဃာတွေကို ကယ်ထုတ်နေတဲ့ မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မန္တလေးက ဦးလှသိန်းဗိမာန်ပြိုကျပြီး ပိတ်မိနေတဲ့ သံဃာတွေကို ကယ်ထုတ်နေတဲ့ မြင်ကွင်း

    ဒီကနေ့ မတ် ၃၁ ရက် မနက်အစောပိုင်း မန္တလေးမှာ အားပြင်းတဲ့ ငလျင်တစ်ကြိမ် ထပ်လှုပ်ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

    “၂ နာရီ ၄၅ မိနစ်ဝန်းကျင်လောက်မှာ လှုပ်တာ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    မတ် ၂၈ ရက်က ငလျင်ကြီးလှုပ်ပြီးနောက်ပိုင်းလည်း နောက်ဆက်တွဲငလျင်ငယ်တွေ မတ် ၃၀ ရက်အထိ ဆက်လှုပ်နေဆဲဖြစ်ပြီး ဒီနေ့ မနက်လှုပ်ခတ်တဲ့ ငလျင်ကတော့ အားပြင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ငလျင်ကြီးလှုပ်ခတ်လို့ မန္တလေးတစ်မြို့လုံးနီးပါးက အဆောက်အဦတွေ ပြိုကျပျက်စီးပြီး လူတွေလည်း ပိတ်မိနေတာကြောင့် လက်ရှိအချိန်အထိ အိမ်ထဲ ပြန်မဝင်ရဲဘဲ လမ်းမပေါ်မှာပဲ ယာယီတဲထိုးပြီး နေနေရတယ်လို့ သိရပါတယ်။

  17. ငလျင်ကြောင့်ဆုံးပါးသွားတဲ့ အစ္စလာမ်ဘာသာဝင်တွေအတွက် အိဒ်နေ့မှာ ဆုတောင်း

    မန္တလေးက ငလျင်ကြောင့် ဆုံးပါးသွားသူတွေရဲ့ နာရေး

    ဓာတ်ပုံ ရင်းမြစ်, Screen Grab

    ဓာတ်ပုံ ပုံစာ, မန္တလေးက ငလျင်ကြောင့် ဆုံးပါးသွားသူတွေရဲ့ နာရေး

    ငလျင်ကြောင့် ဆုံးပါးသွားတဲ့ အစ္စလာမ်ဘာသာဝင်နဲ့ ငလျင်ဒဏ် သင့်ပြည်သူအားလုံးအတွက် ဒီနေ့ကျရောက်တဲ့ အီဒွလ်ဖစ်သမ်ရ်နေ့မှာ ရန်ကုန်အပါအဝင် ငလျင်ဒဏ်ကင်းလွတ်ဒေသက ဗလီတွေမှာ ဆုတောင်းခဲ့ကြတယ်လို့ အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်က ဘီဘီစီကို ပြောပါ တယ်။​

    “ဒီနေ့မှာ ဝမ်းနည်းသောအားဖြင့် အရင်နှစ်တွေလို ပျော်ပွဲရွှင်ပွဲတွေမရှိဘဲ အကျွေးအမွေးလောက်ပဲ လုပ်ကြပါတယ်။ ငလျင်ဒဏ်ခံရသူတွေ အားလုံးစိတ်ဓာတ်မကျဖို့၊ ရှိသူက မရှိသူကို ကူဖို့တိုက်တွန်းပါတယ်”လို့ အဖွဲ့အတွင်းရေးမှူးချုပ် ဦးတင်ရွှေက ပြောပါတယ်။

    အစ္စလာမ်ဘာသာရေးအသင်းကလည်း မန္တလေးက ငလျင်ဒဏ်သင့်ပြည်သူတွေကို သွားရောက်ကူညီနေတယ်လို့ သူကပြောပါတယ်။

    ငလျင်ဒဏ်သင့်ဒေသက အစ္စလာမ်ဘာသာဝင်တွေကတော့ ဝတ်ပြုဆုတောင်းတာကို သင့်တော်သလို လုပ်နေကြတယ်လို့ မန္တလေးဒေသခံတစ်ဦးက ပြောပါတယ်။

    "မပျက်စီးတဲ့ဗလီတွေကတော့ အီးဒ်ဆွလာသ် ကို ဗလီထဲမှာ ဝတ်ပြုလို့ရပေမဲ့ ပျက်စီးတဲ့ ဗလီတွေကတော့ လမ်းပေါ်ထွက်ပြီး ဝတ်ပြုကြပါတယ်" သူကပြောပါတယ်။

    အိဒ်နေ့ မန္တလေး စစ်ကိုင်းတန်း ဗလီမှာ ဝတ်ပြုဆုတောင်းနေသူတွေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အိဒ်နေ့ မန္တလေး စစ်ကိုင်းတန်း ဗလီမှာ ဝတ်ပြုဆုတောင်းနေသူတွေ

    အသင်းချုပ်ကတော့ ငလျင်ကြောင့် သေဆုံးသူ ဘာသာဝင် ၆၀ ရဲ့စာရင်းရထားတယ်လို့ ဆိုပါတယ်။​

    မတ် ၂၈ ရက်၊ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လနောက်ဆုံးသောကြာနေ့ ဗလီတွေမှာ စုဝေးဝတ်ပြုနေစဉ် ငလျင်လှုပ်ခဲ့တာကြောင့် ဗလီ ၆၀ ကျော် ပျက်စီးပြီး ဘာသာဝင် ၄၀၀ ဝန်းကျင်သေဆုံးတယ်လို့ အချက် အလက်စုဆောင်းနေတဲ့ အစ္စလာမ်ဘာသာဝင်တစ်ဦးက မတ် ၂၈ ရက်မှာ ဘီဘီစီကိုပြောထားပါတယ်။

    စစ်ကိုင်း မိုးကျဗလီမှာလည်း သေဆုံးသူ ရာကျော်ရှိမယ်လို့ မျက်မြင်တွေ့သူတစ်ဦးက မတ် ၃၀ ရက်မှာ ဘီဘီစီကို ပြောပါတယ်။

    စစ်ကိုင်းက အစ္စလာမ်ဘာသာဝင်တွေရဲ့ ရုပ်အလောင်းကို တော့ မန္တလေးကို သယ်ဆောင်ပြီး နာရေးပြုလုပ် ရတယ်လို့ စစ်ကိုင်းဒေသခံကပြောပါတယ်။​

  18. တေးသံရှင် ဂျေညီညီ ကွယ်လွန်

    တေးသံရှင် ဂျေညီညီ

    ဓာတ်ပုံ ရင်းမြစ်, J Nyi Nyi

    ဓာတ်ပုံ ပုံစာ, တေးသံရှင် ဂျေညီညီ

    နာမည်ကျော်တေးသံရှင် ဂျေညီညီ မတ် ၃၁ ရက် မနက်အစောပိုင်းမှာ ကွယ်လွန်ခဲ့တယ်လို့ မိသားစုဝင်တွေ နဲ့ အနုပညာအသိုင်းအဝိုင်းက ပြောပါတယ်။ ‌

    ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ် ရှိပြီဖြစ်တဲ့ အဆိုပိုင်းသာမက တေးရေးမှာပါ အောင်မြင်တဲ့ ဂျေညီညီဟာ အလွမ်းကဖီး၊ ဒီမိုး၊ ပလက်ဖောင်းရှိုး၊ စွဲနေပြီ စတဲ့ တေးသီချင်းကောင်းများစွာ သီဆိုခဲ့သူဖြစ်ပါတယ်။

    ဂျေမိသားစုဟာ မိသားစုလိုက် အနုပညာမျိုးရိုးဖြစ်ပြီး ဂျေမောင်မောင်၊ ဂျေညီမလေး၊ တူမ ဖြစ်သူ သီရိဂျေမောင်မောင် တို့ ဟာလည်း မြန်မာ့ဂီတလောကမှာ ထင်ရှားကြပါတယ်။

    အဆိုတော် ဂျေညီညီဟာ အောင်မြင်တဲ့ စတိတ်ရှိုးစင်မြင့်တွေ၊ တေးသံတွင်းစတူရီယိုတွေထဲမှာတင်မက လမ်းဘေးက အလှူခံဂီတပွဲတွေမှာပါ သူ့ဘဝရဲ့နောက်ဆုံး လက်ကျန်အချိန်တွေအထိ သီချင်းတွေသီဆိုခဲ့ တာဖြစ်ပါတယ်။

  19. မန္တလေး Great Wall ဟိုတယ် ပြိုကျမှုမှာ နာရီ ၆၀ ခန့်ပိတ်မိနေတဲ့ အမျိုးသမီး ၁ ဦး လွတ်မြောက်

    မတ် ၂၈ ရက်က ငလျင်လှုပ်ခတ်ပြီးနောက် ဂရိတ်ဝေါဟိုတယ်တခြမ်းစောင်းပြီး ပြိုကျနေတဲ့ မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မတ် ၂၈ ရက်က ငလျင်လှုပ်ခတ်ပြီးနောက် ဂရိတ်ဝေါဟိုတယ်တခြမ်းစောင်းပြီး ပြိုကျနေတဲ့ မြင်ကွင်း

    မန္တလေးမြို့ Great Wall ဟိုတယ် မှာ နာရီ ၆၀ ခန့်ပိတ်မိနေတဲ့ အမျိုးသမီး ၁ ဦးကို ဒီကနေ့ မနက်အစောပိုင်းက တရုတ်ကယ်ဆယ်ရေးအဖွဲ့က ကယ်တင်လိုက်နိုင်ပါတယ်။

    ငါးနာရီကျော်ကြာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီးချိန်မှာ အသက်ရှင်လျက် ကယ်တင်ခဲ့နိုင်တာဖြစ်ပြီး တရုတ်ကယ်ဆယ်ရေးအဖွဲ့ရဲ့ ပထမဆုံးကယ်ဆယ်မှုဖြစ်တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

    ဒီကယ်ဆယ်ရေးမှာ မြန်မာ၊ တရုတ်နဲ့ ရုရှားနဲ့ အိန္ဒိယ ကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပါဝင်ခဲ့ကြတယ် လို့ဒေသခံတွေက ပြောပါတယ်။

  20. မင်္ဂလာပါ။ မြန်မာမှာ မတ်လ ၂၈ ရက်တုန်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင် ၄ ရက်မြောက်နေ့ ‌နောက်ဆုံးရ သတင်း‌တွေကို ဒီစာမျက်နှာမှာ တိုက်ရိုက် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။