အဘူအဲလ်အက်ဘ် လို့ လည်း ခေါ်ကြတဲ့ အစ္စမေးလ်အဗ္ဗဒဲလ် ဆာလမ်ဟာနီယာ ဟာ ပါလက်စတိုင်း ဒုက္ခသည်စခန်းမှာ မွေးဖွးခဲ့သူ ဖြစ်ပြီး ဟားမတ်စ် လှုပ်ရှားမှုရဲ့ နိုင်ငံရေး ဗျူရိုအကြီးအကဲ ဖြစ်သလို ဒဿမမြောက် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ အစိုးရမှာလည်း ၂၀၀၆ ခုနှစ်က စပြီး ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
အစ္စရေးက ၁၉၈၉ ခုနှစ်မှာ သူ့ကို ၃ နှစ် အကျဉ်းချခဲ့ပြီးနောက် ၁၉၉၂ ခုနှစ်မှာ တခြား ဟားမတ်စ် ခေါင်းဆောင်တွေနဲ့ မာဂျ် အဲလ် ဇူဟာ လို့ခေါ်တဲ့ အစ္စရေနဲ့ လက်ဘနွန်အကြားက လူသူမနီးတဲ့ နေရာကို ပြည်နှင်ဒဏ်ပေးခဲ့ပြီး တော်တော်ဆိုးဝါးတဲ့ အခြေအနေမှာ တနှစ်ကြာ နေခဲ့ရပါတယ်။
အဲဒီနောက်ဂါဇာကို ပြန်ရောက်လာပြီး ၁၉၉၇ ခုနှစ်မှာ ဟားမတ်စ် လှုပ်ရှားမှုရဲ့ ဘာသာရေးဆိုင်ရာ ခေါင်းဆောင် ရှိတခ် အာမက် ယာဆင်ရဲ့ ရုံးအဖွဲ့မှူး ဖြစ်လာခဲံပါတယ်။ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက် ဟားမတ်စ်က သူ့ကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ အစိုးရ ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းခဲ့ပြီး အဲဒီလ ၂၀ ရက်နေ့မှာ ဝန်ကြီးချုပ် ဖြစ်လာပါတယ်။
တနှစ်ကြာပြီးနောက်မှာ ဂါဇာကမ်းမြှောင်မှာ အဇ် အဲလ် ဒင် အဲလ် ကာဆမ် တပ်မဟာများက ထိန်းချုပ်လိုက်ပြီး ဖာတာ လှုပ်ရှားမှု အဖွဲ့က ကိုယ်စားလှယ်တွေကို နှင်ထုတ်ခဲ့ကြတဲ့ လူအများအပြားလည်း သေဆုံးခဲ့ရတဲ့ သွေးစွန်းတဲ့ သီတင်းပတ် ဖြစ်ခဲ့ပါတယ်။
အဲဒီနောက် သူ့ကို ပါလက်စတိုင်း အမျိုးသား အာဏာပိုင် အဖွဲ့ရဲ့ သမ္မတဖြစ်တဲ့ မာမုဒ် အာဘတ်စ်က ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။
ဟန်နီယာက ဒါကို ဖွဲ့စည်းပုံနဲ့ မညီညွတ်ဘူးဆိုပြီး လက်မခံခဲ့ဘဲ သူ့အစိုးရဟာ ပါလက်စတိုင်းလူထုကို မပစ်ပယ်ဘဲ အမျိုးသားရေး လုပ်ငန်း တာဝန်တွေကို ဆက်ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ ဟာနီယာဟာ ဖာတာ လှုပ်ရှားမှုအဖွဲ့နဲ့ ရင်ကြားစေ့ဖို့ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် မေလ ၆ ရက်မှာ သူ့ကို ဟားမတ်စ်ရဲ့ နိုင်ငံရေး ဗျူရိုမှာ အကြီးအကဲအဖြစ် ရွေးချယ်ခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ သူ့ကို အမေရိကန် နိုင်ငံခြားရေး ဌာနက အကြမ်းဖက် သမားအဖြစ် စာရင်းသွင်းခဲ့ပါတယ်။