ပါရှန်းသတင်းထောက်၊ ဝါရှင်တန်
အမေရိကန်နဲ့ အီရန်ကြား ဆွေးနွေးရေးနောက်တစ်ကြော့ သောကြာနေ့မှာပြန်စဖို့ ရှိနေပေမဲ့ နှစ်ဖက်ကြားက ယုံကြည်မှုအတိုင်းအဆဟာ အပြည့်အဝတော့ ဖြစ်မနေပါဘူး။
ပြီးခဲ့တဲ့နှစ်မှာ အီရန်နဲ့ အမေရိကန်တို့ဟာ ၂ ကြိမ်တိုင်တိုင် ညှိကြနှိုင်းကြခဲ့ပြီးပါပြီ။ အဲဒီနှစ်ကြိမ်စလုံးမှာ အဲဒီလို ညှိနှိုင်းတုန်းမှာပဲ စစ်ပွဲ စဖြစ်ခဲ့တာပါ။
အီရန်အနေနဲ့ သူတို့ ဘယ်လောက်အထိ အနိုင်ရနေပါပြီလို့ နိုင်ငံပိုင်မီဒီယာကနေ ပုံဖော်ဖော် အပေါ်စီးက ရှိနေတဲ့အခြေအနေတော့မဟုတ်ပါဘူး။
လက်ရှိမှာ အီရန်စစ်တပ်ဟာ တိုက်ခိုက်ခံရလွန်းလို့ နာလန်မထူနိုင်တဲ့အခြေအနေဖြစ်ပြီး စီးပွားရေးကလည်း ယိမ်းယိုင်နေပါတယ်။ တီဟီရန်က ထိပ်ပိုင်းအုပ်စိုးသူအစုအဖွဲ့ဟာ အတိုက်အခံအပြင် လူထုနဲ့ လုပ်ရကိုင်ရတဲ့မပြီးပြတ်တဲ့ကိစ္စတွေ ရှိနေဆဲပါ။
ပြီခဲ့တဲ့ရက်ပိုင်းအတွင်း အီရန်အစိုးရဟာ ဇန်နဝါရီလတုန်းက ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခဲ့သူအချို့ကို ကွပ်မျက်တာတွေ စလုပ်ခဲ့ပါတယ်။
တီဟီရန်အုပ်စိုးသူတွေဟာ နိုင်ငံအတွင်းမှာ သူတို့အာဏာစက်ကို ပြန်တင်းနေပါတယ်။ ဒီလိုအခြေအနေအရပ်ရပ် ကြုံနေရချိန်မှာ အီရန်ဘက်က တောင်းဆိုလာတာတွေကို အမေရိကန်ဘက်က လိုက်လျောပေးဖို့ဆိုတာလည်း လွယ်ကူမယ့်ဟန် မပေါ်ပါဘူး။
အမေရိကန်ကတော့ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးမယ်ဆိုရင် အပစ်ရပ်မယ်ဆိုပြီး ပြောထားတာဖြစ်ပါတယ်။
ဗျူဟာကျတဲ့တည်နေရာကြောင့် ဟော်မုဇ်က ပင်လယ်ရေကြောင်းသွားလာမှုကို ထိန်းချုပ်ချင်တဲ့အကြောင်း အီရန်ဘက်က ပြောထားတာပါ။ ပြီးတော့ ဒီအရေးဟာ အီရန်ရဲ့ နံပါတ်တစ် ဦးစားပေးဖြစ်ပါတယ်။
အီရန်ရဲ့နျူကလီးယားအစီအစဥ်နဲ့ပတ်သက်ပြီး ညှိနှိုင်းတာတွေလည်း ခက်ခဲဦးမှာပါ။အီရန်နိုင်ငံပိုင်မီဒီယာကတော့ အမေရိကန်ဟာ အီရန်နိုင်ငံထဲ နျူကလီယားသန့်စင်တာကို လက်ခံတယ်လို့ ပြောနေပါတယ်။
အမေရိကန်ကလည်း အီရန်နိုင်ငံထဲမှာ နျူကလီးယားသန့်စင်တာမျိုး မဖြစ်စေချင်ဘူးလို့ဆိုပြန်ပါတယ်။
ဒီတော့ လာမယ့်သီတင်း ၂ ပတ်ဟာ ညှိနှိုင်းတဲ့အပိုင်းမှာ သိပ်ကိုခဲရာခဲဆစ်နိုင်မယ့် ကာလတွေ ဖြစ်လာမှာပါ။