ကရင်ပြည်နယ်ထဲက ကျားဖြန့်ဂိုဏ်းကို အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ်

ဓာတ်ပုံ ရင်းမြစ်, U.S. Attorney's Office, District of Columbia
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ဘက်ခြမ်းက တိုင်ချန် ကွင်းဆက်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ က လိမ်လည်ထားတဲ့ ဒစ်ဂျစ်တယ်ငွေကြေးလမ်းကြောင်းကို ဖမ်းဆီးထိန်းသိမ်းနိုင်ဖို့ အမေရိကန်က ဆုကြေး ဒေါ်လာ ၁၀ သန်းထုတ်လာပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနဲ့ ဥပဒေစိုးမိုးရေးဆိုင်ရာ ဗျူရိုကနေ ဧပြီ ၂၃ ရက်မှာ ဆုကြေးထုတ်လိုက်တာဖြစ်ပါတယ်။
တိုင်ချန်ငွေလိမ်ဂိုဏ်းဟာ ကရင်ပြည်နယ်ထဲက ကျောက်ခတ်ရွာတဝိုက်မှာ ၃ နေရာဖြန့်ခွဲတည်ရှိနေ တာကို အမေရိကန်ဘက်က ဖော်ထုတ်ထားပါတယ်။
အရှေ့တောင်အာရှက နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေကြောင့် ၂၀၂၅ ခုနှစ်အတွင်း အမေရိကန် နိုင်ငံသားတွေဟာ ဒေါ်လာ ၇ ဒသမ ၂ ဘီလျံကျော်ဆုံးရှုံးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီလိမ်လည်ခံရတဲ့ငွေကြေးတွေကို ခြေရာခံသိမ်းဆည်းပြီး နစ်နာသူတွေကို ပြန်လည်ပေးအပ်နိုင်ဖို့ အမေရိကန်က ဆုကြေးထုတ်လာတာပါ။
ခရစ်တိုငွေကြေးကို အဓိကသုံးလာတဲ့ ငွေလိမ်ဂိုဏ်းတွေရဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းတာက ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
FBI ကို TaiChangTIPS@fbi.gov အီးမေးလ်ကနေသတင်းပေးနိုင်သလို အမေရိကန်နိုင်ငံပြင်ပမှာ ရှိနေရင် အမေရိကန်သံရုံး၊ ကောင်စစ်ဝန်ရုံးတွေကိုလည်း သတင်းပေးနိုင်တယ်လို့ ကြေညာထားပါတယ်။
အမေရိကန်အနေနဲ့ ကျားဖြန့်ငွေကြေးလမ်းကြောင်းကို သတင်းပေးဖို့ ဆုကြေးထုတ်တာ အပြင် မင်းလက်ပံမှာ KNU/KNLA ဝင်စီးခဲ့တဲ့ Shunda ဝင်းက မန်နေဂျာ ၂ ဦးကိုလည်း အရေးယူထားပါတယ်။
Huang Xing Saan နဲ့ Jiang Wen Jie ဆိုတဲ့ တရုတ်နိုင်ငံသား ၂ ဦးကို အမေရိကန်က ထိုင်းနိုင်ငံနဲ့ ပေါင်းပြီး ဖမ်းဆီးအရေးယူလိုက်တာပါ။
KNLA က မင်းလက်ပံကျားဖြန့်ဝင်းကို ဝင်စီးပြီးတဲ့နောက် မန်နေဂျာ ၂ ဦးဟာ ကမ္ဘောဒီးယားက နောက်ထပ်ကျားဖြန့်ဝင်းတစ်ခုကို ရွှေ့ပြောင်းခဲ့ပါတယ်။
၂၀၂၆ နှစ်စပိုင်းမှာ ထိုင်းကတဆင့် မြန်မာကိုပြန်လည်ဝင်ရောက်ဖို့ လုပ်ချိန် ထိုင်းအာဏာပိုင် တွေက ဖမ်းဆီးလိုက်တာပါ။
ကမ္ဘောဒီးယားက ငွေလိမ်လုပ်ငန်းတစ်ခုအတွက် လူကုန်ကူးရာမှာ အသုံးပြုတဲ့ တယ်လီဂရမ်ချန်နယ်နဲ့ ခရစ်တိုငွေကြေးလိမ်လည်ဖို့ အသုံးပြုတဲ့ ဒိုမိန်း ၅၀၃ ခုကိုလည်း အမေရိကန်က ပိတ်သိမ်းနိုင်ခဲ့တယ်လို့ အမေရိကန် ကိုလံဘီယာခရိုင် ရှေ့နေရုံးက ထုတ်ပြန် ပါတယ်။

