"အမေရိကန်ရွှေခေတ် အခုစပြီ"လို့ ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုပွဲ မိန့်ခွန်းပြော

အမေရိကန် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ တိုက်ရိုက်တင်ဆက်မှု

အနှစ်ချုပ်

  • ဘိုင်ဒန်က ရာထူးမပြီးဆုံးခင်ကလေးမှာ သူ့မိသားစုဝင်တွေကို ကြိုတင်လွတ်ငြိမ်းခွင့်တွေ ထုတ်ပြန်ခဲ့
  • "အမေရိကန် ရွှေခေတ် အခု စပြီ"လို့ ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုပွဲ မိန့်ခွန်းပြော
  • ထရမ့်နဲ့ ဂျေဒီဗန့်စ်တို့ ကျမ်းသစ္စာ ကျိန်ဆို
  • နှစ်ပေါင်း ၄၀ အတွင်း အအေးဆုံးအဖြစ် အာတိတ်လေဝဲဒဏ် ခံနေရချိန်မှာ ထရမ့်ရဲ့ သမ္မတရာထူး လက်ခံပွဲ ကျင်းပ
  • သမ္မတ ဖြစ်ဖြစ်ချင်း ပထမဆုံးနေ့မှာ ထရမ့် လုပ်ဆောင်ဖွယ်ရှိတဲ့ ဦးစားပေးအစီအစဉ်တွေ
  • ဒေါ်နယ်ထရမ့်ရဲ့ သမ္မတရာထူးလက်ခံပွဲနေ့မှာ ဘယ်လိုအစီအစဥ်တွေရှိမလဲ
  • ၄၇ ဆက် မြောက် အမေရိကန် သမ္မတအဖြစ် ထရမ့် ရာထူးလက်ခံ ရယူမယ်၊ ရာသီဥတု အေးခဲနေလို့ ကျမ်းသစ္စာကျိန်ဆိုပွဲကို လွှတ်တော်အဆောက်အအုံထဲမှာ ကျင်းပမယ်
  • သမ္မတ လုပ်ပိုင်ခွင့်အမိန့်ဆိုတာ ဘာလဲ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရီပတ်ဘလီကန် အမတ်တွေ ကက်ပီတိုလ် အဆောက်အအုံဆီ ရောက်ရှိလာကြ

    သမ္မတ ရာထူးလက်ခံပွဲ ကျင်းပတော့မယ့် ကက်ပီတိုလ် အဆောက်အအုံဆီ လူတွေတဖွဲဖွဲ ရောက်ရှိလာနေပါပြီ။

    အဲဒီထဲမှာ ဂျော်ဂျီယာပြည်နယ်က အောက်လွှတ်တော်အမတ် မာဂျရီ တေလာ ဂရီးနဲ့ ကန်တပ်ကီပြည်နယ်က ဆီးနိတ်လွှတ်တော်အမတ် မစ်ချ် မက်ကောနဲလ်နဲ့ ဇနီးသည် အီလိန်း ချောင်း အပါအဝင် ရီပတ်ဘလီကန် အမတ်တွေနဲ့ ဒေါ်နယ်ထရမ့်ရဲ့ မိတ်ဆွေရောင်းရင်းတွေ ပါဝင်ပါတယ်။

    ရီပတ်ဘလီကန် လွှတ်တော်ဥက္ကဋ္ဌဟောင်း ကယ်ဗင် မက်ကာ့သီ ကိုလည်း တက်ရောက်လာသူတွေထဲမှာ တွေ့ရပါတယ်။

    မာဂျရီ တေလာ ဂရီးန်

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, မာဂျရီ တေလာ ဂရီးန်
    မစ်ချ် မက်ကော်နဲလ်နဲ့ ဇနီးဖြစ်သူ အီလိန်း ချောင်း

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, မစ်ချ် မက်ကော်နဲလ်နဲ့ ဇနီးဖြစ်သူ အီလိန်း ချောင်း
  2. တရားဝင် ကျမ်းသစ္စာကျိန်ဆိုဖို့ ကက်ပီတိုလ် လွှတ်တော်အဆောက်အအုံဆီ ထရမ့် ရောက်ရှိလာ

    သမ္မတရာထူး လွှဲပြောင်းမယ့် အခမ်းအနား ကျင်းပရာ ကက်ပီတိုလ်လွှတ်တော်ဆီ ဒေါ်နယ် ထရမ့် အခုလေးတင် ရောက်ရှိလာပါပြီ။

    သူဟာ ရာထူးသက်တမ်းပြီးဆုံးတော့မယ့် သမ္မတ ဂျိုး ဘိုင်ဒန်နဲ့ အတူ ယှဉ်တွဲပြီး လွှတ်တော်အဆောက်အအုံထဲ ဝင်လာခဲ့ပါတယ်။

    ထရမ့်နဲ့ ဘိုင်ဒန် ကက်ပီတိုလ် လွှတ်တော်အဆောက်အအုံဆီ ရောက်ရှိလာ
    ယာဥ်တန်း

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ယာဥ်တန်း

    ဓာတ်ပုံ ရင်းမြစ်, Reuters

  3. အိမ်ဖြူတော်ကနေ ထရမ့် ပြန်လည် ထွက်ခွာလာ

    သမ္မတ ဂျိုး ဘိုင်ဒန်နဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ် ထရမ့်တို့ အိမ်ဖြူတော်ကနေ ထွက်ခွာလာပြီး ဇိမ်ခံကားကြီးတစ်စင်းနဲ့ ကက်ပီတိုလ် လွှတ်တော်အဆောက်အအုံဆီ အတူ ခရီးနှင်လာကြပြီဖြစ်ပါတယ်။

    ဘိုင်ဒန်နဲ့ ထရမ့်တို့ အိမ်ဖြူတော်ကနေ ကက်ပီတိုလ် လွှတ်တော်ဆီ ထွက်ခွာလာပြီ

    ဓာတ်ပုံ ရင်းမြစ်, Reuters

  4. မူးယစ်ဂိုဏ်းခေါင်းဆောင်တွေကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်မယ်

    ဒီကနေ့အစောပိုင်းက သတင်းထောက်တွေကို တရားဝင် ပြောကြားခဲ့စဉ် ထရမ့် အစိုးရအဖွဲ့သစ်ရဲ့ တာဝန်ရှိသူတစ်ဦးက ရာဇဝတ်ဂိုဏ်းအတော်များများကို FTOs ပြည်ပအကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်မှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒါဟာ အယ်လ်ကိုင်ဒါ၊ IS အစ္စလာမစ်နိုင်ငံအဖွဲ့၊ ဟက်ဇ်ဘိုလာနဲ့ တခြားအုပ်စုတွေကို အရင်က သတ်မှတ်ခေါ်ဝေါ်ခဲ့တဲ့ အသုံးအနှုန်းဖြစ်ပါတယ်။

    ဂိုဏ်းအုပ်စု ဘယ်လောက်များများကို ဒီလို သတ်မှတ်မလဲ ဆိုတာ အသေအချာ မသိရပါဘူး။ ဒါပေမဲ့ MS-13 ဂိုဏ်းနဲ့ ဗင်နီဇွဲလားအစိုးရက တမူထူးတဲ့ လက်နက်ကိုင်အဖွဲ့အဖြစ် ဖော်ညွှန်းပြောခဲ့တဲ့ ဗင်နီဇွဲလား အခြေစိုက် Tren de Aragua ဂိုဏ်းကိုတော့ အဲဒီ တာဝန်ရှိသူက အထူး မီးမောင်းထိုး ပြောသွားခဲ့ပါတယ်။

    ဒါ့အပြင် ဒုက္ခသည်တွေ ခိုလှုံခွင့် လေးလတာ ပေးထားတဲ့ကာလကိုရော၊ ဒုက္ခသည်အဖြစ် ကြေညာပြီး ခိုလှုံခွင့်တောင်းခံနိုင်ခွင့်ကိုပါ ထရမ့်က ရုပ်သိမ်းပစ်မယ်လို့ ယူဆရပါတယ်။ အဲဒီအတွက် အမေရိကန် မက္ကဆီကို နယ်စပ်မှာ သူတို့ကိုယ်သူတို့ ဒုက္ခသည်တွေအဖြစ် ခိုလှုံခွင့် တောင်းခံမယ့်သူတွေကို အမေရိကန်အစိုးရအရာရှိတွေက ချက်ချင်းနှင်ထုတ်ခွင့် ရလာမှာ ဖြစ်ပါတယ်။

  5. နည်းပညာလုပ်ငန်းရှင် ဘီလျံနာသူဌေးကြီးတွေ ဖြစ်တဲ့ မာခ် ဇက်ကာဘာ့ဂ်နဲ့ ဂျက်ဖ် ဘီဇော့စ် တို့ ဘုရားကျောင်းဝတ်ပြုပွဲတက်

    စိန့်ဂျွန်းဘုရားကျောင်း ဝတ်ပြုပွဲအခမ်းအနားကို တက်ရောက်လာသူတွေထဲမှာ ဒေါ်နယ် ထရမ့်ရဲ့ ဘဝအတွက် အရေးကြီးတဲ့ပုဂ္ဂိုလ် အတော်များများနဲ့အတူ သြဇာအရှိန်အဝါ ကြီးမားတဲ့ နည်းပညာလုပ်ငန်း အမှုဆောင်အရာရှိချုပ်တွေနဲ့ ယူကေဝန်ကြီးချုပ်ဟောင်း ဘောရစ် ဂျွန်ဆင်တို့ ပါဝင်ပါတယ်။

    မက်တာကုမ္ပဏီ အကြီးအကဲ မာ့ခ် ဇက်ကာဘာ့ဂ်၊ အမေဇုန်ကုမ္ပဏီအကြီးအကဲ ဂျက်ဖ် ဘီဇော့စ်၊ လောရန်း ဆန်ချက်ဇ်နဲ့ ဘောရစ် ဂျွန်ဆင် တို့ ခုံတန်းတစ်ခုတည်းမှာ အတူတူ ထိုင်ကြတယ်လို့ အိမ်ဖြူတော်မှာ ရောက်ရှိ သတင်းယူနေတဲ့ ဘီဘီစီအဖွဲ့က ပြောပါတယ်။

    မီဒီယာလုပ်ငန်းရှင် သူဌေးကြီး ရူပါ့တ် မာဒေါ့ခ် နဲ့ FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဂျီယာနီ အင်ဖန်တီနို တို့ကိုလည်း တွေ့ရပါတယ်။

    ထရမ့်၊ မယ်လယ်နီယာနဲ့ သူတို့ရဲ့ သား ဘာရွန် တို့က ရှေ့ဆုံးတန်းမှာ နေရာယူခဲ့ပါတယ်။

    နည်းပညာလုပ်ငန်းရှင် ဘီလျံနာသူဌေးကြီးတွေ ဖြစ်တဲ့ မာခ် ဇက်ကာဘာ့ဂ်နဲ့ ဂျက်ဖ် ဘီဇော့စ် တို့ ဘုရားကျောင်း၀တ်ပြုပွဲတက်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    နည်းပညာလုပ်ငန်းရှင် ဘီလျံနာသူဌေးကြီးတွေ ဖြစ်တဲ့ မာခ် ဇက်ကာဘာ့ဂ်နဲ့ ဂျက်ဖ် ဘီဇော့စ် တို့ ဘုရားကျောင်း၀တ်ပြုပွဲတက်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  6. ထရမ့် ထောက်ခံသူတွေ ကက်ပီတိုလ်လွှတ်တော်အဆောက်အအုံ အမှတ်(၁) ခန်းမမှာ စောင့်စားနေကြ

    ထရမ့်ထောက်ခံသူတွေက ကက်ပီတိုလ် အမှတ်(၁)ခန်းမကို စတင်ရောက်ရှိလာနေပါပြီ။

    သူတို့ရှိနေရာ ခန်းမရဲ့ အရှေ့တောင်ဘက် တစ်မိုင်အကွာမှာရှိတဲ့ ကက်ပီတိုလ် လွှတ်တော်အဆောက်အအုံမှာ ထရမ့် တရားဝင် ကျမ်းသစ္စာကျိန်ဆိုအပြီး နောက် ၈ နာရီကြာမှ ဒီခန်းမမှာ ထရမ့်က မိန့်ခွန်းလာပြောမှာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်း ဒေသတွင်းတလျှောက်ရင်ဆိုင်နေရတဲ့ အအေးဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ ရာနဲ့ချီတဲ့ ထရမ့်ထောက်ခံသူတွေက အနွေးထည်တွေ အထပ်ထပ်ဝတ်ထားကြပြီး သူတို့ရဲ့ အနီရောင် MAGA - မာဂါ ဦးထုပ်တွေကို ဆောင်းထားကြပါတယ်။

    ခန်းမတွင်းက ကော်ဖီရောင်းတဲ့ နေရာတွေမှာ ကော်ဖီ နှစ်ခွက်ကို ၁၃ ဒေါ်လာ ပေးရပြီး ကိုကာကိုလာ အချိုရည်နဲ့ ရေတစ်ပုလင်းက ၁၇ ဒေါ်လာ ကျပါတယ်။ အဲဒီခန်းမထဲ တက်ရောက်ခွင့်ရသူ ၂၀,၀၀၀ အတွက်တော့ အကုန်အကျများမယ့်နေ့ တစ်နေ့ ဖြစ်ပါတယ်။

    အဲဒီအခမ်းအနားမှာ သီဆိုဖျော်ဖြေမယ့် တေးသီချင်းတွေကတော့ နိုင်ငံတဝန်း လပေါင်းများစွာ ထရမ့်လှည့်လည်စဉ် ဖျော်ဖြေခဲ့တဲ့ သီချင်းတွေဖြစ်ပြီး ခုလောလောဆယ်မှာ ဒိုင်ယာနာ ရော့စ်ရဲ့ သီချင်းကို အသံချဲ့စက်ကနေ ဖွင့်ထားတာ ကြားရပါတယ်။

    ကက်ပီတိုလ် အမှတ်(၁)ခန်းမမှာ ထရမ့်ထောက်ခံသူတွေ စောင့်ဆိုင်းနေ

    ဓာတ်ပုံ ရင်းမြစ်, EPA

  7. အိမ်ဖြူတော်မှာ လက်ဖက်ရည်သောက်ဖို့ ထရမ့်ကို ဘိုင်ဒန်ကြိုဆို

    သမ္မတ ဘိုင်ဒန်နဲ့ သမ္မတကတော် ဂျေလ်က ဒေါ်နယ် ထရမ့်နဲ့ မယ်လယ်နီယာကို အိမ်ဖြူတော်မှာ ဆီးကြိုခဲ့ပါတယ်။ ကက်ပီတိုလ် လွှတ်တော်အဆောက်အအုံကို မသွားခင် သူတို့ လက်ဖက်ရည် အတူသောက်ကြမှာပါ။

    ဒါဟာ ဒီကနေ့မှာ သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။

    ထရမ့်ရဲ့ မိသားစုဝင်တွေကတော့ သူကျမ်းသစ္စာ ကျိန်ဆိုဖို့ သွားမယ့် ကက်ပီတို အဆောက်အအုံ ထဲဝင်သွားကြတာကို တွေ့ရပါတယ်။

    ထရမ့်နဲ့ မယ်လယ်နီယာ အိမ်ဖြူတော်ကို ရောက်ရှိလာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  8. ပါကစ္စတန်က ထရမ့်နဲ့တူသူက အမေရိကန်ကိုလာဖို့ သူ့ကိုဖိတ်မယ်လို့ မျှော်လင့်နေ

    ဆဲလ်ဖီရိုက်သူတွေ ဝိုင်းဝိုင်းလည်နေ
    ဓာတ်ပုံ ပုံစာ, ဆဲလ်ဖီရိုက်သူတွေ ဝိုင်းဝိုင်းလည်နေ

    ဒေါ်နယ် ထရမ့်ရဲ့ အောင်မြင်ကျော်ကြားမှု စွမ်းအားကို အရယူလိုက်သူကတော့ ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် အရှေ့ပိုင်းက ဆလင်းမ် ဘက်ဂါ ဆိုတဲ့ လမ်းဘေးစျေးသည် တစ်ဦး ဖြစ်ပါတယ်။ သူကို့ အမေရိကန်သမ္မတသစ်နဲ့ တစ်ထေရာတည်း ရုပ်ချင်းဆင်တူတယ်လို့ ပြောနေကြတာပါ။

    ထရမ့်နဲ့ ရုပ်ချင်းဆင်တူနေတာကြောင့် သူ့အနားမှာ ဆယ်လ်ဖီ ရိုက်ချင်သူတွေနဲ့ ဝိုင်းဝိုင်းလည်နေပါတယ်။ ပူတင်းမုန့် ရောင်းနေရင်းနဲ့ သူက သီချင်းလည်း ဆိုပြပါတယ်။

    သူ့နဲ့ ဘီဘီစီ အဆက်အသွယ် ရခဲ့ပြီး ထရမ့်ရဲ့ သမ္မတရာထူး လက်ခံပွဲ မတိုင်ခင် သူက ဗီဒီယို ပို့ပေးခဲ့ပါတယ်။

    “VIP ဒေါ်နယ် ထရမ့် ပူတင်းလေးပါ။ ထောပတ်နဲ့ နို့ ပါပါတယ်။ ဒါက နို့နဲ့ မလိုင်ပါတဲ့ ရေခဲမုန့်ပါ။ နို့နဲ့လုပ်ထားတဲ့ VIP ဒေါ်နယ် ထရမ့် ရေခဲမုန့်ပါဗျို့”ဆိုပြီး မုန့်ရောင်းနေတဲ့ ပုံကို ဗီဒီယိုထဲမှာ တွေ့ရပါတယ်။

    ဒါ့အပြင် ထရမ့်ကိုလည်း သူက လှမ်းပြောလိုက်ပါသေးတယ်။

    “ကျွန်တော့်ကို ဒေါ်နယ် ထရမ့်က အမေရိကန်ကို လာဖို့ ဖိတ်စေချင်ပါတယ်။ သူ့ကို သွားတွေ့ရရင်တော့ ကျွန်တော် အရမ်းကို ပျော်မိမှာပါ”တဲ့။

    "VIP ဒေါ်နယ် ထရမ့် ပူတင်းလေးပါ။"
    ဓာတ်ပုံ ပုံစာ, "VIP ဒေါ်နယ် ထရမ့် ပူတင်းလေးပါ။"
  9. မယ်လယ်နီယာရဲ့ အိမ်ဖြူတော် ဒုတိယခရီး

    မယ်လယ်နီယာထရမ့်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, အိမ်ဖြူတော်ကို ဒုတိယအကြိမ် ရောက်လာတဲ့ မယ်လယ်နီယာထရမ့်

    ဒေါ်နယ်ထရမ့် ပထမအကြိမ် သမ္မတသက်တမ်းမှာတုန်းက သမ္မတကတော် မယ်လယ်နီယာထရမ့်ဟာ အစပိုင်းမှာ အိမ်ဖြူတော်မှာ လိုက်မနေဘဲ သူတို့သားလေး ဘယ်ရွန် ကျောင်းတက်နေတဲ့ နယူးယောက်မှာပဲ သားနဲ့အတူ အနေများခဲ့ပါတယ်။

    ဆလိုဗီးနီးယားနိုင်ငံမှာ မွေးဖွားခဲ့ပြီး ဖက်ရှင်မော်ဒယ်တစ်ယောက် ဖြစ်ခဲ့သူ မယ်လယ်နီယာဟာ အခု အသက် ၅၄ နှစ်ရှိပါပြီ။

    သူဟာ အရင်သမ္မတကတော်တွေနဲ့ နှိုင်းစာရင် လူရှေ့ထွက်လေ့ သိပ်မရှိတာကြောင့် အသိရခက်သူတစ်ဦးလို့ သူ့ကို သတ်မှတ်ကြပါတယ်။

    ထရမ့်တစ်ယောက် အမှုမျိုးစုံနဲ့ ရင်ဆိုင်နေခဲ့ရတဲ့ ကာလတွေမှာရော ဒုတိယအကြိမ်အရွေးခံဖို့ ပြင်ဆင်နေချိန်မှာပါ မယ်လယ်နီယာက ထဲထဲဝင်ဝင် လူလုံးထွက်ပြတာမျိုး မတွေ့ရပါဘူး။ ဒါပေမဲ့ အရေးပါတဲ့ အချိန်တချို့မှာတော့ ထရမ့်နဲ့အတူ ရှိနေခဲ့ပါတယ်။

    မစ္စတာထရမ့်က သူ နောက်တစ်ကြိမ် အရွေးခံမယ်လို့ ၂၀၂၂ မှာ ကြေညာတဲ့နေ့ကတော့ ခင်ပွန်းသည်ဘေးမှာ သူ့ကို တွေ့ရပါတယ်။

    ၂၀၂၄ ရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရကြောင်း အတည်ဖြစ်တဲ့နောက်တစ်ရက်မှာ မယ်လယ်နီယာက သူနဲ့ သူ့ခင်ပွန်းတို့ဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို ကာကွယ်ဖို့ အစွမ်းကုန်လုပ်သွားမယ်လို့ ပို့စ်ရေးတင်ခဲ့ပါတယ်။

    သားဖြစ်သူလည်း အရွယ်ရောက်စပြုလာပြီမို့ ထရမ့်ရဲ့ ဒုတိယသက်တမ်းမှာတော့ မယ်လယ်နီယာကို နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ကဏ္ဍတွေမှာ လှုပ်ရှားမှုပိုတွေ့လာရတော့မလားဆိုပြီး အကဲခတ်တချို့ကတော့ မှန်းဆနေကြပါတယ်။

  10. နှစ်ပေါင်း ၄၀ အတွင်း အအေးဆုံးအဖြစ် အာတိတ်လေဝဲဒဏ် ခံနေရချိန်မှာ ထရမ့်ရဲ့ သမ္မတရာထူး လက်ခံပွဲ ကျင်းပဖို့ရှိ

    အမေရိကန်နိုင်ငံမှာ ရာသီဥတု အကြီးအကျယ် ပြောင်းလဲမှုတွေ စဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းရက်တွေမှာ အအေးနည်းနည်း ပေါ့ခဲ့ပေမဲ့ အာတိတ် လေဝဲက တောင်ပိုင်းကို ဝင်လာနေပြီး မြောက်အမေရိကတိုက် တစ်တိုက်လုံးကို ရိုက်ခတ်စေမှာ ဖြစ်ပါတယ်။

    အေးခဲတဲ့ လေပြင်းဒဏ်ကြောင့် အန္တရာယ်ရှိလာနိုင်လောက်အောင် ရာသီဥတု အေးလာမှာ ဖြစ်ပြီး ဒီ အာတိတ် လေဝဲက ရက်ပေါင်းညပေါင်း များစွာ ကြာမြင့်မယ့်ပုံ ရှိနေသလို စံချိန်တင်ရလောက်အောင် ရာသီဥတု ဆိုးရွားနိုင်ပါတယ်။

    နိုင်ငံတောင်ပိုင်း တက္ကဆက်စ်နဲ့ တောင်ပိုင်း ကမ်းရိုးတန်း ပြည်နယ်တွေမှာလည်း ဒီကနေ့ကစပြီး အသွားအလာတွေ ရပ်ဆိုင်းသွားရလောက်တဲ့အထိ ဆီးနှင်းတွေကျပြီး အေးခဲတဲ့ မိုးရွာသွန်းမှုတွေ ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။ ဒီမိုးလေဝသ အခြေအနေဟာ လာမယ့်ရက်အနည်းငယ်အတွင်း အရှေ့ပိုင်းကို ရွေ့လျားသွားမှာ ဖြစ်ပါတယ်။

    ဝါရှင်တန် ဒီစီမြို့မှာတော့ ဒီကနေ့မှာ ရေခဲမှတ်အောက် အနုတ် ၄ ဒီဂရီဆဲလ်ဆီးယပ်စ် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ တစ်နာရီ မိုင် ၃၀ နှုန်းနဲ့ တိုက်ခတ်မယ့် အေးခဲတဲ့ လေပြင်းတွေကြောင့် တကယ်တမ်းမှာ ရေခဲမှတ်အောက် အနုတ် ၁၃ ဒီဂရီဆဲလ်ဆီးယပ်စ် လောက် ခံစားရမှာ ဖြစ်ပါတယ်။

    အမြင့်ဆုံးအပူချိန်အဖြစ် ရေခဲမှတ်အောက် အနုတ် ၈ အထိသာ အပူချိန်မြင့်တက်နိုင်ပြီး နေ့ခင်းဘက် အပူချိန်ကလည်း ရေခဲမှတ်အောက် အနုတ် ၁၄ သာ ရှိပါလိမ့်မယ်။ ဒါဟာ ၁၉၈၅ ခုနှစ်ကတည်းက လုပ်ခဲ့တဲ့ သမ္မတရာထူး လက်ခံပွဲတွေထဲမှာ အအေးဆုံး သမ္မတရာထူး လက်ခံပွဲအဖြစ် စံချိန်တင်မှာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်ပိုင်းမှာ နှင်းတွေ ကျခဲ့ပေမဲ့ လာမယ့်ရက်တွေမှာတော့ ရာသီဥတု ခြောက်သွေ့ပြီး နေသာမယ်လို့ ခန့်မှန်းရပါတယ်။

    အိမ်ဖြူတော် မနက်ခင်း

    ဓာတ်ပုံ ရင်းမြစ်, Bernd Debusmann Jr/BBC News

    ဓာတ်ပုံ ပုံစာ, အိမ်ဖြူတော် မနက်ခင်း
  11. သမ္မတရာထူး လက်ခံပွဲရဲ့ ပထမဆုံးအခမ်းအနားကို ထရမ့်ရောက်ရှိလာ

    ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့်နဲ့ သူ့မိသားစုဝင်တွေ၊ ရွေးကောက်ခံ ဒုတိယ သမ္မတ ဂျေဒီဗန့်စ်နဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တွေ အခုအခါ ဝါရှင်တန်ဒီစီမြို့က စိန့်ဂျွန်း ဘုရားကျောင်းကို ရောက်ရှိလာနေကြပါပြီ။

    ထရမ့်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ထရမ့်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ထရမ့်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ထရမ့်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဂျေဒီဗန့်စ်နဲ့ဇနီး

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ဂျေဒီဗန့်စ်နဲ့ဇနီး
    အီဗန်ကာ ထရမ့် မိသားစု

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, အီဗန်ကာ ထရမ့် မိသားစု
    အဲရစ်ထရမ့် မိသားစု

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, အဲရစ်ထရမ့် မိသားစု
  12. သမ္မတ လုပ်ပိုင်ခွင့်အမိန့်ဆိုတာ ဘာလဲ

    ဒီကနေ့မှာ ထရမ့်က သမ္မတ လုပ်ပိုင်ခွင့်အာဏာအရ အမိန့်ညွှန်ကြားချက်ပေါင်း ၂၀၀ ကျော် လက်မှတ်ရေးထိုးမယ်လို့ ယူဆရပါတယ်။ အဲဒီထဲမှာ ဥပဒေ စည်းနှောင်မှုရှိတဲ့ သမ္မတ လုပ်ပိုင်ခွင့် အမိန့်တွေနဲ့ ဥပဒေ စည်းနှောင်မှုမရှိတဲ့ အမိန့်ဒီကရီ ထုတ်ပြန်ချက်မျိုးတွေ ပါဝင်မှာ ဖြစ်ပါတယ်။

    သမ္မတ လုပ်ပိုင်ခွင့်အမိန့်ဆိုတာ ဖက်ဒရယ်အစိုးရထံ ထုတ်ပြန်တဲ့ သမ္မတရဲ့ အမိန့်စာ ဖြစ်ပြီး ကွန်ဂရက်လွှတ်တော်ရဲ့ အတည်ပြုချက် လိုမှာ မဟုတ်ပါဘူး။

    တနည်းအားဖြင့် ပြောရရင် ဒီသမ္မတ လုပ်ပိုင်ခွင့်အမိန့် ဆိုတာ လွှတ်တော်အမတ်တွေဆီက မဲခွဲအတည်ပြုချက် ယူစရာ မလိုဘဲ သမ္မတတွေအနေနဲ့ ပေါ်လစီမူဝါဒတွေ ပြောင်းလဲ အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

    ဒါပေမဲ့ သမ္မတ လုပ်ပိုင်ခွင့်အမိန့်တွေဟာ ဥပဒေဘောင်အတွင်းမှာပဲ လုပ်ရမှာ ဖြစ်ပြီး ဥပဒေကြောင်းအရ စစ်ဆေးသုံးသပ်နိုင်ခွင့် ရှိပါတယ်။

    ထရမ့်ဟာ သူ့ရဲ့ သမ္မတ ပထမသက်တမ်းအတွင်းမှာ သမ္မတ လုပ်ပိုင်ခွင့်အမိန့်ပေါင်း ၂၂၀ လက်မှတ်ရေးထိုးခဲ့ပြီး အဲဒီထဲက တချို့ကို တရားရုံးတွေမှာ ဥပဒေကြောင်းအရ စိန်ခေါ် တရားစွဲ ခံထားရပါတယ်။

    ဘိုင်ဒန်က သမ္မတ လုပ်ပိုင်ခွင့်အမိန့် ၁၆၀ လက်မှတ်ရေးထိုးခဲ့ပြီး သမ္မတရာထူး သက်တမ်း နှစ်ကြိမ်ဆက်တိုက် တာဝန်ယူခဲ့ကြတဲ့ အိုဘားမားနဲ့ ဘွတ်ရှ်တို့က သမ္မတ လုပ်ပိုင်ခွင့်အမိန့် ၂၇၇ ခုနဲ့ ၂၉၁ ခု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    သမ္မတရဲ့ အမိန့်ကြေညာချက်တစ်ခုကို လက်မှတ်ထိုးခဲ့တဲ့ ဒေါ်နယ်ထရမ့်

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, မစ္စတာထရမ့်ဟာ သူ့ ပထမသက်တမ်းအတွင်း သမ္မတရဲ့ အမိန့်ပေါင်း ၂၂၀ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။
  13. သမ္မတ ဖြစ်ဖြစ်ချင်း ပထမဆုံးနေ့မှာ ထရမ့် လုပ်ဆောင်ဖွယ်ရှိတဲ့ ဦးစားပေးအစီအစဉ်များ

    ထရမ့်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဒေါ်နယ်ထရမ့်ဟာ သမ္မတအဖြစ် သူတာဝန်ယူတဲ့ ပထမဆုံးနေ့မှာ သမ္မတ အမိန့်ညွှန်ကြားချက်တွေ တသီတတန်းကြီး လက်မှတ်ထိုး ထုတ်ပြန်မယ်လို့ ကတိပြု ထားပါတယ်။ သူ ကျမ်းသစ္စာ ကျိန်ဆိုပြီးပြီးချင်း နာရီပိုင်းအတွင်းမှာပဲ ရာဇဝင်တွင်စေမယ့် အမြန်နှုန်းနဲ့ စွမ်းအားတွေသုံးပြီး ရှေ့တိုး လုပ်ဆောင်သွားမယ်လို့ သူ့ကိုထောက်ခံသူတွေကို ပြောထားပါတယ်။

    ဒါတွေက သူအဓိက ဦးစားပေး လုပ်ဆောင်ဖို့ ရှိတဲ့ ဆောင်ရွက်ချက်တွေပါ။

    လူဝင်မှုကြီးကြပ်ရေး - ထရမ့်ကအမေရိကန်မှာ မွေးတဲ့သူတွေ အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ကို ရုပ်သိမ်းပစ်မယ်လို့ ကြုံးဝါးထားပါတယ်။ ဒါပေမဲ့ ဒီလုပ်ဆောင်ချက်အပေါ် အဟန့်အတားတွေ အကြီးအကျယ် ရင်ဆိုင်ရနိုင်ဖွယ် ရှိနေပါတယ်။ နိုင်ငံထဲ ခိုးဝင်လာသူတွေကို သူ သမ္မတ ဖြစ်ဖြစ်ချင်းနေ့မှာပဲ အမေရိကန်နိုင်ငံသမိုင်းမှာ အစုလိုက်အပြုံလိုက် အများဆုံးအဖြစ် နှင်ထုတ်ပစ်ဖို့ ထရမ့်က စီစဉ်ထားတယ်ဆိုတဲ့အကြောင်း သူ့ရဲ့ ပြန်ကြားရေးအရာရှိက အရင်က ပြောထားပါတယ်။

    ဇန်နဝါရီလ ၆ ရက် လွှတ်တော်စီးနင်းမှုပါဝင်သူတွေ လွတ်ငြိမ်းချမ်းသာခွင့် - ထရမ့်က သူ့ရဲ့ အစိုးရအဖွဲ့အနေနဲ့ သီးခြား လွတ်လပ်တဲ့ အမှုတွဲတွေကို စစ်ဆေးသုံးသပ်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် လွှတ်တော်အဆောက်အအုံကို ဝင်စီးနင်းဖျက်ဆီးခဲ့မှုမှာ ပါဝင်သူတချို့ကိုတော့ လွတ်ငြိမ်းချမ်းသာခွင့်ပြုမယ်လို့ ကတိပြုထားပါတယ်။

    ပဲရစ် ရာသီဥတုထိန်းသိမ်းရေး သဘောတူချက် - သူ့အရင် သမ္မတသက်တမ်းအတွင်းတုန်းက ထရမ့်ဟာ ရာသီဥတုထိန်းသိမ်းရေး သဘောတူချက်ထဲကနေ အမေရိကန်ကို နုတ်ထွက်သွားခဲ့ပါတယ်။ ဂျိုးဘိုင်ဒန် လက်ထက်မှာ အမေရိကန်က သဘောတူချက်ထဲ ပြန်ဝင်လာခဲ့ပေမဲ့ ထရမ့်က သူသမ္မတဖြစ်လာတဲ့အချိန်ကျရင် အဲဒီသဘောတူချက်ထဲကနေ ထွက်ဖို့ စဉ်းစားသုံးသပ် နေတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါဆိုရင်တော့ အမေရိကန်အနေနဲ့ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေးပစ်မှတ်တွေအတိုင်း လိုက် အကောင်အထည် ဖော်စရာ လိုမှာ မဟုတ်တော့ပါဘူး။

    ရုရှားနဲ့ ယူကရိန်း အရေး - မဲဆွယ်ခရီးစဉ်တလျှောက်လုံးမှာ ထရမ့်က ယူကရိန်းစစ်ပွဲကို တစ်ရက်တည်းနဲ့ သူ အဆုံးသတ်ပေးနိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။ သူ အိမ်ဖြူတော်ကို ပြန်လာတဲ့အချိန်ကျရင် ယူကရိန်းအနေနဲ့ အမေရိကန်ဆီက အထောက်အပံ့ နည်းနည်းလျော့ ရဖို့ မျှော်လင့်ထားသင့်တယ်လို့ ထရမ့်က အဲဒီကတည်းက ပြောထားခဲ့ပါတယ်။

  14. ဒေါ်နယ်ထရမ့်ရဲ့ သမ္မတရာထူးလက်ခံပွဲနေ့မှာ ဘယ်လိုအစီအစဥ်တွေရှိမလဲ

    မနက်အစောပိုင်းမှာ ထုံးတမ်းစဥ်လာအတိုင်း ဝါရှင်တန်ဒီစီက စိန့်ဂျွန်းဘုရားကျောင်းမှာ ထရမ့်နဲ့ မိသားစုတို့ရဲ့ ဝတ်ပြုဆုတောင်းပွဲ လုပ်ပါမယ်။

    ပြီးရင်တော့ အိမ်ဖြူတော်မှာ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်က နောက်တက်လာမယ့်သမ္မတ ထရမ့်ကို လက်ဖက်ရည်ပွဲနဲ့ တည်ခင်းဧည့်ခံပါမယ်။

    သမ္မတနဲ့ ဒုတိယသမ္မတတို့ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲနဲ့ ရာထူးတာဝန်တွေ တရားဝင် ရယူတဲ့ အခမ်းအနားတွေကို ကက်ပီတိုလ်လွှတ်တော် အဆောက်အအုံထဲမှာ ပြုလုပ်သွားမှာ ဖြစ်ပြီး အဆောက်အအုံရဲ့ အနောက်ဘက် မြက်ခင်းပြင်မှာတော့ တေးဂီတဖျော်ဖြေပွဲတွေ လုပ်မှာပါ။

    အဲဒီအခမ်းအနားတွေကို ဝါရှင်တန်စံတော်ချိန် မနက် ၉ နာရီခွဲ (၁၄၃၀ GMT) မှာ စတင်ပါမယ်။

    သမ္မတထရမ့်နဲ့ ဒုတိယသမ္မတ ဂျေဒီဗန့်စ်တို့ ကျမ်းသစ္စာကျိန်ဆိုပြီးရင် သမ္မတက Inaugural address လို့ ခေါ်တဲ့ သမ္မတအဖြစ် ပထမဆုံးမိန့်ခွန်းပြောမှာပါ။ အဲဒီမှာ သူ့အစိုးရ လေးနှစ်သက်တမ်းအတွင်း လုပ်သွားမယ့် အစီအစဥ်တွေ၊ ဦးစားပေးရည်မှန်းချက်တွေကို ထည့်ပြောပါမယ်။

    ပြီးရင်တော့ သမ္မတထရမ့်က ဆီးနိတ်လွှတ်တော်ခန်းမအနီးမှာရှိတဲ့ သမ္မတရုံးခန်းကို သွားပြီး အဲဒီမှာ သူ့ရဲ့ ပထမဆုံး အမိန့်တွေ၊ ညွှန်ကြားချက်တွေကို လက်မှတ်ရေးထိုးပါမယ်။

    အဲဒီနောက်မှာ သူက သမ္မတရာထူးလက်ခံပွဲ ကျင်းပရေး လွှတ်တော်နှစ်ရပ်ပေါင်းဖွဲ့ထားတဲ့ ကော်မတီက ဧည့်ခံတဲ့ နေ့လယ်စာစားပွဲကို တက်ပါမယ်။

    ပြီးရင်တော့ လွှတ်တော်အဆောက်အအုံကနေ ပင်ဆယ်ဗေးနီးယားလမ်းမကြီးအတိုင်း စီတန်းပြီး အိမ်ဖြူတော်ကို သွားကြမှာပါ။

    ညနေပိုင်းမှာတော့ ထုံးစံအတိုင်း သမ္မတအသစ်တွေတက်ရတဲ့ ကပွဲနဲ့ ဧည့်ခံပွဲအခမ်းအနားတွေ ဆက်တိုက်တိုက်ရောက်မှာ ဖြစ်ပါတယ်။

    ဒေါ်နယ်ထရမ့်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရာထူးစယူတဲ့နေ့မှာပဲ အပြောင်းအလ ကြီးကြီးမားမားတွေ လုပ်သွားမယ်လို့ မစ္စတာထရမ့်က ပြောထား
  15. ၄၇ ဆက်မြောက် အမေရိကန် သမ္မတအဖြစ် ထရမ့် ရာထူးလက်ခံ ရယူမယ်

    မင်္ဂလာပါ။ ၄၇ ဆက်မြောက် အမေရိကန် သမ္မတ အဖြစ် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆို ရာထူးလက်ခံရယူပွဲ အခမ်းအနားကို ဘီဘီစီ စာမျက်နှာကနေ တိုက်ရိုက်တင်ဆက်မှာ ဖြစ်ပါတယ်။

    သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲဆိုတာ သမ္မတတစ်ဆက် ရာထူးပြီးဆုံးပြီးနောက် သမ္မတသစ်က တရားဝင် ရာထူးလက်ခံရယူတဲ့ အခမ်းအနား ဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီမြို့တော်က ဒီကျမ်းသစ္စာကျိန်ဆို ရာထူးလက်ခံပွဲဟာ အစိုးရခေါင်းဆောင်တွေကြား အာဏာလွှဲပြောင်း ရယူမှုမှာ အရေးပါဆုံး လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။

    အေးခဲနေတဲ့ ရာသီဥတုကြောင့် သမ္မတနဲ့ ဒုသမ္မတတို့ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို လွှတ်တော်အဆောက်အအုံထဲမှာ ပြုလုပ်မှာဖြစ်ပါတယ်။