မနက်အစောပိုင်းမှာ
ထုံးတမ်းစဥ်လာအတိုင်း ဝါရှင်တန်ဒီစီက စိန့်ဂျွန်းဘုရားကျောင်းမှာ ထရမ့်နဲ့
မိသားစုတို့ရဲ့ ဝတ်ပြုဆုတောင်းပွဲ လုပ်ပါမယ်။
ပြီးရင်တော့
အိမ်ဖြူတော်မှာ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်က နောက်တက်လာမယ့်သမ္မတ ထရမ့်ကို
လက်ဖက်ရည်ပွဲနဲ့ တည်ခင်းဧည့်ခံပါမယ်။
သမ္မတနဲ့
ဒုတိယသမ္မတတို့ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲနဲ့ ရာထူးတာဝန်တွေ တရားဝင် ရယူတဲ့
အခမ်းအနားတွေကို ကက်ပီတိုလ်လွှတ်တော် အဆောက်အအုံထဲမှာ ပြုလုပ်သွားမှာ ဖြစ်ပြီး အဆောက်အအုံရဲ့
အနောက်ဘက် မြက်ခင်းပြင်မှာတော့ တေးဂီတဖျော်ဖြေပွဲတွေ လုပ်မှာပါ။
အဲဒီအခမ်းအနားတွေကို
ဝါရှင်တန်စံတော်ချိန် မနက် ၉ နာရီခွဲ (၁၄၃၀ GMT) မှာ စတင်ပါမယ်။
သမ္မတထရမ့်နဲ့
ဒုတိယသမ္မတ ဂျေဒီဗန့်စ်တို့ ကျမ်းသစ္စာကျိန်ဆိုပြီးရင် သမ္မတက Inaugural
address လို့ ခေါ်တဲ့ သမ္မတအဖြစ်
ပထမဆုံးမိန့်ခွန်းပြောမှာပါ။ အဲဒီမှာ သူ့အစိုးရ လေးနှစ်သက်တမ်းအတွင်း လုပ်သွားမယ့်
အစီအစဥ်တွေ၊ ဦးစားပေးရည်မှန်းချက်တွေကို ထည့်ပြောပါမယ်။
ပြီးရင်တော့
သမ္မတထရမ့်က ဆီးနိတ်လွှတ်တော်ခန်းမအနီးမှာရှိတဲ့ သမ္မတရုံးခန်းကို သွားပြီး အဲဒီမှာ
သူ့ရဲ့ ပထမဆုံး အမိန့်တွေ၊ ညွှန်ကြားချက်တွေကို လက်မှတ်ရေးထိုးပါမယ်။
အဲဒီနောက်မှာ သူက
သမ္မတရာထူးလက်ခံပွဲ ကျင်းပရေး လွှတ်တော်နှစ်ရပ်ပေါင်းဖွဲ့ထားတဲ့ ကော်မတီက
ဧည့်ခံတဲ့ နေ့လယ်စာစားပွဲကို တက်ပါမယ်။
ပြီးရင်တော့
လွှတ်တော်အဆောက်အအုံကနေ ပင်ဆယ်ဗေးနီးယားလမ်းမကြီးအတိုင်း စီတန်းပြီး
အိမ်ဖြူတော်ကို သွားကြမှာပါ။
ညနေပိုင်းမှာတော့
ထုံးစံအတိုင်း သမ္မတအသစ်တွေတက်ရတဲ့ ကပွဲနဲ့ ဧည့်ခံပွဲအခမ်းအနားတွေ
ဆက်တိုက်တိုက်ရောက်မှာ ဖြစ်ပါတယ်။