ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အစိုးရဖွဲ့ဖို့ အများစု နိုင်ခြေရှိနေတဲ့ NLD

၂၀၂၀ မြန်မာရွေးကောက်ပွဲ သတင်းများ တင်ဆက်မှု

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. သတင်းထူး, နေပြည်တော် ပုဗ္ဗသီရိမှာ NLD နိုင်

    နေပြည်တော် ပုဗ္ဗသီရိ မြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် NLD ပါတီက အနိုင်ရရှိတယ်လို့ ရွေးကောက်ပွဲ မဲရေတွက်မှုကို စောင့်ကြည့်နေတဲ့ NLD ပါတီ ကိုယ်စားလှယ်လောင်းက ပြောပါတယ်။

    NLD ကိုယ်စားလှယ်လောင်း ဦးရည်မွန်က ၁၀၅၀၃ မဲအသာနဲ့ အနိုင်ရရှိတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားပါတယ်။

    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ မဲရလဒ်တွေကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

  2. သတင်းထူး, ဘော်လခဲမှာ ဝန်ကြီးဟောင်း ဦးစိုးသိန်း အနိုင်ရ

    ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းဦးစိုးသိန်းဟာ ဘော်လခဲမြို့နယ် ပြည့်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ပြိုက်ဘက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းကို မဲ ရာဂဏန်း အကွာနဲ့ အနိုင်ရရှိသွားတယ်လို့ NLD ကိုယ်စားလှယ်လောင်း ဦးစိုင်းလင်းလင်းဦး ကဘီဘီစီ ကို နိုဝင်ဘာ ၉ရက် မနက် ၂ နာရီခန့်မှာ အတည်ပြုပါတယ်။

    ဘော်လခဲမြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂ နေရာ ပြည်နယ်လွှတ်တော် ၂ နေရာအပါအဝင် ပြည်သူ့ လွှတ်တော်နေရာတွေ အားလုံး မှာ NLD ရှုံးနိမ့်ခဲ့တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

    ဘော်လခဲမြို့နယ်က ယှဥ်ပြိုင်ခဲ့တဲ့နေရာ အားလုံး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရသွားခဲ့တယ်လို့လည်း သိရပါတယ် ။ ကယားပြည်နယ် ဘော်လခဲ က ၂၀၁၅ ခုနှစ်မှာ ဦးစိုးသိန်းက တစ်သီးပုဂ္ဂလ အဖြစ် အမျိုးသားလွှတ်တော် နေရာကနေ ဝင်ပြိုင်ခဲ့ပြီးအနိုင်ရရှိခဲ့ဖူးပါတယ်။

    ‌ကယားပြည်နယ် ဘော်လခဲ မှာ မဲပေးသူ အရေအတွက် ၈၀၀၀ ခန့်ရှိပြီး တပ်တွင်းမဲရုံတွေက မဲပေးသူ ၁၀၀၀ကျော်ခန့်ရှိတယ်လို့လည်းရွေးကောက်ပွဲယှဥ်ပြိုင်ခဲ့တဲ့ NLD ကိုယ်စားလှယ်လောင်းကပြောပါတယ်။

  3. ကရင်ပြည်နယ်က မဲရေတွက်မှု အခြေအနေ

    ကရင်ပြည်နယ် ဘားအံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ အတွက် မဲရရှိမှု စာရင်းတွေကို NLD ပါတီဘက်က ထုတ်ပြန်ရာမှာ ကိုယ်စားလှယ် ဦးသန်းနိုင်က မဲအသာ ရရှိနေပါတယ်။

    ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) မှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဲအသာရနေပါတယ်။

    လက်ရှိ အချိန်အထိ မဲတွေကို ဆက်လက်ရေတွက်နေပြီး နောက်ဆုံးရလဒ်တွေကို မကြာခင်မှာ ထုတ်ပြန်ပေးနိုင်မယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ဘက်က ပြောပါတယ်။

  4. သတင်းထူး, ဇေယျာသီရိမှာ ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌနိုင်

    နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ USDP ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိသွားတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေက ပြောပါတယ်။

    ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် ဦးသန်းဌေးက မဲ သုံးသောင်းငါးထောင်ကျော် ရရှိခဲ့ပြီး၊ NLD ပါတီကိုယ်စားလှယ်က ဆန္ဒမဲ နှစ်သောင်းကိုးထောင်ကျော်ပဲ ရရှိခဲ့ပါတယ်။ အဲဒီမဲဆန္ဒနယ်မှာ ဒေါက်တာ မိုးဆွေက NLD ပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဥ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ အချိန်အထိ မဲရလဒ်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။

  5. ရှမ်းပြည်နယ် ကလောမှာ NLD မဲအသာရနေ

    ရှမ်းပြည်နယ် ကလောမြို့နယ်က ပြည်သူ့လွှတ်တော်နေရာမှာ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မီဝင် ဒေါက်တာနန္ဒာ လှမြင့်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင် ယှဥ်ပြိုင်နေကြပြီး ဒေါ်ပြုံးကေသီနိုင်က မဲအသာရနေတယ်လို့ သိရပါတယ်။

    ရွာ၁၀ ရွာ က မဲရုံတွေ မဲရေတွက် မှု အပြီးမှာ ဒေါ်ပြုံးကေသီနိုင်က အသာရနေသလို မြို့ပေါ်ရပ်ကွက်တွေမှာ လည်း မဲ အပြတ်နဲ့ ဦးဆောင်နေတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေ ကပြောပါတယ်။

    ကလောမြို့မှာရှိတဲ့ စစ်ဦးစီးတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ ဆန္ဒမဲပေးခဲ့တဲ့ အ.ထ.က (၂) မဲရုံမှာ NLD ပါတီက မဲ တချို့ ရရှိခဲ့ တယ်လို့ သိရပါတယ်။ အဲဒီမဲရုံမှာ မဲပေးခွင့်ရှိသူ ၄၀၀ အနက် ကြိုတင်မဲပေးသူ ၅၀ ဦးနဲ့ ရွေးကောက်ပွဲနေ့မှာ လာရောက်မဲပေးသူ ၃၄၁ ဦး၊ စုစုပေါင်း မဲပေးသူ ၃၉၁ ဦးရှိတဲ့အနက် NLD ပါတီက အမျိုးသားလွှတ်တော် ၈ မဲနဲ့ ပြည်သူ့လွှတ်တော် နေရာအတွက် ၇ မဲ ရရှိခဲ့ပြီး ကျန် ၃၈၄ မဲကို USDP ပါတီက ရရှိခဲ့ကြောင်း သိရပါတယ်။

  6. သတင်းထူး, ကယား ရှားတောမှာ ဒေသခံလူငယ် အနိုင်ရ

    ကယားပြည်နယ်၊ ရှားတော မြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် ဒေသခံ KySDP ပါတီက မော်မိုးမြာက အနိုင်ရရှိသွားတယ်လို့ သိရပါတယ်။

    အဲဒီမှာ NLD နဲ့ USDP ပါတီက ကိုယ်စားလှယ်လောင်းတွေကို ဖြတ်ကျော်ပြီး ၁၆၈၉မဲ ရရှိကာ အနိုင်ရသွားတာ ဖြစ်ပါတယ်။

    အမျိုးသား လွှတ်တော်နဲ့ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) နေရာတွေအတွက်လည်း ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP က အသာရနေတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်နေသူတွေက ပြောကြပါတယ်။

    မဲရလဒ်တွေကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်က တရားဝင်ထုတ်ပြန်ထားခြင်းတော့မရှိသေးပါဘူး။

  7. အနိုင်ရသူတွေကို ပြည်သူ့ပါတီက ဂုဏ်ပြုစာထုတ်ပြန်

    ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ပြီး အနိုင်ရတဲ့လူတွေကို ပြည်သူ့ပါတီက ဂုဏ်ပြုစကားထုတ်ပြန်ပြီးကြိုဆိုလိုက်ပါတယ်။

    လက်ရှိအချိန်မှာတော့ မဲတွေကို ဆက်လက်ရေတွက်ဆဲဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ် တချို့မှာ NLD ပါတီက ဦးဆောင်နေတယ်ဆိုပေမယ့် USDP ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကလည်း ဒေသ တချို့မှာ အနိုင်ရရှိတယ်လို့ သိရပါတယ်။

    တရားဝင် မဲရလဒ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။ ပြည်သူ့ပါတီကို ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးက ဦးဆောင်ခဲ့ပြီး ယခုနှစ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၄၄ယောက်ဝင်ပြိုင်ခဲ့ပေမယ့် လတ်တလောအချိန်အထိ ရွေးကောက်ခံရမှု မရှိသေးပါဘူး။

  8. ရွေးကောက်ပွဲ ညမြင်ကွင်းများ

    ရန်ကုန်တိုင်းမှာ ရှိတဲ့ NLD ပါတီရုံးရှေ့မှာ ထောက်ခံအားပေးသူတွေ စုဝေးရောက်ရှိခဲ့ကြပြီး မဲရလဒ်တွေကို စောင့်မျှော်ခဲ့ကြပါတယ်။

    ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပါတီရုံးရှေ့မှာ မဲရလဒ်တွေကို LED ဆိုင်းဘုတ်နဲ့ ထုတ်ပြန်ကြေညာပေမယ့် ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကြောင့် ရလဒ်တွေကို ထုတ်ပြန်ကြေညာတာမျိုး မရှိပါဘူး။ လူစုလူဝေးများလာတဲ့အတွက် အိမ်ကိုပြန်ကြဖို့ ပါတီဘက်က နှိုးဆော်စာထုတ်ပြန်ခဲ့ရပါတယ်။

  9. ချင်းပြည်နယ်မှာ NLD ဦးဆောင်နေတယ်လို့ ပါတီထုတ်ပြန်

    မင်းတပ် မြို့နယ်က မဲရုံပေါင်း ၁၁၆ ရုံ အနက် ၈၀ ကို ရေတွက်အပြီးမှာ ပြည်သူ့လွှတ်တော် အတွက် မဲ၅၀၀၀ကျော်နဲ့ ဦးဆောင်နေတယ်လို့ NLD ပါတီက သတင်းထုတ်ပြန်ပါတယ်။

    တွန်းဇံ မြို့နယ်က မဲရုံ ၈၃ရုံ ရှိတဲ့ အထဲက ၆၀ ကို ရေတွက်အပြီးမှာလည်း ပြည်သူ့လွှတ်တော် အတွက် မဲ ၂၀၀၀ကျော်၊ အမျိုးသား လွှတ်တော် အတွက် မဲ ၂၇၀၀ ကျော်နဲ့ အသာရနေပါတယ်။

    တီးတိန်က မဲရုံ ၁၄၀ ထဲက ၇၄ရုံကို ရေတွက်ပြီးနောက်မှာ ပြည်သူ့ လွှတ်တော်အတွက် မဲ၆၀၀၀ ကျော်၊ အမျိုးသား လွှတ်တော် အတွက် မဲ၂၀၀၀ ကျော်နဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။

    အခုရလဒ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုထုတ်ပြန်ထားခြင်းတော့ မရှိသေးပါဘူး။

  10. သတင်းထူး, ဘော်လခဲ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်မှာ ပြည်ခိုင်ဖြိုးနိုင်

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တစ်ခါမှ အနိုင်ရဖူးခြင်းမရှိတဲ့ ကယားပြည်နယ်ထဲက ဘောလခဲမြို့နယ်က ပြည်နယ်လွှတ်တော် အမှတ် ၂ နဲ့ အမျိုးသားလွှတ်တော် အမှတ် ၄ နေရာတို့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းတွေ အနိုင်ရသွားတယ်လို့ ဘော်လခဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြည်သူ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းလင်းလင်းဦးက ပြောပါတယ်။

    ပြည်သူ့လွှတ်တော်နေရာအတွက်တော့ ဝါရင့်နိုင်ငံရေးသမားကြီး ဦးစိုးသိန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ က ကိုယ်စားလှယ်တို့ အကြိတ်အနယ် ယှဥ်ပြိုင်နေပြီး မဲရုံတစ်ရုံပဲရေတွက်ဖို့ကျန်တဲ့နေရာမှာ ဦးစိုးသိန်းကမဲ ၆၀၀ ကျော်နဲ့ ဦးဆောင်နေတယ် လို့ သူကပြောပါတယ်။

    နောက်ဆုံး ရေတွက်ရမယ့် မဲရုံက မဲပေးသူတစ်ထောင်ကျော် ရှိပြီး မဲ ၇၀၀ ခန့်ရမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရမှာလည်း ဖြစ်ပါတယ်။

  11. တနင်္သာရီတိုင်းမှာ ထားဝယ်ပါတီ အခြေမလှ

    ထားဝယ်တိုင်းရင်သားများ ပါတီဝင်ရောက်ယှဉ်ပြိုင်တဲ့ မြို့နယ် ငါးမြို့နယ်စလုံးမှာ အနိုင်ရနိုင်တဲ့ အနေအထားမရှိဘူးလို့ သရက်ချောင်းမြို့နယ် တိုင်းဒေသကြီ လွှတ်တော်အတွက် ယှဉ်ပြိုင်တဲ့ ထားဝယ် တိုင်းရင်းသားများ ပါတီ ကိုယ်စားလှယ်လောင်း ဦးကျော်မင်းထိုက်က ပြောပါတယ်။

    တနင်္သာရီတိုင်းတခုလုံးမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်နေပြီး ဒုတိယ အနေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ရှိနေတယ်လို့ လောလောဆယ် ရေတွက်ပြီးသမျှ မဲရလဒ်တွေအရ သိရတယ်လို့ သူက ပြောပါတယ်။

    တပ်နဲ့ နီးစပ်တဲ့ ရေဖြူမြို့နယ်အတွင်းက တချို့ ကျေးရွာနေရာတွေမှာ USDP ပါတီ နိုင်တာ တွေ့ရပေမဲ့ တိုင်းတခုလုံးမှာ ဆိုရင်တော့ NLD ပါတီပဲ အသာရနေတယ်လို့ ဆိုပါတယ်။

    ထားဝယ် တိုင်းရင်းသားများပါတီကတော့ တတိယ နေရာကနေ တက်နိုင်မှာ မဟုတ်ဘူးလို့ ယူဆကြောင်းလည်း ဦးကျော်မင်းထိုက်က ပြောပါတယ်။

    ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူနဲ့ ကော့သောင်း စတဲ့ ငါး မြို့နယ်မှာသာ ထားဝယ်တိုင်းရင်းသားများပါတီက ဝင်ရောက် ယှဉ်ပြိုင်တာဖြစ်ပါတယ်။

  12. ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲက ဘာတွေထူးခြားခဲ့သလဲ

    နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွက် ပါတီကြီးတချို့ကို အရင်နှစ်တွေထက် ပိုမိုတဲ့ အားပေးဝန်းရံမှုတွေကို တွေ့မြင်ခဲ့ကြရပါတယ်။ ဒီလိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဒီ နှစ် ၂၀၂၀ ရွေးကောက်ပွဲရဲ့ အရင်ရွေးကောက်ပွဲတွေနဲ့ မတူတဲ့ ထူးခြားချက်တွေက ဘာတွေပါလဲ။ သမိုင်းမှာ မကြုံဘူးသေးတဲ့ ကပ်ရောဂါကြီးကြားက ရွေးကောက်ပွဲ အကြောင်းကို ဒီမှာ ဖတ်ကြည့်နိုင်ပါပြီ။

  13. မကွေးတိုင်းက စိတ်အပူရဆုံးနေရာ တွေမှာ NLD နိုင်တယ်လို့ ဝန်ကြီးချုပ်ပြော

    မကွေးတိုင်းဒေသ ကြီးအတွင်းမှာ အရင်တုန်းက မြို့ပေါ်က မဲတွေ ရှုံးပြီး ကျေးရွာက မဲတွေနဲ့ သာအနိုင်ရခဲ့တဲ့ မြို့နယ် နှစ်မြို့နယ်မှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရတဲ့အပြင် တိုင်းတခုလုံးမှာလည်း အသာရနေတယ်လို့ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။

    နိုင်ပါ့မလားလို့ စိုးရိမ်ခဲ့ရတဲ့ နှစ်မြို့နယ်က သရက်ခရိင် ကံမ မြို့နယ်နဲ့ ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တို့ ဖြစ်တယ်လို့ လည်း သက်ဆိုင်ရာ NLD ကိုယ်စားလှယ်လောင်းနဲ့ လက်ရှိ အစိုးရ အဖွဲ့ ဝန်ကြီးတို့က ပြောလို့ သိရတယ်လို့ သူက ပြောပါတယ်။

    အရင်ရွေးကောက်ပွဲတွေတုန်းက ဒေါက်တာအောင်မိုးညိုကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကို ရှုံးခဲ့တဲ့ ကျေးရွာတွေလည်း အခု အနိုင်ရတယ်လို့ ဆိုပါတယ်။

    အဲဒီရွာတွေက မုန်တောကြီး၊ ရေပုတ်ကြီး၊ အနောက်လေးအိမ်၊ အုတ်ဖို၊ ကံလှ၊ ကျောင်းစု စတဲ့ရွာတွေ ဖြစ်ပြီး အခုရွေးကောက်ပွဲမှာ အနိုင်ရနေတယ်လို့ သင်ဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။

    ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှာ မဲတွေ အားလုံးရေတွက်ပြီးသွားပြီဖြစ်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော် အားလုံးမှာ NLD ပါတီက အနိုင်ရသွားပြီဖြစ်ပါတယ်။

    ရွှေဘိုရွာမှာတော့ ပြီးခဲ့တဲ့ မိနစ်ပိုင်းကပဲ မဲတွေ ရေတွက် ပြီးစီးခဲ့ပါတယ်။ တခြားဒေသက မဲတွေကို ဆက်လက်ရေတွက်နေတုန်း ဖြစ်ပါတယ်။ မဲရေတွက်တာကို မိုးချုပ်တဲ့ အထိ မဲဆန္ဒရှင်တွေ ထိုင်စောင့်နေခဲ့ကြပါတယ်။

  14. ကယားပြည်နယ် ဘော်လခဲမှာ အကြိတ်အနယ် ဖြစ်နေ

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တစ်ခါမှ အနိုင်ရဘူးခြင်းမရှိတဲ့ ကယားပြည်နယ်ထဲ က ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော်မှာ တပ်မဲရုံ နဲ့ ရပ်ကွက် မဲရုံ နှစ်ရုံမဲရေတွက်မှုပြီးတဲ့နောက်မှာ ကြံ့ခိုင်ရေးပါတီက ဝါရင့်နိုင်ငံရေးသမားကြီး ဦးစိုးသိန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကကိုယ်စားလှယ်တို့ အကြိတ်အနယ် ယှဥ်ပြိုင်နေတယ်လို့သိရပါတယ်။

    ဘော်လခဲက တပ်မဲရုံ ၂ ရုံ နဲ့ ရပ်ကွက် မဲရုံ ၂ရုံရေတွက် အပြီးမှာ ဦးစိုးသိန်း ကဦးဆောင်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ က ကိုယ်စားလှယ်လောင်း စိုင်းလင်းလင်းဦးကပြောပါတယ်။

    တပ်မဲရုံ အချို့မှာ သူကို့မဲပေးတဲ့သူတွေ ရှိခဲ့ပြီးရပ်ကွက် မဲရုံ၁ ရုံမှာ သူအနိုင် ရထားကာ ကျန်ရပ်ကွက် မဲရုံ၁ ရုံမှာ ကယားပြည်နယ် ဒီမိုကရေတစ် ပါတီက အနိုင်ရနေတယ်လို့သူကပြောပါတယ်။ မဲပေးသူ ၈၀၀၀ ကျော်ရှိတဲ့ ဘော်လခဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထောက်ခံသူများတဲ့ ရပ်ကွက်တွေက မဲရုံတွေက မရေတွက် ရသေးကြောင်း ယနေ့ည ၁၁ နာရီလောက်မှ မဲ ရလဒ်တွေ သိရနိုင်တယ်လို့ သူကပြောပါတယ်။

  15. ကချင်ပြည်နယ်မှာ လက်ရှိ အာဏာရ NLD ပါတီဦးဆောင်

    ကချင်ပြည်နယ်မှာ ကြိုတင်မဲတွေကို ဆက်လက် ရေတွက်နေပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် နဲ့ ပြည်နယ် လွှတ်တော်တွေမှာ NLD ပါတီက မဲ အသာရနေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

    မဲဆန္ဒနယ် အတော်များများမှာ ဒေသခံပါတီ KSPP ကလည်း ထောက်ခံမဲ အများစု ရရှိခဲ့ပါတယ်။ အင်ဂျန်းယန် မဲဆန္ဒနယ် အမှတ် (၁) မှာတော့ ကချင်ပြည်သူ့ပါတီ KSPP က ဒေါက်တာ မနာမ်တူးဂျာက အနိုင်ရရှိတယ်လို့ ကိုယ်စားလှယ်လောင်း ကိုယ်တိုင် ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။

    အင်ဂျန်းယန် မဲဆန္ဒနယ် အမှတ် ၂ မှာတော့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် မရန်ဂျာ ဆိုင်းခွန်က အနိုင်ရရှိတယ်လို့ သိရပါတယ်။

  16. မန္တလေးတိုင်းမှာလည်း NLD ဦးဆောင်နေ

    ည ၈ နာရီခွဲအထိ မဲရေတွက်နေမှုတွေ အရ မန္တလေးတိုင်းမှာလည်း NLD ပါတီက ဦးဆောင်နေတယ်လို့ ဘီဘီစီ သတင်းထောက်က သတင်းပေးပို့ထားပါတယ်။

    တောင်သာ၊ ချမ်းအေးသာဇံ စတဲ့ မဲဆန္ဒနယ်တွေမှာ NLD ပါတီက ကိုယ်စားလှယ်လောင်းတွေဟာ ထောက်ခံမဲ အများအပြားရနေတာ ဖြစ်ပါတယ်။

    မိတ္ထီလာ မြို့နယ်မှာလည်း NLD ကိုယ်စားလှယ်လောင်းတွေက အသာရနေတဲ့ အကြောင်း လူမှုကွန်ရက်မှာ ရေးသားကြပါတယ်။

    လက်ရှိအချိန်မှာတော့ မဲတွေကို ဆက်လက် ရေတွက်နေဆဲ ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။

  17. ရန်ကုန်တိုင်းမှာ NLD ပါတီ အသာရ

    ရန်ကန်ုတိုင်းထဲက မဲဆန္ဒနယ် အတော်များများမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက အသာရနေလို့ လက်ရှိရေတွက်နေတဲ့ မဲရလဒ်တွေကို အခြေခံပြီး NLD ဘက်က ပြောပါတယ်။

    ကိုကိုးကျွန်း မဲဆန္ဒနယ်က လွဲရင်တခြားနေရာတွေမှာ ထောက်ခံမဲ အများအပြားရရှိထားတယ်လို့ ဆိုပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဥ်ပြိုင်နေတဲ့ ကော့မှူး မဲဆန္ဒနယ်၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ဝင်ရောက်ယှဥ်ပြိုင်တဲ့ တာမွေမဲဆန္ဒနယ်မှာလည်း မဲအသာရနေပါတယ်။

    ဆိပ်ကြီး ခနောင်တို မြို့နယ်မှာ NLD ပါတီက အနိုင်ရတယ်လို့ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်ထွန်းနိုင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

  18. အခုချိန်ထိ မဲရေတွက်မှုတချို့ သိရသမျှ

    မဲရုံတွေ ပိတ်သိမ်းပြီး မဲရေတွက်မှုတွေ မပြီးသေးပေမဲ့ တချို့နေရာတွေမှာ နိုင်ခြေရှိနိုင်တဲ့ ပါတီတွေကို ခန့်မှန်း ပြောဆိုမှုတွေ ပေါ်ထွက်လာပါတယ်။

    မန္တလေးတိုင်း နွားထိုးကြီး မြို့နယ်မှာ ရှိတဲ့ မဲရုံစုစုပေါင်းရဲ့ မဲရုံ တစ်ဝက်လောက်မှာ ရေတွက်ပြီးတဲ့ မဲရလဒ်အရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် NLD ပါတီက မဲအများဆုံးရနေလို့ နိုင်ချေရှိတယ်လို့ သိရပါတယ်။

    ပဲခူးတိုင်း အုတ်တွင်း မြို့နယ်မှာ မဲရုံ ၁၀၀ ကျော် ရှိတဲ့ အထဲက ၁၀၀ လောက် မှာ NLD ပါတီက နိုင်နေတယ်လို့ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။

    ကိုကိုးကျွန်း မြို့နယ်မှာ ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က ရဖို့ သေချာသလောက် ရှိနေပြီး တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ နဲ့ ၂ အတွက်က USDP နဲ့ NLD တစ်နေရာစီ ရနိုင်ချရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဆီက သိရပါတယ်။

    ချင်းပြည်နယ် မင်းတပ်မြို့နယ် အမျိုးသားလွှတ်တော် အတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ CNLD ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ဒေါ်ဟုန်းရောင်ကတော့ သူ့အနေနဲ့ သိပ်မျှော်လင့်ချက် မရှိတော့ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

    လက်ရှိ ရေတွက်ပြီးသမျှ မဲတွေမှာ ပါတီကြီးတွေကိုသာ ထောက်ခံမဲထည့်တာတွေ့ရပြီး သူ နိုင်မယ်လို့ အပိုင်တွက်ထားတဲ့ ကျေးရွာတွေမှာ အနည်းအပါးသာ သူ့ကို မဲထည့်ကြတာတွေ့ရတယ်လို့ ဒေါ်ဟုန်းရောင်က ဆိုပါတယ်။

  19. ရွေးကောက်ပွဲနေ့ ကိုဗစ် အတည်ပြုလူနာ တစ်ထောင်ကျော်ရှိ

    ကျန်မားရေးနဲ့အားကစားဝန်ကြီးဌာန ရဲ့ ည ၈နာရီ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာသစ် ၁၀၂၉ဦးရှိပါတယ်။

    ဒါကြောင့် မြန်မာနိုင်ငံမှာ ကိုဗစ် အတည်ပြုလူနာ စုစုပေါင်းက ၆၁၃၇၇ဦးအထိ ရှိနေပြီး၊ ၂၄ နာရီအတွင်းမှာ သေဆုံးသူ လူနာ၂၄ဦးရှိပါတယ်။ ကိုဗစ်ကြောင့် စုစုပေါင်း သေဆုံးသူ လူနာက ၁၄၂၀ ဦးရှိပြီ ဖြစ်ပါတယ်။

  20. ဒု သမ္မတ ဦးဟင်နရီဗန်ထီးယူ ထန်တလန်မှာ အနိုင်ရပြီး ဦးဆောင် နေ, ချင်းပြည်နယ်ထန်တလန်မြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁၀ မှာ ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ ဒု သမ္မတ ဦးဟင်နရီဗန်ထီးယူဟာ ထန်တလန်က မဲရေတွက်ဖို့ မဲရုံ ၄ ရုံပဲကျန်တဲ့ အချိန်မှာ မဲ အသာရနေပြီး အနိုင်ရပြီလို့ ပြောနိုင် ကြောင်း ချင်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောင်နိုင်ရေး ဥက္ကဋ္ဌ ဆလိုင်း အိုက်ဇက်ခင် က ဘီဘီစီကို ပြောပါတယ်